
မြရာ/ဧရာ၀တီတိုင်းမ်
ဇန်နဝါရီ ၁၇ ရက်
ရှမ်းမြောက်၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာရွာသို့ ယမန်နေ့ ဇန်နဝါရီ ၁၆ ရက်နေ့ နေ့လယ် ၁၂ နာရီခန့်က ဗုံး လာကြဲသည့် စစ်ကောင်စီ၏ တိုက်လေယာဉ်ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကပစ်ချခဲ့ရာ အဆိုပါတိုက်လေယာဉ်တွင်ပါသည့် လေယာဉ်မှူးနှစ်ဦးလုံး သေဆုံးပြီး တိုက်လေယာဉ်မှာ တရုတ်နိုင်ငံထုတ် အမျိုးအစားဖြစ်ကြောင်း သိရသည်။
ထို့အပြင် ယနေ့ ဇန်နဝါရီ ၁၇ ရက်နေ့တွင်လည်း နမ့်ဖတ်ကာကို လာရောက်တိုက်ခိုက်သည့် တိုက်လေယာဉ်တစ်စီးကို KIA မှ ထပ်မံပစ်ချတိုက်ခိုက်နိုင်ခဲ့ပြီး တိုက်လေယာဉ်ကို ထိမှန်သွားသည့် သတင်းများ ထွက်ပေါ်လျက်ရှိသည်။
“ဟုတ်ကဲ့…အဲ့ဒါတော့ ကျွန်တော်တို့ မကြားသေးဘူး။ အခုလက်ရှိမှာ တိုက်ပွဲတွေဖြစ်နေတာဆိုတော့” ဟု ယနေ့ စစ်ကောင်စီ၏ လေယာဉ်ကို ထပ်မံပစ်ချနိုင်သည်ဆိုသည့် သတင်းနှင့်ပတ်သက်၍ KIA ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ဧရာ၀တီတိုင်းမ်ကို ပြန်လည်ဖြေကြားသည်။
ယမန်နေ့က နမ့်ဖတ်ကာသို့ ဗုံးလာကြဲစဉ် ပစ်ချခံခဲ့ရပြီး လေယာဉ် တွင်လိုက်ပါလာသည့် လေယာဉ်မှူး ဗိုလ်မှူးနှင့် တွဲဖက် လေယာဉ်မှူးဗိုလ်ကြီးတို့ သေဆုံးသွားကြောင်း တပ်တွင်းသတင်းရင်းမြစ်က ဆိုထားသည်။
အဆိုပါ တိုက်လေယာဉ်သည် နမ့်ဆန်လေတပ်စခန်းဌာနချုပ်မှ နံနက် ၁၀ နာရီ၀န်းကျင်တွင် နမ့်ဖတ်ကာရွာသို့ဗုံးကြဲရန် ထွက်လာခြင်းဖြစ်ပြီး ဗုံးလာကြဲစဉ်တွင် KIA မှပစ်ချ နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၎င်းတို့နှစ်ဦးသည် နမ့်ဆန်လေတပ်ဌာနချုပ်ကို အသစ်ပြောင်းရွှေ့လာသူများဖြစ်ပြီး ရောက်ရှိနေသည်မှာမကြာသေးဘဲ ယခုလိုပစ်ချခံရပြီး သေဆုံးခြင်းဖြစ်ကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။
“ကျွန်တော်တို့ နယ်မြေရှင်းလင်းရေးမှာ အခက်အခဲရှိပါတယ်။ ဒီနေ့ (ဇန်နဝါရီ ၁၇) နေ့လယ်အထိ နယ်မြေရှင်းလင်းရေး မပြီးပြတ်သေးဘူး။ ဘာလို့လဲဆိုတော့ မနေ့က တိုက်လေယာဉ်က စစ်ကောင်စီရဲ့ တပ်စခန်းအနီးမှာပဲ ကျသွားတာဆိုတော့ သူတို့လည်း လုံခြုံရေးကို လုပ်ထားတယ်။ ညနေပိုင်းမှာ လေယာဉ်ထပ်ပစ်ချနိုင်တဲ့ သတင်းတော့ မကြားသေးဘူး” ဟု KIA မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။
KIA က ပစ်ချခဲ့သည့် တိုက်လေယာဉ်မှာ တရုတ်နိုင်ငံထုတ် FTC 2000G အမျိုးအစားဖြစ်သည်ဟု စစ်ကောင်စီ၏ လေတပ်သတင်းရင်းမြစ်များထံက သတင်း ထွက်ပေါ်လျက်ရှိသော်လည်း KIA အနေဖြင့် ထပ်မံထုတ်ပြန်ထားခြင်း မရှိပေ။
ပုံစာ-တရုတ်နိုင်ငံထုတ် FTC 2000G အမျိုးအစား လေယာဉ်တစ်စီးကို တွေ့ရစဉ် (ပုံဟောင်း)
#KIAပစ်ချတိုက်လေယာဉ် #လေယာဉ်မှူး၂ဦးသေဆုံး #လေယာဉ်တစ်စီး #ထပ်မံပစ်ချ #အတည်ပြုနိုင်ခြင်းမရှိ #Ayeyarwaddy_Times