ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၇ ရက်

ဧရာ၀တီတိုင်း ပုသိမ်အကျဉ်းထောင် ဆန္ဒပြမှုတွင်ပါ၀င်သည်ဟု စွတ်စွဲထားသော နိုင်ငံရေးအကျဥ်းသား၃၃ဦးကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ စတင်ပြီး ယနေ့အထိ တစ်နှစ်ကြာတိုက်ပိတ်ထားဆဲဖြစ်ကြောင်း သတင်းရရှိသည်။

“တစ်နှစ်ကျော်နေပြီ မိသားစုနဲ့တွေ့ခွင့်မရသေးဘူး။ ထောင်၀င်စာတော့ ပေးလို့ရတယ် တစ်ချို့လဲ အရိုက်ခံရတဲ့ဒဏ်တွေနဲ့ ကိုယ်လက်အင်္ဂါ ချို့တဲ့တာတွေ ၊ နားကန်းသွားတာတွေရှိတယ် ဆေးကုသခွင့်မရဘူးလို့ကြားတယ်။ အကျဥ်းသားအခွင့်အရေးတွေ ဆုံးရူံးနေရတယ်”ဟု နိုင်ငံရေးအကျဥ်းသား မိသားစု၀င်တစ်ဦးမှဧရာ၀တီတိုင်မ်းကိုပြောသည်။

၂၀၂၃ခုနှစ် ဇန်နဝါရီလ ၆ရက်နေ့က နိုင်ငံရေးအကျဥ်းသားများ ဆန္ဒပြမှုကို စစ်ကောင်စီတပ်ဖွဲ့ များမှအကြမ်းဖက်ဖြိုခွင်းပြီး ဇွန်လတွင် ပါ၀င်ခဲ့သည်ဟု စွပ်စွဲထားသည့် အကျဉ်းသား ၆၂ဦး ကို ထောင်တွင်းတရားရုံးမှ ထောင်ဒဏ် သုံးနှစ်ထပ်တိုးအမိန့်ချခဲ့သည်။

အဆိုပါ ထောင်သုံးနှစ်ချခဲ့သည့် နိုင်ငံရေးအကျဉ်းသား၆၂ဦးထဲမှ ၃၃ဦးကို ပြည်သူ့ဝန်ထမ်းအား တာဝန်ဝတ္တရားဆောင်ရွက်ခြင်းမှ ဟန့်တားရန် မိမိအလိုအလျောက် နာကျင်စေမှု/အပြင်းအထန် နာကျင်စေမှု ရာဇသတ်ကြီးပုဒ်မ ၃၃၃ ၊ ၃၃၂ ပုဒ်မများဖြင့် ထောင်ဒဏ် ခြောက်နှစ်စီ ထပ်မံချမှတ်ခဲ့ပြန်သည်။

“ညွန်မှူးဦးဇော်စစ်အောင်က သူတို့ကြောင့် ထောင်ဆူပူမှုဖြစ်တယ်ဆိုပြီး အငြိုးထားတာ၊ညဘက်ရောက်ရင် နိုင်ငံရေးအကျဉ်းသား သုံးယောက်၊ လေးယောက်အမြဲခေါ်ရိုက်တယ်။ သံခြေခြင်းဒေါက်ခတ်ပြီး တစ်နေ့ကို ရေချိုးချိန် နာရီ၀က်လောက်ပဲ အပြင်ထွက်ရတယ်။ ဦးဇော်စစ်အောင်ပြောင်းသွားတော့ နောက်လာတဲ့ညွန်မှူးက ဒီအတိုင်းပဲ ဆက်လုပ်နေတယ်”ဟု ပုသိမ်အကျဥ်းထောင်မှ ပြန်လည်လွှတ်မြောက်လာသူတစ်ဦးက ဧရာ၀တီတိုင်းမ်ကိုပြောသည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၅ ရက် ညပိုင်းက ပုသိမ်အကျဥ်းထောင်တွင် မြန်အောင်မြို့နယ်မှ
CDM ကျောင်းဆရာအားသေဒဏ်ပေးရန် ကြိုးစင်ဆောက်ခြင်းကို ကန့်ကွက်ခဲ့သည့် ကိုဖိုးလပြည့်၊ ကိုဝင်းထွန်းနိုင်(ခ)ခေါလေး ၊ ကိုဝင်းမင်းထက်(ခ)ကိုမဲကြီး အပါ အဝင်နိုင်ငံရေးအကျဥ်းသားရှစ်ဦးကို လက်ကိုင်ဖုန်းတွေ့ရှိသည်ဟု စွပ်စွဲပြီး ထောင်ညွှန်မှူးဦးဇော်စစ်အောင် ဦးဆောင်ကာ သေလုမျောပါးဖြစ်သည်အထိ ရိုက်နှက်ပြီး တိုက်ပိတ်ထားခဲ့ခြင်းဖြစ်သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ခေါ်ယူနှိပ်စက်ခဲ့သော နိုင်ငံရေးအကျဥ်းသားများအနက် ကို၀င်းမင်းထက်(ခ)မဲကြီးတစ်ညလုံး ပျောက်ဆုံးနေသည့်အတွက် ထုတ်ပေးရန်တောင်းဆိုရာမှ ဆန္ဒပြမှုဖြစ်ပွါးခဲ့ကြသည်။

ဆန္ဒထုတ်ဖော်မှုဖြစ်စဉ်တွင် ရဲတပ်ဖွဲ့၏ပစ်ခတ်မှုကြောင့် PDF အဖွဲ့ဝင်ဟောင်း နိုင်ငံရေးအကျဉ်းသား ကိုဝေယံဖြိုး(ခ)ရာစု ကျဆုံးခဲ့ကာ အခြားအကျဉ်းသားပေါင်း ၆၄ ဦး ဒဏ်ရာရရှိခဲ့ပြီး နိုင်ငံရေးအကျဥ်းသားအချို့ကိုလည်း ထောင်အာဏာပိုင်များက ပုဒ်မ၄၂ ဖြင့် စစ်ဆေးအရေးယူမှုများပြုလုပ်ပြီး ထောင်၀င်စာပိတ်သိမ်းကာ နှိပ်စက်ညှင်းပန်းမှုများ ပြုလုပ်ခဲ့ကြောင်း အကျဉ်းဦးစီးဌာနနှင့် နီးစပ်သူများထံကသိရှိရသည်။

#ပုသိမ်အကျဉ်းထောင် #ဆန္ဒပြမှု #နိုင်ငံရေး #အကျဥ်းသား၃၀ကျော် #တစ်နှစ်ပြည့်သည်အထိ #တိုက်ပိတ်ထား #Ayeyarwaddy_Times