ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၈ ရက်

ဧရာဝတီတိုင်း၊ဝါးခယ်မမြို့၌မြို့နှင့် နီးစပ်သည့်ရပ်ကွက်များသို့ တော်လှန်ရေးအင်အားစုများ လာရောက်ခိုလှုံနေသည်ဟုဆိုကာ ပြီးခဲ့သည့်ဇန်နဝါရီလ ၁၅ ရက်နေ့ကစ၍ နေ့ရောညပါ ကင်းလှည့်စစ်ဆေးမှုများ ပိုမိုပြုလုပ်လာကြောင်း မြို့ခံများထံကသိရသည်။

ဝါးခယ်မမြို့နှင့်နီးစပ်သည့် ရေ​ကျော်ရပ်ကွက်နှင့်​လှေကျင်းရပ်ကွက်တို့တွင် ပြီးခဲ့သည့်ဇန်နဝါရီလ ၁၅ရက်နေ့ကစပြီး စစ်ကောင်စီတပ်၊ရဲနှင့် ပြည်သူ့စစ်(ပျူစောထီး) ပူးပေါင်းအဖွဲ့က နေ့ရောညပါ ကင်းလှည့်၍ ရှာဖွေစစ်ဆေးနေကြောင်း ဒေသခံများထံကသိရသည်။

“ ရပ်ကွက်ထဲမှာPDFအဖွဲ့တွရှိနေတယ်ဆိုပြီးတော့နေ့ရောညပါ ကင်းလှည့်နေတာ။ ဘာမှလည်းမရှိပဲနဲ့ကိုတမင်တကာ စိတ်ဒုက္ခပေးနေတာ။ ရှေ့တန်းထွက်ရမှာကြောက်တာလည်းပါမှာပေါ့။ ညပိုင်းသေနတ်တွေနဲ့ပျူတွေလည်းပါတယ်။ကင်းလှည့်တာကနဲနဲ သေနတ်တကားကားနဲ့လိုက်ချိန်နေတာများတယ်” ဟု ရေကျော်ရပ်ကွက်ရှိ ဒေသခံအမျိုးသမီးကြီးတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

အလားတူ မြို့နှင့်နီးစပ်သည့် စာ​ရေးကုန်းရပ်ကွက်အတွင်းသို့လည်း ပြီးခဲ့သည့်ဇန်နဝါရီလ ၁၅ ရက်နေ့ကစပြီး စစ်ကောင်စီတပ်၊ ရဲနှင့်ပျူစောထီး(ပြည်သူ့စစ်)အဖွဲ့မှ ညစဉ်ကင်းလှည့်နေသည့်ကြားမှ နေအိမ်ဖောက်ထွင်းမှုများဖြစ်ပွါးခဲ့ပြီး ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးအရေးယူနိုင်ခြင်းမရှိသေးကြောင်း ဒေသခံများထံကသိရသည်။

“ ကင်းတွေသာလှည့်နေတာ အိမ်ဖောက်ထွင်းမှုဖြစ်ရင် ဘယ်သူ့ကိုသွားတိုင်ရမလဲကိုမသိဘူး။ သေနတ်တွေနဲ့လှည့်နေတာဆိုတော့ မအော်ရဲတာလည်းပါတယ်။အမှုသွားဖွင့်ရင်လည်းဒီအတိုင်းပဲပြီးသွားတာများတယ်။ဖမ်းမိတယ်ဆိုတာတစ်ခါမှမကြားဖိဘူး”ဟု စာရေးကုန်းရပ်ကွက် ဒေသခံအမျိုးသားတစ်ဦးကဆိုသည်။

ဝါးခယ်မမြို့ ၊ မြို့တွင်းရပ်ကွက်နေရာများတွင် ပြီးခဲ့သည့်ဇန်နဝါရီလ ၁၅ ရက်နေ့ကစ၍ တော်လှန်ရေးအင်အားစုများနှင့်ဆက်စပ်သူများ မြို့တွင်းသို့ပြန်လည်ဝင်ရောက်လာသည်ဟု အကြောင်းပြကာ စစ်ကောင်စီတပ်၊ရဲတပ်ဖွဲ့ အပါအဝင် အခြေခံစစ်သင်တန်းဆင်းပျူစောထီး(ပြည်သူ့စစ်)အဖွဲ့ဝင်လူငယ်များကိုပါအသုံးပြု၍ စစ်ဆေးမှု ပိုမိုပြုလုပ်လာကြောင်း သိရသည်။

#ဝါးခယ်မမြို့ #ရပ်ကွက်များတွင် #တော်လှန်ရေးအဖွဲ့များ #ခိုအောင်းနေသည်ဟုဆိုကာ #ကင်းလှည့်စစ်ဆေး #Ayeyarwaddy_Times