ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၇ရက်

ရှမ်းမြောက်၊ ကိုးကန့်ဒေသတွင် စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်မတော် (MNDAA) တို့သည် ယမန်နေ့ ဇန်နဝါရီ ၁၆ ရက်နေ့ ညနေပိုင်းက တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့ကြောင်းသိရသည်။

ယမန်နေ့ ညနေ ၄ နာရီခန့်တွင် ကိုးကန့်ဒေသရှိ MNDAA တပ်များတပ်စွဲထားသည့် ကချင်တောင်ဘက် မီတာ ၃၀ အကွာအဝေးသို့ စစ်ကောင်စီတပ်များဝင်ရောက်လာပြီး လက်ပစ်ဗုံးနှင့် စတင်တိုက်ခိုက်ခဲ့သည့်အတွက် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

“တိုက်ပွဲက မိနစ် ၂၀လောက်ပဲကြာမယ်။ စစ်ကောင်စီတပ်တွေက ကချင်တောင်ဘက်ကို လာပစ်တာ။ ပြည်သူ့စစ်တွေဖြစ်မယ်” ဟုကိုးကန့်ဒေသခံတစ်ဦးကပြောသည်။

စစ်ကောင်စီတပ်သည် တိုက်ပွဲကြာချိန် မိနစ်၂၀အတွင်း MNDAA ၏ ပြန်လှန် ထိုးစစ်ဆင်ခြင်းကို မခံနိုင်သည့်အတွက် တပ်ဆုတ်သွားခဲ့ကြောင်းသိရသည်။

ထိုသို့ တပ်ဆုတ်ပြန်ပြီးနောက် စစ်ကောင်စီတပ်က အဆိုပါ ကချင်တောင်သို့ ၆၀-မမ လက်နက်ကြီးဖြင့် သုံးကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ နှင့် MNDAA၊ TNLA၊ AA မဟာမိတ်ညီနောင်သုံးဖွဲ့တို့ အပစ်အခတ် ရပ်စဲမှုစာချုပ်ချုပ်ဆိုပြီးနောက် ယခုထိတွေ့တိုက်ပွဲသည် ပထမဦးဆုံး အကြိမ်ဖြစ်သည့် တိုက်ပွဲဖြစ်ကြောင်းသိရသည်။

ညီနောင်မဟာမိတ်အဖွဲ့များသည် စစ်ကောင်စီနှင့် အပစ်ရပ်စဲထားသော်လည်း သဘော တူညီမှုစာချုပ်ချုပ်ဆိုသည့် ဇန်နဝါရီ ၁၁ ရက်နေ့က စတင်၍ ရှမ်းမြောက်ရှိ နောင်ချို၊ မိုးကုတ်၊ ကျောက်မဲ၊ လားရှိုး မြို့နယ်များသို့ လက်နက်ကြီး များဖြင့်ပစ်ခတ်ခြင်းကို ယနေ့အထိပြုလုပ်လျက်ရှိကြောင်း မဟာမိတ်အဖွဲ့က ထုတ်ပြန်ထားသည်။

လက်ရှိတွင် ကိုးကန့်တပ်မတော် (MNDAA) အနေဖြင့် ကိုးကန့်ဒေသတွင် စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားနှင့် ဥပဒေများကိုပယ်ဖျက်ပြီး ကိုးကန့်အုပ်ချုပ်ရေးအသစ် စတင်ပြီ ဖြစ်ကြောင်း ကြေညာထားသည်။

ဓာတ်ပုံ-The Kokang
ပုံစာ-ကိုးကန့်တပ်ဖွဲ့ဝင်များကိုတွေ့ရစဉ် (ပုံဟောင်း)

#ကိုးကန့်ဒေသ #ကချင်တောင် #တိုက်ပွဲပြန်ဖြစ် #စစ်ကောင်စီ #စတင်တိုက်ခိုက် #တပ်ဆုတ်ပြန်ရ #Ayeyarwaddy_Times