
အယိုက်လင်း၊ ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၇ ရက်
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ကျီးလေရွာကို ဇန်နဝါရီ ၁၅ ရက်နေ့၊ နေလည် ၂နာရီမိနစ် ၃၀ခန့်တွင် စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်သောကြောင့် ကလေးငယ်အပါဝင် အရပ်သား လေး ဦး သေဆုံးခဲ့ပြီး သုံးဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများထံက သိရှိရသည်။
ကျီးလေရွာတွင် ပလက်ဝမြို့နှင့် မီးလက်ဝ ကျေးရွာတို့မှ ထွက်ပြေးတိမ်းရှောင်လာကြသည့် စစ်ဘေးရှောင်များနှင့် အရပ်သားများ နေထိုင်သည့် ကျေးရွာဖြစ်ပြီး စစ်ကောင်စီသည် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းမရှိဘဲ အကြောင်းမဲ့ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
” သေဆုံးသွားတဲ့ လူတွေက စစ်ဘေးရှောင်တွေပါ။ ပလက်ဝမြို့နဲ့ မီးလက်ဝရွာဘက်က စစ်ဘေးရှောင်တွေ ဖြစ်ပါတယ်။ သေဆုံးတဲ့ထဲမှာ ကလေး တစ်ယောက်ပါတယ်။ ရွာဘက်မှာက တိုက်ပွဲလည်း မရှိပါဘူး။ ဒီအတိုင်းဘဲ ဗုံးလာကြဲသွားတာ။ ဒဏ်ရာရတဲ့ လူနာတွေလည်း စိုးရိမ်ရတဲ့အခြေနေပါ။ အခု လိုအပ်တဲ့ ဆေးကုသမူတွေ ခံယူနေကြပါတယ် “ဟု ကျီးလေရွာ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
သေဆုံးသွားသည့် အရပ်သားများသည် စစ်ဘေးရှောင်များဖြစ်ပြီး မောင်မြတ်သူအောင်(၈) နှစ်၊ ဦးမောင်ကျန်(၄၉)နှစ်၊ ဦးမောင်ဖြူ(၆၇)နှစ် နှင့် ဦးဇော်ဇော်လွင်(၃၇) နှစ် တို့ဖြစ်ပြီး ထိခိုက်ဒဏ်ရာရသည့် လူနာများသည် မောင်အောင်ဆန်း(၂၂)နှစ်၊ မဆန်းဆန်းနွယ်(၈)နှစ် နှင့် မနွေနွေသန်း (၃၉)နှစ် တို့ဖြစ်သည်။
ပလက်ဝမြို့နယ်တွင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့ကလည်း စစ်ဘေးရှောင်များနှင့် အရပ်သားများနေထိုင်သည့် မီးဇာကျေးရွားကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်သောကြောင့် ကလေးငယ်အပါဝင် စစ်ဘေးရှောင် ကိုး ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
#ချင်းပြည်နယ် #ပလက်ဝမြို့ #ကျီးလေရွာ #စစ်ကောင်စီဗုံးကြဲ #စစ်ဘေးရှောင်ထိခိုက်သေဆုံး
#Ayeyarwaddy_Times