
ဧရာ၀တီတိုင်းမ်
ဇန်နဝါရီ ၁၈ ရက်
မန္တလေး-ပြင်ဦးလွင်-နောင်ချိုလမ်းပိုင်းကို PDF များ ၀င်ရောက်လာပြီး ပြင်ဦးလွင် မြို့နယ်အထိ ၀င်လာတော့မည်ဆိုသည့် သတင်းများထွက်ပေါ်၍ စစ်ကောင်စီတပ်မှ ဗိုလ်မှူး အဆင့်ရှိသူများပါ လာရောက်၍ လမ်းပိတ်စစ်ဆေးနေကြောင်း သိရသည်။
စစ်ကောင်စီသည် ယမန်နေ့ ဇန်နဝါရီ ၁၇ ရက်နေ့မှ စတင်ကာ အဆိုပါလမ်းပိုင်းနှင့် မန္တလေး-ပြင်ဦးလွင် ၁၆ မိုင်ဂိတ်တွင် ခရီးသည်ယာဉ်များကို တစ်ဦးချင်းဆင်း၍ လျှောက်စေပြီး စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။
ယင်းသို့ စစ်ဆေးမှုကြောင့် ၁၆ မိုင်ဂိတ်လမ်းပိုင်းတွင် ယာဉ်များ ယာယီပိတ်ဆို့နေပြီး စစ်ကောင်စီတပ်ကလည်း အပြင်းအထန် စစ်ဆေးလျက်ရှိကြောင်း သိရသည်။
“PDF တွေ လမ်းပိုင်းမှာရောက်နေပြီး ပြင်ဦးလွင်ထဲ ၀င်ဖို့ရှိနေတယ်ဆိုတဲ့ သတင်းကြောင့် အခုလိုလမ်း ပိတ်စစ်နေတာ။ ၁၆ မိုင်ဂိတ်ကစပြီး စစ်နေတာ။ ကား တွေကို တစ်သီကြီးပဲ။ လူတွေကို တယောက်ချင်း လမ်းဆင်းလျှောက်ခိုင်းပြီး သေချာစစ်နေတာ” ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ပထမပတ်က ဖြစ်ပွားခဲ့သော သံဘိုရွာတိုက်ပွဲနှင့် ကျောက်မဲလေး တိုက်ပွဲများကြောင့် စစ်ကောင်စီက ပြင်ဦးလွင်တွင် အင်အားတိုးချဲ့၍ ခံစစ်ပြင်နေပြီး ပြင်ဦးလွင်မြို့ပတ်လည်တွင် လက်နက်ကြီးများ တပ်ဆင်ထားကြောင်း သိရသည်။
ထို့အပြင် မန္တလေးနှင့် မိတ္ထီလာတို့မှ စစ်ကောင်စီတပ် ဖွဲ့၀င်များကိုလည်း လေကြောင်း ဖြင့်ခေါ်ယူ၍ ပြင်ဦး လွင်မြို့နယ်တွင် အင်အားဖြည့်တင်းထားကြောင်း သိရသည်။
စစ်ကောင်စီနှင့် မဟာမိတ်သုံးဖွဲ့၏ အပစ်အခတ်ရပ်စဲရေးစာချုပ်ကြောင့် ညီနောင် မဟာမိတ်အဖွဲ့က တိုက်ပွဲများ ရပ်တန့်ထားသော်လည်း စစ်ကောင်စီက နောင်ချိုရှိသံဘို ရွာနှင့် လွယ်ဆမ်စစ်(ခ)သုံးဆယ်ရွာကို နေ့စဉ်လက်နက်ကြီးများဖြင့် ပစ်ခတ်လျက် ရှိကြောင်း မဟာမိတ်အဖွဲ့က ထုတ်ပြန်ထားသည်။
ထိုသို့ တိုက်ပွဲဖြစ်ပွားမှုမရှိသော်လည်း စစ်ကောင်စီက ပြင်ဦးလွင်လမ်းပိုင်းနှင့် ပြင်ဦးလွင် မြို့နယ်တို့ကို အထူးတင်းကျပ် စစ်ဆေးလျက်ရှိပြီး ခံစစ်အင်အားကိုလည်း တိုးချဲ့ပြင်ဆင် နေကြောင်း သိရသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက ပြင်ဦးလွင်နှင့် နေပြည်တော်ကို ထိုးစစ်ဆင်ရန်အတွက် ဗျူဟာတကျ ပြင်ဆင်ထား သည်ဟု ပြောဆိုထားကြောင်း ဒေသတွင်းမီဒီယာအချို့တွင် ဖော်ပြထားသည်။
#ပြင်ဦးလွင်လမ်းပိုင်း #PDFများ၀င်ရောက် #စစ်ကောင်စီတပ် #ဗိုလ်မှူးအဆင့်ဆင်းလာ #လမ်းပိတ်စစ်ဆေး #Ayeyarwaddy_Times