
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၇ ရက်
ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့ နယ်ရှိ ကျေးရွာများတွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့် စစ်ကောင်စီလက်အောက်ခံ ရဲနှင့်စစ်သားများပူးပေါင်းကာ ပိုက်ဆံကောက်ယူပြီး လောင်းကစားဝိုင်းများဖွင့်လှစ်ထားကြောင်း ဒေသခံများထံကသတင်းရရှိသည်။
လောင်းကစားဝိုင်းများပြုလုပ်နေသည့် ကျေးရွာမှာ မိုးဟုတ် ကျေးရွာအုပ်စု၊ အညာစုကျေးရွာ ဖြစ်ပြီး စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးညွန့်စိန်နှင့် စစ်ကောင်စီလက်အောက်ခံ ရဲနှင့် စစ်သားများက ပူးပေါင်းကာ ဖွင့်လှစ်ခိုင်းထားခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။
”လောင်းစကားဝိုင်းတွေကတော့ အကြီးအကျယ်ပဲလုပ်နေကြတာကြာပြီ၊ ကြက်ဝိုင်း၊ ဂျင်ဝိုင်း၊ ဂျောက်ဂျက်ဝိုင်း၊ ဖဲဝိုင်းအစုံပါတယ်။ စစ်သားတွေရော ရဲတွေရော မူးရူးပြီး အဝင်အထွက်အပေါက်တွေမှာ သေနတ်တွေလွယ်ပြီး စောင့်ပေးနေကြတာ။ လောင်းစားဝိုင်းတွေ အရမ်းပေါလာတော့ ဆိုင်ကယ်တွေပါအရမ်းခိုးလာကြတယ်” ဟု ညောင်တုန်း မြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
အဆိုပါ လောင်းကစားဝိုင်းများသည် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးဦးညွန့်စိန်ကို တစ်ပတ်လျှင် နှစ်သိန်း၊နယ်ထိန်းဇော်မျိုး နှစ်သိန်း၊ နယ်ထိန်းခေါင်းဆောင် တင်အောင်မင်းထွန်း သုံးသိန်း၊ စခန်းမှူးသုံးသိန်းနှင့် မြို့နယ်မှူး အပြင် ခရိုင်ဒန၊ တိုင်းဒန၊ အဖွဲ့စုံ အားလုံးကို အဆင့်ဆင့် ပေးပြီးပြုလုပ်နေကြခြင်းဖြစ်ကြောင်း လောင်းကစားဝိုင်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
လက်ရှိတွင် ညောင်တုန်းမြို့ရှိ စစ်ကောင်စီလက်အောက်ခံ နယ်ထိန်းရဲတပ်ဖွဲ့ဝင်များသည် ၎င်းတို့ကိုယ်တိုင် မူးယစ်ဆေးဝါးများသုံးစွဲနေသည့်အပြင် ဖြန့်ဖြူးရောင်းဝယ်မှုများပါတွဲ၍လုပ်ကိုင်နေကြောင်း မြို့ခံများကပြောသည်။
#ညောင်တုန်းမြို့ #အုပ်ချုပ်ရေးမှူး #ရဲစစ်သားများ #ဆက်ကြေး #လောင်းကစားဝိုင်း #လုံခြုံရေးယူပေး #Ayeyarwaddy_Times