ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၈ ရက်

ဧရာဝတီတိုင်း၊ ဇလွန်မြို့နယ်အတွင်းရှိ အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး များကို ပြီးခဲ့သည့် ဇန်နဝါရီလ ဒုတိယအပတ်ကစပြီး နှစ်ပတ်ကြာ စစ်သင်တန်းတက်ရောက်ခိုင်း၍ ရပ်ကျေးအုပ်ချုပ်ရေးပိုင်းမှ ၆၀ကျော် နှုတ်ထွက်ခွင့်တင်ထားကြောင်း သတင်းရရှိသည်။

ဇလွန်မြို့တွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး ၃၀ ဦးထက်မနည်းကို ဇန်နဝါရီလ ၁၀ရက်နေ့မှစ၍ အခြေခံစစ်သင်တန်း နှစ်ပတ်ကြာ တက်ရောက်ခိုင်းမှုကြောင့် တာဝန်မှနှုတ်ထွက်ရန် မြို့နယ်စစ်ကောင်စီထံ နှုတ်ထွက်စာတင်ထားကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးအသိုင်းအဝန်းထံကသိရသည်။

“မြို့တွင်းကအုပ်ချုပ်ရေးမှူးတွေရာအိမ်မှူးတွေကိုစစ်သင်တန်းအတင်းထပ်တက်ခိုင်းတယ်။ အရင်နှစ်တုန်းကလည်း အဲ့လိုတက်ခိုင်းလို့တက်ပြီးပြီ။ အခုကအကြောင်းမရှိ အကြောင်းရှာတက်ခိုင်းတာဆိုတော့ ညှိပြီးနှုတ်ထွက်စာတင်ထားလိုက်တယ်။ လောလောဆယ်ရပ်ကွက် အချို့ကတော့နှုတ်ထွက်စာတင်ပြီးပြီ။ ကျန်တဲ့ရပ်ကွက်တွေတော့ ဘယ်လိုလုပ်မလဲမပြောတတ်သေးဘူး” ဟု ဇလွန်မြို့နယ်မှ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

အလားတူ သဲကုန်း၊ ဒေါင့်ကြီး၊မွေးလုံးသဲဖြူ၊ ဒိုက်အင်းအပါအဝင် ကျေးရွာ ၂၀မှ အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး ၄၀ ဦး ကို တစ်လလျှင် ငွေကျပ် သုံးသိန်း၊လက်နက်ငယ်အချို့ထောက်ပံ့ပေးမည်ဟုဆိုကာ မြို့နယ်စစ်ကောင်စီမှ နှစ်ပတ်ကြာ အခြေခံစစ်သင်တန်းအတင်းအကျပ်တက်ရောက်ခိုင်းမှုကြောင့် နှုတ်ထွက်ခွင့်တောင်းခံထားကြောင်း ကျေးရွာအုပ်ချုပ်ရေးအသိုင်းအဝန်းထံကသိရသည်။

“ ရွာထဲကအုပ်ချုပ်ရေးမှူးတွေ၊ ရာအိမ်မှူးတွေကို တမင်သပ်သပ် လူမိုက်ငှားနေတာ။ တိုက်ပွဲထဲမှာစစ်သားတွေ သေကြပြေးကြဖြစ်နေတော့ အုပ်ချုပ်ရေးပိုင်းတွေကိုပြန်လှည့်လာတာ။ သင်တန်းတက်ဖို့ဘယ်သူမှ အစီအစဉ်မရှိဘူး။ တကယ်လို့ တက်တဲ့သူရှိခဲ့ရင်လည်းတစ်ယောက်ထဲချွန်တဲ့သူလို့ပဲသတ်မှတ်တယ်။တော်တော်များကတော့ နှုတ်ထွက်စာတွေတင်ထားကြပြီ။မြို့ထဲမှာလည်းအဲ့လိုမျိုးလုပ်ကုန်ပြီ”ဟု သဲကုန်းကျေးရွာအုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးကဆိုသည်။

ဇလွန်မြို့နယ်တွင်ပြီးခဲ့သည့်နှစ်နိုဝင်ဘာလနှင့်ဒီဇင်ဘာလအတွင်းကလည်း ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင် အုပ်ချုပ်ရေးမှူးနှင့်ရာအိမ်မှူးများကို မြို့နယ်စစ်ကောင်စီနှင့် စစ်ကောင်စီတပ်မှ အခြေခံစစ်သင်တန်း နှစ်ပတ်ကြာအတင်းအကျပ်တက်ရောက်ခိုင်းမှုကြောင့် ရာအိမ်မှူး ၃၀ဦးထက်မနည်းနှုတ်ခဲ့ကြောင်း ဒေသခံများထံကသိရသည်။

#ဇလွန်တွင်မြို့ #အုပ်ချုပ်ရေးမှူး #ရာအိမ်မှူး #စစ်သင်တန်းတက်ခိုင်း#နှုတ်ထွက်စာတင် #Ayeyarwaddy_Times