မြရာ/ဧရာ၀တီတိုင်းမ်
ဇန်နဝါရီ ၁၈ ရက်

ရှမ်းမြောက်၊ မိုးမိတ်မြို့နယ်တွင် ယနေ့မနက်မှစ၍ တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားနေပြီး လက်နက် ကြီးများဖြင့် ပစ်ခတ်လျက်ရှိကာ မြို့မရဲစခန်းမှ အလံဖြူထောင် အညံ့ခံခဲ့ကြောင်း သိရသည်။

ယနေ့ ဇန်နဝါရီ ၁၈ ရက် နံနက် ၅ နာရီခန့်မှစ၍ စစ်ကောင်စီနှင့် KIA ၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပြီး လက်နက်ကြီးများဖြင့် ပစ် ခတ်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက မိုးမိတ်မြို့ရှိ ရွှေဇာလီ၊ အာသံအစရှိသည့် ကျေးရွာ များသို့ လက်နက်ကြီး၊ လက်နက်ငယ်များနှင့် တိုက်ခိုက်မှုအပြင် လေကြောင်းတိုက်ခိုက်မှုများပါ အသုံးပြုတိုက် ခိုက်နေသည့်အတွက် မြို့အတွင်းပိတ်မိနေသူများလည်းရှိသည်ဟု ဆိုသည်။

“မနက်ကတည်းက တိုက်ပွဲပြင်းထန်နေတာ။ KIA ၊ PDF တွေနဲ့ဖြစ်နေတာ။ မြို့ပတ်ပတ်လည်ကို ဝိုင်းပြီးချနေ တာ။ မနက်ကတည်းက လက်နက်ကြီးတွေနဲ့ထုနေတာ စစ်တပ်က။ ရဲစခန်းကျသွားပြီးလို့ သိရတယ်”ဟု မိုးမိတ်မြို့အနီး နေထိုင်သူ ဒေသခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

အဆိုပါ မိုးမိတ်မြို့ပတ်ပတ်လည်ရှိ စစ်ကောင်စီ၏ တပ်စခန်းအများစုကို KIA၊ TNLA၊ PDF တပ်ဖွဲ့များမှ ယခင်ရက်ပိုင်းကတည်းက သိမ်းပိုက်ထားနိုင်ခဲ့ပြီး ယခုကျန်ရှိနေသည့် ခမရ ၃၄၈၊ ခလရ ၂၇၆၊ ခလရ ၂၂၃ တပ်စခန်းနှင့် မိုးမိတ်မြို့မရဲစခန်းတို့ကို KIA ၊ PDF တို့က ၀င်ရောက်တိုက်ခိုက်‌လျက်ရှိကြောင်း သိရ သည်။

မြို့အတွင်းရှိ ဒေသခံပြည်သူများသည် မြို့သိမ်း တိုက်ပွဲဖြစ်မည်ဆိုသည့် သတင်းများကြောင့် အများစုမှာ ရှောင်တိမ်းနေကြသော်လည်း ကျန်ရှိနေသည့်ပြည်သူအချို့ မြို့တွင်းပိတ်မိနေသူများရှိကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။

ယင်းတိုက်ပွဲနှင့် ရဲစခန်းသိမ်းဆည်းရရှိမှုတို့ကို KIA နှင့် PDF အဖွဲ့တို့မှ တရား၀င်ထုတ်ပြန် ခြင်းမရှိသေးပေ။

ပုံစာ-မိုးမိတ်မြို့အတွင်း တိုက်ပွဲဖြစ်ပွားနေပြီး လက်နက်ကြီးကြောင့် မီးလောင်နေပုံ

#ရှမ်းမြောက် #မိုးမိတ် #KIA #PDF #စစ်ကောင်စီ #တိုက်ပွဲပြင်းထန် #Ayeyarwaddy_Times