မြရာ/ဧရာ၀တီတိုင်းမ်
ဇန်နဝါရီ ၁၇ ရက်

ရှမ်းမြောက်ရှိ တအာင်းတပ်မတော် (TNLA) သိမ်းပိုက် ထားသည့်မြို့များတွင် ၎င်းတို့ အုပ်ချုပ်ရေးလုပ်ငန်းများ စတင်နေပြီဖြစ်ကာ နမ့်ခမ်းမြို့ကို ခေါင်းဆောင်ပိုင်းများ သွားရောက် စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

ပလောင်ပြည်နယ်လွတ် မြောက်ရေးတပ်ဦး (PSLF/TNLA) တွဲဖက် အတွင်းရေးမှူး(၁)ဗိုလ်မှူးကြီး တားအိုမ်တမာဝ်းနှင့် အုပ်ချုပ်ရေးဌာနမှူး ဗိုလ်မှူးကြီး တားဂူဇားတို့သည် ယနေ့ ဇန်နဝါရီ ၁၇ ရက်နေ့ နံနက်ပိုင်းက နမ့်ခမ်းမြို့နယ်အတွင်းသို့ သွားရောက်၍ ကြည့်ရှုကြီးကြပ်ခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။

ရှမ်းမြောက်တွင် TNLA သိမ်းပိုက်ထိန်းချုပ်ထားသည့် မြို့ကြီး ခုနစ် မြို့ရှိပြီး အဆိုပါ မြို့များတွင် စစ်ကောင်စီ၏အုပ်ချုပ်ရေးယန္တယားများကို ပယ်ဖျက်ပြီး ၎င်းတို့၏ အုပ်ချုပ်ရေးယန္တယားအသစ်များ ဖော်ဆောင်နိုင်ရန် ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။

TNLA အနေဖြင့် ၎င်းတို့ သိမ်းယူထားသည့် နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ မိုင်းငေါ့၊ မိုင်းလုံ၊ နမ့်ခမ်းနှင့် ကွတ်ခိုင်တို့တွင် အုပ် ချုပ်ရေးလုပ်ငန်းများ စတင်နေပြီး ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို ဦးစားပေးလုပ်ဆောင်ရန် ဆောင်ရွက်နေသည်ဟု ဆိုထားသည်။

အလားတူ ကိုးကန့်တပ်မတော် (MNDAA) ကလည်း ၎င်းတို့ထိန်းချုပ်ထားသည့် ကိုးကန့် အထူးဒေသတွင် စစ်ကောင်စီထုတ်ပြန်ထားသည့် ဥပဒေများနှင့်အုပ်ချုပ်ရေးများကို ပယ်ဖျက်လိုက်ပြီး ၎င်းတို့အုပ်ချုပ်ရေးများဖြင့် လည်ပတ်နိုင်ရန် ဆောင်ရွက်နေကြောင်း ထုတ်ပြန်ထားသည်။

ဓာတ်ပုံ-TNLA
#TNLA #သိမ်းပိုက်မြို့များ #အုပ်ချုပ်ရေးလည်ပတ် #နမ့်ခမ်း #Ayeyarwaddy_Times