
ဧရာ၀တီတိုင်းမ်
ဇန်နဝါရီ ၁၇ ရက်
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများမှ တပ်ဖွဲ့၀င်များအားလုံး စခန်းစွန့်ခွာ ထွက်ပြေးသွားကြ၍ မြို့ပေါ်တွင် တပ်ရင်းသုံးရင်းသာကျန်ရှိပြီး တပ်ရင်း နှစ်ရင်းကို AA က ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။
ရသေ့တောင်မြို့နယ်တွင် စစ်ကောင်စီတပ်မှ တပ်စခန်းများဖြစ်သည့် စေတီပြင်၊ စေတီကုန်း၊ မညှင်းတောင်၊ ရေစိုးချောင်း၊ ထီးစွဲ၊ ဆောက်ခတ်စခန်းတို့မှ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ စခန်းစွန့်ခွာထွက်ပြေးသွားကြပြီး မြို့ပေါ်တွင် တပ်ရင်းသုံးရင်းသာ ကျန်ရှိတော့ကြောင်း ရက္ခိုင့်တပ်တော် (AA) နှင့်နီးစပ်သည့် သတင်းရင်းမြစ်ထံက သိရသည်။
“ခမရ ၅၃၇ နဲ့ ၅၃၈ ကို AA က ညကတည်းကထိုးစစ် ဆင်ပြီးတိုက်ခိုက်လာတာ။ စစ်ကောင်စီကလည်း ည ၇ နာရီထဲက လေကြောင်းကနေတောက်လျှောက် ဗုံးကြဲတယ်။ တပ်ရင်းနားကဒေသခံတွေ ရှောင်နေရတယ်” ဟု ဒေသခံသတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။
အဆိုပါ ရသေ့တောင်မြို့နှင့် ငတောက်တူချေကျေးရွာ ကြားတွင်ရှိသည့် ခမရ-၅၃၆၊ ခမရ -၅၃၇၊ ခမရ- ၅၃၈ တပ်ရင်းများသာ ကျန်ရှိနေပြီး ခမရ ၅၃၇ နှင့် ခမရ ၅၃၈ ကို ယမန်နေ့ ဇန်နဝါရီ ၁၆ ရက်နေ့တွင် AA က အပြင်းအထန်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။
စစ်ကောင်စီသည် ယင်းတပ်ရင်းများ မကျစေရေးအတွက် တပ်ရင်းအနီးတစ်ဝိုက်နှင့် ဘာထလေ၊ ညောင်ပင်လှ၊ ပြားချောင်းကြီးနှင့် ကြိမ်သာစသည့်ကျေးရွာ များသို့ ယမန်နေ့ ည ၇ နာရီအချိန်မှစ၍ ဂျက်ဖိုက်တာ ထောက်ပို့ လေယာဉ်များအသုံးပြုကာ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန် ထားသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၁၅ ရက်နေ့က ရသေ့တောင်မြို့ နယ်တွင် နှစ်ရှည်အထိုင်ချ တပ်စွဲထားသည့် ထီးစွဲဗျူဟာကုန်းနှင့် ဆောက်ခတ်စစ်စခန်းများမှ စစ်ကောင်စီ တပ်သားများ တပ်ပြန်ဆုတ်ပြီး မညှင်းတောင်သို့လာသည့် Navy ရေယာဉ် လေး စီးဖြင့် ထွက်ခွာသွားကြောင်း ဒေသခံများထံက သိရသည်။
ထို့အပြင် ၁၄ ရက်နေ့တွင်လည်း စေတီပြင်နှင့် စေတီကုန်း နယ်ခြားစောင့်တပ်စခန်းများမှ မောင်တောမြို့နယ် အင်းဒင်စစ်စခန်းသို့ သွားရောက်ပူးပေါင်းခဲ့ကြသည့်အတွက် ယခု ကျန်ရှိသည့် တပ်ရင်းသုံးခုမှလွဲ၍ ရသေ့တောင်မြို့နယ် အတွင်းတွင် စစ်ကောင်စီ ကင်းစင်နယ် မြေဖြစ်နေပြီဟု ဒေသခံ သတင်းရင်းမြစ်က ဆိုသည်။
#ရခိုင် #ရသေ့တောင် #AAထိုးစစ်ဆင် #တပ်ရင်း၃ခုသာကျန်ရှိ #Ayeyarwaddy_Times