
ဧရာဝတီတိုင်းမ်
(ဇီးကုန်း)၊ ဇန်နဝါရီ ၁၇ ရက်
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်တွင် စစ်ကောင်စီက ယခုရက်ပိုင်းအတွင်း ပြည်သူ့စစ်အဖွဲ့များဖွဲ့စည်းရန် ဖိအာပေးနေသည့်အတွက် ပြည်သူ့စစ်အဖွဲ့များ ဖွဲ့စည်းရန် အုပ်ချုပ်ရေးမှူးများကတဆင့် လိုက်လံစုဆောင်းနေပြီး တပ်ထောက်ခံသူအများစုမှာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
ဇီးကုန်းမြို့နယ်သည် စစ်တပ်လက်အောက်ခံပါတီတစ်ခုဖြစ်သည့် ကြံ့ခိုင်ရေးပါတီကို ထောက်ခံမှုအားကောင်းသည့် မြို့နယ်တစ်ခုဖြစ်ပြီး ယခုကဲ့သို့ပြည်သူ့စစ်အဖွဲ့များ ဖွဲ့စည်းရန်လိုက်လံစာရင်းကောက်ခံချိန်တွင်မူ တပ်ထောက်ခံသူအများစုမှာ ရပ်ကွက်၊ ကျေးရွာများမှနေ၍ ထွက်ပြေးတိမ်းရှောင်သွားကြောင်း ဒေသခံများထံက သိရသည်။
“ဇီးကုန်းက တပ်ထောက်ခံတဲ့အမာခံမြို့လေ။ အရင်ကသူတို့က စစ်တပ်က အလိုရှိရင် တပ်ထဲဝင်မယ်လို့ကြွေးကြော်ထားကြပြီး အခုတော့ပြေးကုန်ကြပြီ။ စစ်တပ်ကလည်း ဒီအိမ်မှာယောကျာ်းမရှိလဲ ရှိတဲ့သူစာရင်းပေးရမယ်။ မိန်းမတွေလဲပေးရမယ်ဆိုပြီးတော့ ကိုတောင်းနေတာ။ အခုဘယ်နေရာတွေကပိုဆိုးနေလဲဆိုရင် ဇီးကုန်းနဲ့ ကြို့ပင်ကောက် အစပ်ကရွာတွေမှာ ပိုပြီးဆိုးနေတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဇီးကုန်းမြို့နယ်အတွင်းမှ ကျေးရွာများတွင် ပြည်သူစစ်ဖွဲ့စည်းရန်နှင့် ရွာတစ်ရွာလျှင် လူအယောက် ၂၀ မှ ၃၀ အထိ ပေးရမည်ဟု အုပ်ချုပ်ရေးမှူးများမှ တစ်ဆင့် တောင်းခံကာ အချို့ကျေးရွာတွင်များတွင်မူ မဲနှိုက်ခေါ်ယူခြင်းများပြုလုပ်နေပြီး ပြည်သူ့စစ်အဖွဲ့ဝင် တောင်းခံခြင်းမရှိသည့်ရွာများတွင်မူ တစ်အိမ်လျှင် ကျပ်ငွေငါးသောင်းမှ တစ်သိန်းအထိ တောင်းခံနေကြောင်း သိရသည်။
ဇီးကုန်းမြို့နယ်အပိုင် ဘော်ဘင်ကျေးရွာတွင်လည်း ကျေးရွာခံ ပျူစောထီး (ပြည်သူ့စစ်) အဖွဲ့ဝင်များက လက်နက်ဖြင့်ခြိမ်းခြောက်ကာ အနိုင်ကျင့်မှုများပြုလုပ်နေကြောင်း သိရသည်။
“အချို့ရွာတွေက ရွာလုံးကျွတ် သိန်း ၅၀၊ သိန်း ၁၀၀ ပေးလိုက်ရင် ရတယ်လို့ပြောနေကြတယ်။ ဇီးကုန်းက ကြံ့ခိုင်ရေးတွေများနေပေမယ့် တကယ့် တကယ် စစ်ထဲဝင်ရမယ်၊ ပြည်သူ့စစ်ဖွဲ့မယ် လုပ်လာရဝော့ာ ဘယ်သူမှမဝင်ချင်ကြတော့ဘူး။ ပြေးတဲ့သူတွေကတော့ ဝောာ်တော်များကြတယ်လို့ကြားတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ တောင် NLD ပါတီက နိုင်ခဲ့တယ်ဆိုပေမဲ့ မဲအရေအတွက်က ဘယ်လောက်မှမကွာဘူး။ ကပ်ပြီးနိုင်ခဲ့တာ” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ဇီးကုန်းမြို့နယ်သည် စစ်တပ်ထောက်ခံသူများပြားသည့် မြို့နယ်တစ်ခုဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီမှ လွှတ်တော်အမတ်နေရာ သုံးနေရာ အထိအနိုင်ရခဲ့သည်။
ယခင် ပဲခူးတိုင်းဝန်ကြီးချုပ်ဟောင်း ဦးဉာဏ်ဝင်းသည် ၂၀၁၀ခုနှစ် ရွေးကောက်ပွဲတွင် ဇီးကုန်းမြို့နယ်မဲဆန္ဒနယ်မှ ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ပြီး ဝန်ကြီးချုပ်ဖြစ်လာသူ ဖြစ်သည်။
ဓာတ်ပုံ – လူမှုကွန်ရက်
ပုံစာ – ဇီးကုန်းမြို့နယ်တွင် တပ်ထောက်ခံပွဲပြုလုပ်နေပုံ
#ဇီးကုန်း #တပ်ထောက်ခံသူများထွက်ပြေး #ပြည်သူ့စစ်ဖွဲ့စည်းရန်စုဆောင်း #ကြံ့ခိုင်ရေးပါတီ #Ayeyarwaddy_Times