
ဧရာဝတီတိုင်းမ်
(လွိုင်ကော်)၊ ဇန်နဝါရီ ၁၈ ရက်
ဘာသာရေးကိုအသုံးချကာ မတည်ငြိမ်မှုများဖြစ်ပေါ်အောင်ဖန်တီးနေသည့် စစ်ကောင်စီ က KNPPနှင့် PDF တပ်ဖွဲ့ဝင်များမှာ လွိုင်ကော်မြို့ပေါ်ရှိ မြို့နာမ်ရွှေစေတီတော်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်ဖျက်ဆီးခဲ့သည်ဟု ပြီးခဲ့သည့် ဇန်နဝါရီ ၁၆ ရက်က ၎င်းတို့ပိုင် ဝါဒဖြန့်မီဒီယာများတွင် ဖော်ပြခဲ့သည်။
စစ်ကောင်စီက ၎င်းတို့၏ ဝါဒဖြန့်မီဒိယာများတွင်လွိုင်ကော်မြို့ပေါ်ရှိ အထင်ကရ စေတီတစ်ခုဖြစ်သည့် မြို့နာမ်ရွှေစေတီကို တော်လှန်ရေးတပ်ဖွဲ့များက လက်နက်ကြီး များဖြင့် ပစ်ခတ်ခဲ့သည့်အတွက် စေတီဝင်းနှင့် စေတီပေါ်တွင် လက်နက်ကြီစထိမှန်ကာ ကျည်ထိမှန်ပျက်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်း ဝါဒဖြန့်ပြောဆိုခဲ့ခြင်းဖြစ်သည်။
“စစ်ကောင်စီဘက်က သူတို့ရဲ့လုပ်ရိုးလုပ်စဥ်အတိုင်း တော်လှန်ရေးတပ်ပေါင်းစုတွေရဲ့ ပုံရိပ်ကျဆင်းအောင် မဟုတ်မမှန် သတင်းဖြန့်တာပါပဲ” ဟု ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ အထွေထွေအတွင်းရေးမှူး ခူးပလုရယ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီက တိုက်ပွဲများဖြစ်ပေါ်နေသည့် လွိုင်ကော်မြို့ထဲတွင် ဘာသာရေးကို အကြောင်းပြ၍ သွေးခွဲမှုများပြုလုပ်နေသော်လည်း ပြီးခဲ့သည့် ဒီဇင်ဘာ ၉ ရက်နေ့တွင် စစ်ကောင်စီတပ်မှ ပစ်ခတ်သည့် လက်နက်ကြီးကျည် ထိမှန်မှုကြောင့် လွိုင်ကော် မြို့ပေါ်ရှိ အထင်ကရစေတီတစ်ခုဖြစ်သည့် တောင်ကွဲစေတီတွင် ပျက်စီးမှု များဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။
စစ်ကောင်စီသည် ဘုရား၊ ကျောင်း၊ စေတီပုထိုးများအပါအဝင် ဘာသာရေး အဆောက် အဦများကို လေကြောင်းမှ ဗုံးကြဲခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်များကို ပြုလုပ်လျက် ရှိသော်လည်း ယခုအခါတွင် ဘာသာရေးပဋိပက္ခများဖြစ်ပေါ်စေရန် ရည်ရွယ်၍ တပ်ထောက်ခံသူများနှင့် မဘသ ဘုန်းကြီးများကို ကန့်ကွက် ဆန္ဒပြပွဲများ ပြုလုပ်စေခဲ့ သည်။
ဓာတ်ပုံ – အင်တာနက်
ပုံစာ – ကန့်ကွက်ဆန္ဒပြပွဲများပြုလုပ်ခဲ့ကြသည့် ဘုန်းကြီးနှင့်တပ်ထောက်ခံသူများ၊ လွိုင်ကော်ရှိ မြို့နာမ်စေတီ၊ တောင်ကွဲစေတီ
#ကရင်နီ #လွိုင်ကော် #စစ်ကောင်စီ #ဘာသာရေးအကြောင်းပြ #သွေးခွဲမှုဖန်တီး #Ayeyarwaddy_Times