
မြရာ/ဧရာ၀တီတိုင်းမ်
ဇန်နဝါရီ ၁၈ ရက်
မန္တလေးတိုင်း ၊ ပြင်ဦးလွင်မြို့တွင် ပြီးခဲ့သည့် ဇန်နဝါရီ ၁၆ ရက်နေ့ကပြုလုပ်သည့် တပ်ထောက်ခံသူများနှင့် မဘသအဖွဲ့၀င်များ၏ MNDAA ရှုတ်ချပွဲ နှင့် စစ်တပ်ထောက်ခံကြောင်း ဆန္ဒပြပွဲတွင် “ဘုရားဒကာကြီး ဆင်းပေးပါ” ဟု တောင်းဆိုခဲ့ကြောင်း သိရသည်။
တပ်ထောက်ခံသူများ နှင့် မဘသအဖွဲ့၀င်များက စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို “ဘုရားဒကာကြီး” ဟု ခေါ်ဆိုကြပြီး ကိုးကန့်တပ်မတော် (MNDAA) တပ်ဖွဲ့ဝင်တစ်ဦးမှ စေတီတစ်ဆူကို တုဖြင့်ထုသည့်လုပ်ရပ်ကို ဆန့်ကျင်ကြောင်း ပြသသည့် အဆိုပါ ဆန္ဒပြပွဲတွင် စစ်တပ်ထောက်ခံသူများက စစ်ခေါင်းဆောင် ကို ရာထူးမှဆင်းပေးရန် ယခုကဲ့သို့ အတိအလင်းတောင်း ဆိုခဲ့ခြင်းဖြစ်သည်။
အဆိုပါဆန္ဒပြပွဲတွင် မဘသအဖွဲ့၀င် ပျူစောထီးခေါင်းဆောင် အရိယာဝံသ (ခေါ်) ပေါက်ကိုယ်တော်က “ဘုရားဒါယကာကြီးကို အရပ်ဘက်၀န်ကြီးရာထူး တစ်နေရာထဲ ပေးလိုက်ရင် မကောင်းဘူးလား။ ဘုရား ဒါယကာကြီးနဲ့ဆိုရင် သိပ်လိုက်ဖက်မှာ” ဟု လှောင်ပြောင်ပြောဆိုခဲ့သည်ကို မဘသအဖွဲ့၀င်များနှင့် တပ်ထောက်ခံသူများက အားရ ၀မ်းသာ ထောက်ခံခဲ့ကြသည်။
ထို့အပြင် ကာကွယ်ရေးဦးစီးချုပ်နေရာကို ဒုစစ်ခေါင်းဆောင် ဗိုလ်ချုပ်စိုး၀င်းရှိသည် ဟုဆိုကာ ပေါက်ကိုယ်တော်နှင့် ထောက်ခံသူများက ထောက်ခံအားပေးခဲ့ကြပြီး ဒုတိယဗိုလ်ချုပ်ကြီး စိုး၀င်း၏မျက်နှာအနေအထားသည် စစ်သားနှင့်တူသည့်အတွက် ကြိုက်နှစ်သက်ကြောင်းပြောဆိုခဲ့ကြသည်။
ယခုလပိုင်းအတွင်း စစ်ရေးအရနှင့် စီးပွားရေးအရပါ ဗျူဟာကျသည့် မြို့နယ်များ၊ စစ်ကောင်စီတပ်စခန်းများ သိမ်းဆည်ခံရခြင်းကြောင့် တပ်ထောက်ခံသူများနှင့် မဘသ အဖွဲ့၀င်များက စစ်ခေါင်းဆောင်၏ စီမံခန့်ခွဲပုံမှာ ညံ့ဖျင်း သည်ဆိုပြီး ရာထူးမှဆင်းပေးရန် ဝေဖန်ပြောဆိုမှုများရှိနေပြီး ယခုပြုလုပ်သည့် ထောက်ခံပွဲတွင် အတိအလင်း တောင်းဆို ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီ၏ နယ်မြေစွန့်လွှတ်ရမှုများတွင် လောက်ကိုင်(ဒကစ) ဆုံးရှုံးမှုသည် စစ်ရေးအရသာမက စီးပွားရေးအရပါဆုံးရှုံးသည်ဟုဆိုကာ တပ်တွင်း၌ ဆူပူမှုများကို ဖြစ်ပေါ်စေခဲ့သည်။
ထို့အပြင် လောက်ကိုင် ကိစ္စနှင့်ပတ်သက်၍ ရာထူးမှဖယ်ရှားရွှေ့ပြောင်း အရေးယူ ဒဏ်ခတ်ခြင်းများ၊ ဖမ်းဆီးထိန်းသိမ်ခြင်းများပြုလုပ်ခံရသည့် ဦးရေမှာလည်းထပ်မံတိုး လာနေပြီး တပ်တွင်းဆူပူမှုများကိုလည်း စစ်ခေါင်းဆောင်က မထိန်းနိုင်ကြောင်း သိရသည်။
ယင်းအပြင် ယခုရက်ပိုင်းအတွင်း စီးပွားရေးအရ အရေးပါသည့် ပလက်၀ဒေသ တစ်ခုလုံးကို ဆုံးရှုံးခဲ့ရပြီး တပ်မမှူးများနှင့် ဗျူဟာမှူးများသည်လည်း အမိန့်နာခံခြင်း မရှိဘဲ စခန်းစွန့်ခွာထွက်ပြေးမှုများ ရှိနေကြောင်း သိရသည်။
အဆိုပါ ကိစ္စများနှင့်ပတ်သက်ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ရာထူးမှဆင်းပေး၍ ဒုစစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးစိုး၀င်းကို နေရာပေးရန် တပ်တွင်း၌ ပြောဆို ဝေဖန်မှုများရှိနေကြောင်း သိရသည်။
“အဓိက က မင်းအောင်လှိုင်ကို နုတ်ထွက်ပြီး တခြားတစ်ယောက်တာ၀န်ယူဆိုပြီး ပြောနေတာ။ စစ်ရှုံးတာတွေနဲ့ပတ်သက်ပြီး ကာချုပ်ကိုအတော်လေး ပေါက်ကွဲနေကြတယ်။ ကိုယ်တာဝန်ယူ မစွမ်းဆောင်နိုင်ရင် ထွက်ပေးဖို့ပေါ့။ သူက ဘုရားတရား သမားလိုလို လျှောက်သွားပြီး လုပ်ချင်ရာလုပ် ယတြာချေ၊ ဒါတွေပဲလုပ်နေတာ။ ဒါကြောင့်သူ့ကို မကြိုက်ကြတော့တာ။ ကာချုပ်ကလည်း လေချုပ်ကို အပြစ်တင်ပြီး တော်တော် စိတ်ဆိုးနေတယ်”ဟု နေပြည်တော်စစ်ရုံးချုပ်နှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ အတိအလင်းပြောဆိုမှုများနှင့်ပတ်သက်ပြီး ထိုသို့ပြောဆိုရန် စေခိုင်းမှုများ ရှိနေပြီး နောက်ကွယ်မှ ကြိုးကိုင်သူရှိနိုင်သည်ဟု တပ်တွင်း၌ဂယက်ရိုက်လျက်ရှိကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။
ပုံစာ-ပြင်ဦးလွင်မြို့တွင် ပြုလုပ်သည့် စစ်တပ်ထောက်ခံပွဲတွင် တွေ့ရသည့် မဘသနှင့် တပ်ထောက်ခံသူများ
#ဘုရားဒါယကာကြီး #စစ်ခေါင်းဆောင် #ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် #ရာထူးမှဆင်းပေးရန် #မဘသ #ပေါက်ကိုယ်တော်တောင်းဆို #Ayeyarwaddy_Times