
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၈ ရက်
ပြည်တွင်းရွှေဈေးကွက်တွင် စိတ်ဝင်စားမှုမြင့်နေသည့် အွန်လိုင်းစနစ်ဖြင့် ရွှေဝယ်ယူရာတွင် ရွှေထည် ရွှေအတုံးပစ္စည်းရရှိမည်မဟုတ်ဘဲ ရွှေရှိကြောင်းမှတ်တမ်းအဖြစ်သာ ရရှိမည်ဟု ရွှေဆိုင်များထံမှ စုံစမ်းသိရသည်။
ပြည်တွင်းဘဏ်များထဲမှ UAB Pay နှင့် AYA Pay အကောင့်ကနေတဆင့် ရွှေတစ်ရွေးသားကနေ စတင်စုဆောင်းဝယ်ယူနိုင်ပြီး ရွှေတစ်ကျပ်သားရရှိသည့်အချိန်တွင် ရွှေအတုံး၊ အထည်ပစ္စည်းကိုထုတ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အွန်လိုင်းမှတဆင့်ဝယ်ယူထားလိုက်သည့်ရွှေကို Digital Gold အဖြစ်သတ်မှတ်ပြီး ရွှေအတုံးအဖြစ် ထုတ်ယူရာတွင် ရိုးရိုးရွှေအမျိုးအစားအတွက် တစ်ကျပ်သားမှထုတ်ယူနိုင်ပြီး အကယ်ဒမီရွှေထုတ်ယူရာတွင် အနည်းဆုံး တစ်ဆယ်ကျပ်သားမှ ထုတ်ယူရှိရမည်ဖြစ်ကြောင်း UAB ဘဏ်က ကြေညာထားသည်။
“ သူကရွှေချိန်နည်းနည်းလေးစဝယ်လို့ရတယ်ဆိုတော့ ရွှေကိုပေးတာမဟုတ်ဘူး။ စာရင်းမှတ်ပေးထားတာ။ စာရင်း မှတ်ပေးတဲ့စနစ်လို့ပြောတယ်။ ဘဏ်ထဲကပိုက်ဆံကို PAY ထဲကနေ ရွှေအနေနဲ့ ဝယ်လို့ရတယ်ပေါ့။ ဒါပေမယ့် ရွှေအနေနဲ့ရတာမဟုတ်ဘူး။ ရွှေစုစာအုပ်ပုံစံမျိုးပေါ့ ။ အနီးစပ်ဆုံးပြောရရင်စာအုပ်လိုပဲ။ အခုကဘဏ်နဲ့ ချိတ်လိုက် တဲ့သဘောပဲ” ဟု ရွှေလုပ်ငန်းနှင့်နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောကြားသည်။
အွန်လိုင်းငွေပေးချေမှုမှတစ်ဆင့် ရွှေတစ်ရွေးသားလျှင် ကျပ်သုံးသောင်းကျော်မှ စတင်ဝယ်ယူနိုင်၍ ရွှေစုသူများကြားတွင် စိတ်ဝင်စားမှုရှိနေသော်လည်း နိုင်ငံရေးမတည်ငြိမ်ချိန်တွင်လက်ဝယ်ရှိသည့်ပစ္စည်းကစိတ်ချရကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
“ ချက်ချင်းဝယ်တာတော့ကောင်းတယ်။ ပစ္စည်းလက်ထဲမရောက်ဘဲနဲ့တော့မဝယ်သင့်ဘူး။ နိုင်ငံကောင်းရင် တစ်မျိုးပေါ့ အခုကတစ်ခုခုဖြစ်လို့ပြေးဆိုရင် ကိုယ်စုထားတာမရဘဲနေမယ်” ဟု ရွှေလုပ်ငန်းနှင့်နီးစပ်သူတစ်ဦးက ဆိုသည်။
ပြင်ပရွှေဈေးကွက်တွင် အကယ်ဒမီအခေါက်ရွှေတစ်ကျပ်သားလျှင် ၃,၇၇၀,၀၀ ၀ ကျပ် ရှိပြီး ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းသတ်မှတ်ချက်တွင် ၃,၆၁၀,၈၀၀ ကျပ်ရှိကြောင်းသိရသည်။
အဆိုပါ Digital Gold နှင့်ပတ်သက်ပြီး UAB ဘဏ်က UAB Pay မှတဆင့်ဝယ်ယူထားသည့် ရွှေများအတွက် Digital Gold Certificate ထုတ်ယူနိုင်ကြောင်း ၂၀၂၃ ခုနှစ် မေတွင် ထုတ်ပြန်ထားသည်။
#အွန်လိုင်းစနစ် #ရွှေဝယ် #ရွှေထည်ပစ္စည်း #မှတ်တမ်းသာရရှိမည် #Ayeyarwaddy_Times