ကိုကိုမောင်/ဧရာဝတီတိုင်းမ်
(မအူပင်)၊ ဇူလိုင်လ ၂၉ ရက်

ဧရာဝတီတိုင်း၊ မအူပင်မြို့မှာ တော်လှန်ရေးအင်အားစုတွေတိုက်ခိုက်ခံရမှာကြောက်လို့ စစ်ကောင်စီ တပ်သားတွေ ကင်းလှည့်တဲ့အခါ ရှေ့တန်းထွက်သလိုမျိုးပုံစံမျိုးနဲ့ မြို့အတွင်းလှည့်လည်နေရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ဇူလိုင်လနောက်ဆုံးပတ်ကစတင်ကာ မအူပင်မြို့မှာ ညမထွက်အမိန့်ထုတ်ပြန်ပြီးနောက်ပိုင်း မနက်ပိုင်း ကင်းလှည့်ချိန်တွေမှာပါ ရှေ့တန်းထွက်သလိုမျိုးပုံစံတွေပြုလုပ်လာတာကြောင့် တိုက်ပွဲဖြစ်မလားတောင် စိုးရိမ်နေရတယ်လို့ ဒေသခံတွေကပြောပါတယ်။

“ မအူပင်မြို့မှာ စစ်ကြောင်းတွေခုလိုလှည့်တာ တစ်ခါမှမကြုံရဘူးလေ ကားတွေနဲ့လှည့်တာလောက်ပဲ တွေ့ရတာ ခုက အထက ၁ ကျောင်းမှာ ကင်းပုန်းထားတယ် တံတားဘက်မှာလည်း ကင်းထားတယ် တံတား ဘက်ရော မြို့အဝင်အထွက်ဂိတ်တွေမှာကအစ ကင်းပုန်းတွေထားနေတော့ တိုက်ပွဲများဖြစ်တော့မလားလို့ စိတ်ပူနေရတယ်”လို့ ဒေသခံတဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

မအူပင်မြို့နယ်မှာ ညမထွက်ရအမိန့်ထုတ်ပြန်ပြီးနောက်ပိုင်း ဖျာပုံမြို့နယ်က စစ်ကောင်စီတပ်သားတွေကို ထပ်မံအင်အားဖြည့်တင်းထားတယ်လို့ ဆိုပါတယ်။

မအူပင်မြို့မှာ ကင်းလှည့်တဲ့အချိန် ရှေ့တန်းထွက်သလိုမျိုး လုပ်ဆောင်နေတာဟာ တော်လှန်ရေးတပ်ဖွဲ့ဝင် တွေပြန်လည်အားကောင်းလာပြီးနောက်ပိုင်း အလစ်တိုက်ခိုက်ခံရမှာဆိုးတာကြောင့် ခုလိုမျိုး ကင်းလှည့်တဲ့ အခါ သတိထားလာတာမျိုးဖြစ်နိုင်တယ်လို့ ရဲတပ်ဖွဲ့ဝင်ဟောင်းတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာပဲ ဧရာဝတီတိုင်းထဲက ဘိုကလေးမြို့နယ်က စစ်ကောင်စီသတင်းပေးဆိုင် ဗုံးပစ် ခံရပြီး ဟင်္သာတ၊ ဖျာပုံ၊ ဒေးဒရဲ စတဲ့မြို့နယ်တွေမှာ ဗုံးပေါက်ကွဲမှုတွေနဲ့ အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပေါ် ခဲ့တာကြောင့် ခုလိုမျိုး ရှေ့တန်းထွက်သလိုပုံစံတွေဖြစ်လာတာလို့ ဆိုပါတယ်။