ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၇ ရက်

၂၀၂၄ ခုနှစ် နှစ်သစ်ကူးကာလအတွင်း နိုင်ငံရေးကဏ္ဍတွင် တော်လှန်ရေး သတင်း ကောင်းများပေါ်ထွက်လာသည်ကို တွေ့ရသော်လည်း စီးပွားရေးကဏ္ဍတွင်မူ အကြောင်းအရင်း များစွာဖြင့်ကုန်စည်ဈေးနှုန်းက အမြင့်ဈေးတွင်သာရှိနေသည်။

ယခု ၂၀၂၄ နှစ်စတွင် အကယ်ဒမီ အခေါက်ရွှေဈေးနှုန်း အနည်းငယ်မြင့်တက်လာသည်။ ထို့ပြင်ဆန်သစ်ပေါ်ချိန်ဖြစ်သော်လည်း ဆန်ဈေးနှုန်းမှာ ကျဆင်းသွားခြင်းမရှိဘဲ ဆန်အသစ်နှင့် ဆန်အဟောင်းဈေးပါ သိသိသာသာမြင့်တက်နေသည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ဇန်နဝါရီလအတွက် ၂၀၂၃ ခုနှစ်မိုးစပါးမှထွက်သော ဆန်သစ်ဈေး သတ်မှတ်ချက်သည် ပြင်ပပေါက်ဈေးနှင့်နှိုင်းယှဉ်ပါက ကျပ်တစ်သောင်းမှ နှစ်သောင်းကြား ကွာဟလျက်ရှိကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။

ထို့အပြင် သယ်ယူပို့ဆောင်ရေးကဏ္ဍအတွက် မရှိမဖြစ်လိုအပ်သော စက်သုံးဆီဈေးနှုန်းသည် ဈေးအမြင့်မှာပင်တန့်နေပြီး ယခင်ကကဲ့သို့ အချိန်ပြည့်လုံလောက်စွာ ဝယ်ယူနိုင်ခြင်း မရှိသေးကြောင်း မော်တော်ယာဉ်မောင်းများထံက သိရသည်။

ယင်းအပြင် နိုင်ငံခြားငွေလဲလှယ်နှုန်းထား၊ အကယ်ဒမီအခေါက်ရွှေဈေး၊ စက်သုံးဆီ ဈေးနှုန်း အပါအဝင် အခြေခံစားသောက်ကုန် ဈေးနှုန်းများမှာ အမြင့်မှာပင်ရှိကြောင်း စုံစမ်းသိရသည်။

#နိုင်ငံခြားငွေလဲလှယ်ဈေးနှုန်း

စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဇန်နဝါရီ ၁၅ ရက်နေ့တွင် နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း အမေရိကန်ဒေါ်လာ ၁၅ သန်းရောင်းချပေးမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

“ဗဟိုဘဏ်ကထုတ်ရောင်းလည်း သူတို့လက်ထဲပဲရောက်တာပဲ။ ပြီးရင် ဒီငွေနဲ့ စက်သုံးဆီ ဝယ်တယ် လုပ်ဦးမှာပဲ။ ငွေလိုတဲ့အခြားသူတွေလက်ထဲ (ဒေါ်လာ) ရောက်ဖို့ လမ်းမမြင်ပါဘူး” ဟု ဒေါ်လာရောင်းဝယ်ရေးနှင့်နီးစပ်သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

လက်ရှိ အမေရိကန်ဒေါ်လာဈေးကွက်တွင် ယခုနှစ်ပတ်အတွင်း ဈေးနှုန်းအတက်အကျ အနေဖြင့် တစ်ဒေါ်လာလျှင် ကျပ် ၁၀ မှ ၂၀ ဝန်းကျင်ရှိကြောင်းသိရသည်။

ဇန်နဝါရီ ၁ ရက်နေ့တွင် အမေရိကန်ဒေါ်လာ တစ်ဒေါ်လာလျှင် ကျပ် ၃,၄၇၀ ဖြစ်ပြီး ဇန်နဝါရီ ၁၆ ရက်နေ့တွင် ကန်ဒေါ်လာလျှင် ကျပ် ၃,၄၆၀ ရှိကြောင်း ဈေးကွက် အတွင်းက စုံစမ်းသိရသည်။

စစ်ကောင်စီ၏ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က တရားမဝင်‌ငွေလွဲလုပ်ငန်းဟွန်ဒီလုပ်သူ ၂၀ ဦးကို သက်ဆိုင်ရာဥပဒေများနှင့်အညီ တရားစွဲဆိုထားပြီးအရေးယူနိုင်ရန် ဆောင်ရွက်လျက် ရှိကြောင်း ယခု ဇန်နဝါရီ ဒုတိယပတ်တွင် ဗဟိုဘဏ်က ထုတ်ပြန်သည်။

တရုတ်ယွမ်ဈေးကွက်တွင် နှစ်ပတ်အတွင်းတစ်ယွမ်လျှင် ကျပ်ငွေ ၁၀ မှ ၁၅ ကျပ်အကြားအတက် အကျရှိပြီး စစ်ကောင်စီက တရားမဝင်နိုင်ငံခြားငွေလဲလုပ်ငန်း (ဟွန်ဒီ) လုပ်သူများကိုဖမ်းဆီးနေသဖြင့် လူမှုကွန်ရက်စာမျက်နှာတွင် ငွေဈေးနှုန်းများ ဖော်ပြရဲခြင်းမရှိကြောင်း ငွေလွှဲလုပ်သူတစ်ဦးက ပြောကြားသည်။

ဇန်နဝါရီ ၁ ရက်နေ့တွင် တရုတ်တစ်ယွမ်လျှင် ၄၇၅ ကျပ်ရှိရာမှ ဇန်နဝါရီ ၁၆ ရက်နေ့တွင် တစ်ယွမ်လျှင် ကျပ် ၄၆၅ ကျပ်ရှိကြောင်းသိရသည်။

ထိုင်းဘတ်ဈေးနှုန်းတွင်မူ ယခုနှစ်ပတ်အတွင်း တစ်ဘတ်လျှင် ကျပ် ၉၉ ဖြင့် ဈေးအမြင့်တွင်ငြိမ်နေ ကြောင်းသိရသည်။

ဇန်နဝါရီ ၁ ရက်နေ့တွင် ထိုင်းတစ်ဘတ် ၉၉ ကျပ်ရှိရာ ဇန်နဝါရီ ၁၆ ရက်နေ့တွင်လည်း ထိုင်းတစ်ဘတ် ၉၉ ကျပ်ပင်ဖြစ်ကြောင်း ဈေးကွက်အတွင်းက စုံစမ်းသိရသည်။

#ပြည်တွင်းရွှေနှုန်း

ကမ္ဘာရွှေဈေးနှုန်းမြင့်တက်ချိန်တွင် ပြည်တွင်းရွှေဈေးနှုန်းလည်း မြင့်တက်နေသည်။ ယခုနှစ်ပတ်အတွင်း အကယ်ဒမီအခေါက်ရွှေ တစ်ကျပ်သားဈေးနှုန်းသည် ကျပ်ခြောက် သောင်း (၆၀,၀၀၀) ကျော်မြင့်တက်လာကြောင်း ရွှေဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။

“ ရွှေဈေးဘယ်လောက်တက်တက် ဝယ်တဲ့သူတွေရှိနေတာပါပဲ။ အိမ်က အမေဆိုရင် ဈေးကျရင်ဝယ်ထား လိုက်တယ်။ ဈေးတက်ရင်ပြန်ရောင်းတယ် အခုတော့ ရွှေဆိုင် တွေက ဝယ်ဈေး ရောင်းဈေး အရမ်းခွာတော့ ငွေလိုလို့ ရောင်းရင် ရှုံးတာများတယ်။ ရွှေဆိုင်တွေပဲမြတ်နေတာ” ဟု ရွှေစုဆောင်းသူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ဇန်နဝါရီ ၁ ရက်နေ့တွင် အကယ်ဒမီအခေါက်ရွှေ တစ်ကျပ်သားလျှင် သုံးဆယ့်ခုနစ်သိန်းတစ်သောင်း (၃,၇၁၀,၀၀၀) ကျပ်မှ ဇန်နဝါရီ ၁၆ ရက်နေ့တွင် သုံးဆယ့် ခုနစ်သိန်း ရှစ်သောင်း (၃,၇၈၀,၀၀၀) ကျပ်ရှိကြောင်း ရွှေဆိုင်များထံက သိရသည်။

#ပြည်တွင်းစက်သုံးဆီဈေးနှုန်း

ပြည်တွင်းစက်သုံးဆီဈေးနှုန်းသည် နေ့စဉ်အပြောင်းအလဲဖြစ်ပေါ်ခြင်းမရှိသည့်အပြင် ဈေးနှန်းအမြင့်တွင် ရက်ကြာကြာ နေလေ့ရှိကြောင်းသိရသည်။ စက်သုံးဆီဆိုင်များက ဆီရောင်းရာတွင်အကန့် အသတ်ဖြင့်သာရောင်းချသည်။ အများဆုံး ကျပ်ငါးသောင်းဖိုး အထိသာရရှိသည်။

ထို့ပြင် မနက်ပိုင်းတွင် စက်သုံးဆီအမျိုးအစားအားလုံး ပုံမှန်ရရနိုင်ပြီး ညနေပိုင်းတွင်မူ တစ်မျိုးမဟုတ် တစ်မျိုးပြတ်လပ်မှုရှိကြောင်း မော်တော်ယာဉ်မောင်းတစ်ဦးထံက သိရသည်။

“မြို့တွင်းမှာဆီဝယ်လို့ရပေမယ့် အကန့်အသတ်နဲ့ပဲ။ ငါးသောင်းဖိုးကအများဆုံးပဲ ကားကြီးတွေဆို တစ်သိန်းလောက်ထိရတယ်။ ဆီကဝယ်လို့တော့ရတယ် မပေါဘူးပေါ့။ ဒီကာလဒီလိုပဲသွားမယ်ထင်ပါတယ်”ဟု ၎င်းက ဧရာ၀တီတိုင်းမ်ကို ဆက်လက် ပြောကြားသည်။

ဇန်နဝါရီ ၁၆ ရက်နေ့တွင် အောက်တိန်း ၉၂ တစ်လီတာ ၂,၅၁၅ ကျပ်၊ ၉၅ တစ်လီတာ ၂,၆၂၅ ကျပ်၊ ပရီမီယံဒီဇယ် ၂,၄၄၀ ကျပ်နှင့် ဒီဇယ် ၂,၃၆၀ ကျပ်ဖြစ်ကြောင်း စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

ဇန်နဝါရီ ၁ ရက်နေ့တွင် အောက်တိန်း ၉၂ တစ်လီတာ ၂,၅၅၀ ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာ ၂,၆၅၅ ကျပ် ၊ ပရီမီယံဒီဇယ် ၂,၄၉၀ ကျပ်နှင့် ဒီဇယ် ၂,၄၈၀ ကျပ်ဖြစ်ပြီး အဆိုပါဈေးနှုန်းဖြင့် ဒီဇင်ဘာ ၂၉ ရက်နေ့မှ ဇန်နဝါရီ ၄ ရက်နေ့ထိ အမြင့်ဈေးဖြင့် ရောင်းချကြောင်း ယင်းကော်မတီထံက သိရသည်။

“ဆီဝယ်လို့ရပေမဲ့ တချို့ဆီဆိုင်တွေက ဆိုင်ကယ်ဆီထည့်ဖို့ အပြည့်တောင် မရောင်းပေးဘူး။ ငါးထောင်ဖိုး လောက်ပဲရောင်းတယ်။ ဆီဆိုင်တစ်ခါသွားဆီထည့်တာနဲ့ ကယ်ရီဆွဲခသိပ်မကျန်ပါဘူး” ဟု ဆိုင်ကယ်ကယ်ရီဆွဲသူတစ်ဦးက ညည်းတွာပြောဆို သည်။

#အခြေခံစားသောက်ကုန်ဈေးနှုန်း

စစ်ရှိန်မြင့်နေသော ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတို့ အပစ်ရပ်စဲထားချိန်တွင် ကုန်စည်လမ်းကြောင်း ပြန်ပွင့်လာရန် ကုန်သည်များ မျှော်လင့်နေကြကြောင်းသိရသည်။

ပြည်တွင်းထွက်ကုန်ဆန်အပါအဝင် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံမှဝင်ရောက်လာသော စားသောက် ကုန်၊ လူသုံးကုန်ဈေးနှုန်းမြင့်တက်နေသည်။ ထို့ပြင်စားဖိုဆောင်သီးနှံ ဈေးများက ဈေးအမြင့်တွင်ငြိမ်သက်နေသည်။ စားအုန်းဆီးဈေးသည် ကျပ် ၃၀၀ ကျော်မြင့်လာသည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ဇန်နဝါရီလအတွက် ဆန်ဈေးနှုန်းသက်မှတ်ရာတွင် ဆန်အသစ် ဈေးနှုန်းအဖြစ် ရွှေဘိုပေါ်ဆန်းတစ်အိမ်လျှင် ကျပ် ၁၂၅,၀၀၀ မှ ၁၃၅,၀၀၀ ကျပ်၊ ဧရာဝတီ ( ဘေးကြား/တောင်ပျံ) တစ်အိတ်လျှင် ၁၁၀,၀၀၀ ကျပ်မှ ၁၁၅,၀၀၀ ကျပ်၊ ဧရာဝတီပေါ်ဆန်းများ တစ်အိမ်လျှင် ၁၀၀,၀၀၀ ကျပ်မှ ၁၁၀,၀၀၀ ကျပ်၊ ဧည့်မထအုပ်စုဝင်များအတွက် ၈၀,၀၀၀ ကျပ်မှ ၈၅,၀၀၀ ကျပ်ကြားဈေး သတ်မှတ်ထားကြောင်းသိရသည်။

အဆိုပါအသင်းသတ်မှတ်ဈေးနှုန်းသည် ပြင်ပဆန်ဈေးကွက်ပေါက်ဈေးထက် ကျပ် တစ်သောင်းမှ နှစ်သောင်းကြားအထိ ကွာဟလျက်ရှိကြောင်းသိရသည်။

လက်ရှိဆန်အရောင်းအဝယ်ဈေးကွက်တွင် ဆန်အဟောင်းရှားလာပြီး ဆန်သစ်အများ အပြားဝင် ရောက်လာကာ ဆန်အသစ်ဝယ်ယူသူများပြီဖြစ်ကြောင်း လက်လီလက်ကား ဆန်ရောင်းချသူတစ်ဦးက ပြောကြားသည်။

“ဆန်အဟောင်းနဲ့ ဆန်သစ်က ဈေးအရမ်းမကွာတော့ဘူး။ ဆန်ဟောင်းရင်လည်းပိုး တတ်မှာစိုးကျတော့ ဆန်သစ် ဝယ်လာကြပြီ။ ဆိုင်မှာလည်း ဆန်အဟောင်းရော အသစ်ရောရှိတယ်။ ဧရာရွှေဘို ဆန်ဟောင်း တစ်သိန်းခွဲဈေးက ရွှေဘိုဆန်သစ်နဲ့ ဈေးတူတူပဲ” ဟု ဆန်ရောင်းသူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ရွှေဘိုအိုးဝင်အသစ် တစ်အိတ် ၁၅၀,၀၀၀ ကျပ်၊ ကျားပျံအသစ် ၁၂၈,၀၀၀ ကျပ်၊ တောင်ပျံအသစ် ၁၂၄,၀၀၀ ကျပ်၊ ဖျာပုံပေါ်ဆန်းမွှေးအသစ် ၁၁၈,၀၀၀ ကျပ်၊ ပေါ်ဆန်းရိုးရိုး အသစ် ၁၀၀,၀၀၀ ကျပ်၊ ရက် ၉၀ အသစ် ၉၀၀၀၀ ကျပ်၊ ဆင်းသုခအသစ် ၈၂၀၀၀ ကျပ်ရှိကြောင်း ဆန်လက်လီလက်ကားရောင်းချသည့်ဆိုင်က သိရသည်။

ထို့ပြင်ဆန်အဟောင်းဈေးတွင် မနောသုခရှယ်တစ်အိမ် ၉၀,၀၀၀ ကျပ်၊ ဇီယာရှယ် ၈၈,၀၀၀ ကျပ်၊ ရက် ၉၀ ထူးရှယ် ၉၅,၀၀၀ ကျပ်၊ အညာသား ၉၈,၀၀၀ ကျပ်၊ ဆင်းသွယ် ၁၀၂,၀၀၀ ကျပ်၊ ကျားပျံရှယ် ၁၄၆,၀၀၀ ကျပ် နှင့် ဧရာရွှေဘိုအဟောင်း ၁၅၀,၀၀၀ ကျပ်ရှိကြောင်းသိရသည်။

“ ကုန်ဈေးနှုန်းတွေတက်တော့ရှိတဲ့ ပိုက်ဆံအကုန်သုံးမရဘူး။ ဆန်အချောမှကြိုက်တော့ ရွှေဘိုပေါ်ဆန်းနဲ့ ဇီယာကိုရောချက်တယ်”ဟု ရန်ကုန်မြို့ခံအိမ်ရှင်မ တစ်ဦးက ဆိုသည်။

ထို့ပြင်စားသုံးဆီဈေးနှုန်းတွင် စစ်ကောင်စီသတ်မှတ်ဈေးအဖြစ် ဇန်နဝါရီ ၈ ရက်မှ ၁၄ ရက်နေ့အထိ ရန်ကုန်အထိုင် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း စားအုန်းဆီတစ်ပိဿာ လျှင် ကျပ် ၄,၉၅၅ ကျပ်သတ်မှတ်ထားပြီး ဇန်နဝါရီ ၁၅ ရက်နေ့မှ ၂၁ ရက်နေ့အထိ တစ်ပိဿာလျှင် ကျပ် ၅,၂၅၀ ဖြစ်ကြောင်းသိရသည်။

ယခုသီတင်းနှစ်ပတ်အတွင်း ပြည်တွင်းသုံးစွဲမှုများသော စားအုန်းဆီဈေး ကျပ် ၃၀၀ ခန့်မြင့်တက်လာသည်။ မြန်မာနိုင်ငံ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း အပါအဝင် စားအုန်းဆီတင်သွင်းသည့် ကုမ္ပဏီများ ပူးပေါင်း၍ စစ်ကောင်စီသတ်မှတ်ဈေးနှုန်းဖြင့် စားအုန်းဆီရောင်းချပေးနေပြီး ပြည်သူများက ၎င်းတို့ရောင်းချပေးသည့် နေရာများတွင် တန်းစီး၍ တိုးဝယ်နေရသည်။

ထို့ပြင် စားဖိုဆောင်သီးနှံဈေးနှုန်းများတွင် ဆောင်းရာသီဖြစ်၍ ဟင်းသီးဟင်းရွက်များ ဈေးသက်သာပြီး ကြက်သွန်နီဈေး ၅၀၀ ကျပ် ကျဆင်းပြီး ကျန်အသီးအနှံများ ဈေးအမြင့်တွင်ပင်ရှိနေသည်။

ယခု ဇန်နဝါရီ ဒုတိယပတ်တွင် ကြက်သွန်နီ တစ်ပိဿာ လေးထောင့်ငါးရာ (၄,၅၀၀) ကျပ်၊ ကြက်သွန်ဖြူ (ဗမာဥ)တစ်ပိဿာ နှစ်သောင်း(၂၀,၀၀၀)ကျပ်၊ ကြက်သွန်ဖြူ(ရှမ်းဥ) တစ်ပိဿာ တစ်သောင်းခွဲ (၁၅,၀၀၀)ကျပ်၊ အာလူးတစ်ပိဿာလျှင် လေးထောင် (၄,၀၀၀) ကျပ်ဖြစ်ကြောင်း ဈေးကွက်အတွင်းက စုံစမ်းသိရသည်။

ရန်ကုန်တိုင်းအတွင်းရှိ စျေးနှုန်းများဖြစ်ပါသည်။

(ဧရာ၀တီတိုင်းမ်သတင်းဌာနအနေဖြင့် ရန်ကုန်မြို့အတွင်းရှိစျေးကွက်၊ ညောင်ပင်လေး ဈေးနှင့် လက်လီဈေးကွက်တို့တွင် ဒီဇင်ဘာ ၁ ရက်နေ့မှ ဒီဇင်ဘာ ၁၆ ရက်နေ့အတွင်း ကောက်ယူထားခြင်းဖြစ်ပြီး အချိန်နှင့် အမျှဈေးနှုန်း အပြောင်းအလဲ ဖြစ်ပေါ် နိုင်ပါသည်။)

#ဒေါ်လာရွှေစက်သုံးဆီဈေးနှုန်း #အခြေခံစားသောက်ကုန်ဈေးနှုန်း #စျေးကွက်သတင်း #ဇန်နဝါရီ၁မှဇန်နဝါရီ၁၆ #Ayeyarwaddy_Times