
နွေဦးမောင်/ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၇ ရက်
စစ်ကောင်စီတပ်သည် ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်ရှိ မအူကွင်းရွာနှင့် ခမောက်ကျေးရွာတို့တွင် ပြီးခဲ့သည့် ဇန်နဝါရီ ၁၄ ရက်နေ့က ပြည်သူ့စစ်ဖွဲ့ရန် စာရင်းကောက်ခံရာ မရရှိ၍ ယင်းကျေးရွာနှစ်ရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများထံက သိရသည်။
အဆိုပါကျေးရွာ နှစ်ရွာကို မီးတင်ရှို့ခဲ့သည့် စစ်ကောင်စီတပ်သည် ပဲခူးရိုးမဘက်သို့ စစ်ကြောင်း ထိုးရန် ဝင်ရောက်နေသည့် တပ်မ (၆၆) လက်အောက်ခံတပ် ဖြစ်ပြီး ကျေးရွာ နှစ်ရွာရှိ အိမ်ခြေ ၁၀၀ ကျော်ကိုမီးရှိုဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
“ပဲခူးတိုင်းထဲမှာ စစ်ကောင်စီတပ်တွေက ပြည်သူ့စစ်ဖွဲ့ဖို့ဆိုပြီး ရွာစဥ်ပတ်ပြီး လုပ်ဆောင် နေတာ။ စစ်ကြောင်းဝင်လာပြီဆိုတာနဲ့ ဒေသခံတွေက အမြဲ ထွက်ပြေး တိမ်းရှောင် နေရတာ။ အခုလည်း စစ်ကြောင်းဝင်လာတဲ့အချိန် ရွာကလူတွေက အကုန် ဘေးလွတ်ရာတွေကို တိမ်းရှောင်နေကြတာမို့ သူတို့ဖွဲ့တဲ့ ပြည်သူ့စစ်ထဲဝင်ဖို့ စာရင်းကောက် မရတာကြောင့် ကျေးရွာတစ်ခုလုံးကို မီးရှို့ဖျက်ဆီးသွားတာ” ဟု မြေပြင်တွင်သွားရောက် ကူညီပေးခဲ့သည့် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
တပ်မ (၆၆) လက်အောက်ခံ စစ်ကောင်တပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် မအူကွင်း ကျေးရွာတွင် အိမ်ခြေ ၃၃ လုံးနှင့် ခမောက်ကျေးရွာတွင် အိမ်ခြေ ၇၂ လုံး မီးလောင် ကျွမ်းခဲ့ကြောင်း ဒေသခံများထံက သိရသည်။
“အခု မီးရှို့ဖျက်ဆီးသွားတဲ့ စစ်ကောင်စီတပ်က တပ်မ (၆၆) ယူနီဖောင်း ဘတ်တံဆိပ်တွေ တပ်ထားတာ။ အင်အား ၅၀ ကျော်လောက်ပါတယ်လို့ သိရတယ်” ဟု သွားရောက်ကူညီပေးခဲ့သည့် တော်လှန်ရေး တပ်ဖွဲ့ဝင်ထံက သိရသည်။
ကျေးရွာ နှစ် ရွာကို မီးရှို့ဖျက်ဆီးခဲ့သည့် အဆိုပါစစ်ကြောင်းသည် ဒေသခံများ ပိုင်ဆိုင်သည့် ပစ္စည်းများကိုပါယူဆောင်သွားခဲ့ပြီး လူဦးရေ ၄၀၀ ကျော်အိုးမဲ့အိမ်မဲ့ ဖြစ်နေကြောင်း ဒေသခံများထံက သိရသည်။
ဓာတ်ပုံ-ပေးပို့
ပုံစာ-ပေါင်းတည်တွင် ပြည်သူ့စစ်ဖွဲ့ရန် စာရင်းကောက်မရသည့် ကျေးရွာ ၂ ရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးထားစဉ်
#ပေါင်းတည် #ပြည်သူ့စစ်ဖွဲ့ရန် #စာရင်းကောက်မရ #ကျေးရွာ၂ရွာ #စစ်ကောင်စီတပ်မီးရှို့ #အိမ်ခြေ၁၀၀ကျော်မီးလောင် #Ayeyarwaddy_Times