ကိုကိုမောင်/ဧရာဝတီတိုင်းမ်
(မအူပင်)၊ ဇူလိုင်လ ၂၉ ရက်

ဧရာဝတီတိုင်း၊ မအူပင်မြို့မှာ စစ်ကောင်စီတပ်ကအရာရှိတွေနဲ့ပေါင်းပြီး ငါးကန်တရားမဝင်လုပ်ကိုင်ခွင့်နဲ့ ဖဲဝိုင်း တွေကို စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ လောင်းကစားဒိုင်တွေက တရားဝင်ပြုလုပ်လာတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ကအရာရှိတွေနဲ့ပေါင်းပြီး တရားမဝင်ငါးကန်တူးဖော်ဖို့အတွက် ငွေကျပ် သိန်း ၃၀ အထိ ပေးရပြီး ဖဲဝိုင်းပြုလုပ်ဖို့အတွက် သိန်း ၂၀ ထိပေးနေရတယ်လို့ စစ်ကောင်စီနဲ့နီးစပ်သူတွေထံက သိရပါတယ်။

“ စစ်ကောင်စီက သူတို့နဲ့နီးစပ်တဲ့သူတွေကိုပဲပေးတာ ငါးကန်းလုပ်နေတာက ရွှေတောင်မှော်အုပ်ချုပ်ရေးမှူး တိုးမြစ်တဖက်ကမ်းက စစ်ထွက်က ဖဲဝိုင်းလုပ်နေတာ သူတို့က ပိုက်ဆံပေးပြီး တရားဝင်သဘောမျိုးလုပ်တာ” လို့ စစ်ကောင်စီနဲ့နီးစပ်သူတဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

ရွှေတောင်မှော်ကျေးရွာအုပ်ချုပ်ရေးမှူးက စစ်ကောင်စီတပ်က ဂျီဝမ် ဒုဗိုလ်မှူးကြီး နိုင်လွင်ကို ငွေသိန်း ၃၀ ပေးကာ ငါးကန်လုပ်ငန်း တရားမဝင်လုပ်ကိုင်နေသလို စစ်တပ်ကထွက်လာတဲ့ ဦးဝင်းမြင့်ဇော်က သူ့ရဲ့နေအိမ် မှာ ငွေသိန်း ၂၀ ပေးပြီး ဖဲဝိုင်းကို ဘုရားပွဲတော်လိုမျိုးပြုလုပ်နေတာလို့ ဆိုပါတယ်။

ဒါ့ပြင် မအူပင်မြို့နယ်မှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က နယ်ထိန်းတွေက အပိုင်ရပ်ကွက်အလိုက် မှာရှိတဲ့ နှစ်လုံး၊ သုံးလုံးဒိုင်တွေကို ၁ လ ၆ သောင်းနှုန်းနဲ့ တောင်းယူနေတယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေက ပြောပါတယ်။

ကြက်ဝိုင်းလုပ်တယ်ဆိုပြီး ညောင်းဝိုင်းက ကိုဇော်ကြီးကို ဖမ်းဆီးခဲ့ပေမယ့် ဖမ်းဆီးပြီး ၁ ရက်အကြာမှာ ငွေကျပ် ၁၀ သိန်းယူပြီး ရဲကပြန်လွှတ်ပေးခဲ့တာမျိုးတွေလည်း ရှိတယ်လို့ ဆိုပါတယ်။