
ဧရာ၀တီတိုင်းမ်
ဇန်နဝါရီ ၁၈ ရက်
ရခိုင်ပြည်နယ်၊ မင်းပြားမြို့ကို မကျစေရေးအတွက် စစ်ကောင်စီက ကြည်း၊ရေ၊လေနှင့် တပ်အင်အားအကုန်အသုံးပြုတိုက်ခိုက်နေပြီး မြို့ကိုဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ထားကြောင်း သိရသည်။
မင်းပြားမြို့ရှိ စစ်ကောင်စီတပ်စခန်းများကို ပြီးခဲ့သည့် ဇန်နဝါရီ ၁၀ ရက်မှစတင် ရက္ခိုင့်တပ်တော် (AA) က ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး ယနေ့ ဇန်နဝါရီ ၁၈ ရက်နေ့အထိတိုက်င်္ပဲများ ပြင်းထန်လျက်ရှိကြောင်း ဒေသခံများထံက သိရသည်။
မင်းပြားမြို့အခြေစိုက် စစ်ကောင်စီ၏ ခမရ-၃၇၉၊ ခမရ-၃၈၀ နှင့် ခမရ-၅၄၁ တပ်ရင်းများအပြင် ကျိန်းတောင်ပေါ်တွင် တပ်စွဲထားသည့် စစ်စခန်းတို့ကိုလည်း AA က ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။
စစ်ကောင်စီဘက်မှလည်း ၎င်းတို့၏ အဓိကနှင့်အမာခံစခန်းကုန်းဖြစ်သည့် ကျိန်းတောင် စခန်းမကျစေရေးအတွက် လေကြောင်းမှနေ၍ ပေါင် ၅၀၀ ဗုံးများဖြင့် ပစ်ခတ် တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၁၃ ရက်နေ့က ခမရ-၃၈၀ ကို AA က ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်ရာတွင် တပ်ရင်းမှူးအပါအ၀င် အရာရှိ ၆ ဦးသေဆုံးပြီး ကျန်တပ်ဖွဲ့ ၀င်များ ထွက်ပြေးသွားကြောင်း သိရသည်။
ထို့ကြောင့် မင်းပြားမြို့နယ်တွင် စစ်ကောင်စီ၏ ခမရ ၃၇၉၊ ခမရ ၅၄၁ နှင့် ကျိန်းတောင်ပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်များသာ ကျန်ရှိတော့ပြီး ယင်းတို့ကို AA က အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။
ယမန်နေ့ ဇန်နဝါရီ ၁၇ ရက်နေ့ နံနက်ပိုင်းကလည်း စစ်ကောင်စီသည် ဂျက်ဖိုက်တာနှစ်စီး အပြင် Mi- 35 ရဟတ်ယာဉ်တို့ဖြင့် လေကြောင်းတိုက်ခိုက်မှု အပြင်းအထန်ပြုလုပ်ခဲ့ပြီး စစ်ကောင်စီ၏ Navy သင်္ဘောမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် မင်းပြားမြို့နယ်၊ င/တန်းပျင်းကျေးရွာ ရွာလုံးကျွတ် မီးလောင်ပျက်စီး သွားကြောင်း AA ကထုတ်ပြန်ထားသည်။
ထိုသို့ စစ်ရေးအခြေအနေပြင်းထန်လျက်ရှိသည့် ရခိုင် ပြည်နယ်ရှိ ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ စစ်တွေ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်းတောမြို့များကို ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ထားကြောင်း သိရသည်။
ပုံစာ- နေဗီကပစ်လိုက်သည့်လက်နက်ကြီးကြောင့် မီးလောင်နေသည့် ငတန်းပျင်းရွာ
#ရခိုင် #မင်းပြား #စစ်ကောင်စီ #ကြည်းရေလေအင်အားအသုံးပြု #AAထိုးစစ်ဆင် #Ayeyarwaddy_Times
addy_Times