ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၅ ရက်

စစ်တပ် အာဏာသိမ်းကတည်းက သတင်းမီဒီယာသမားများကို ပစ်မှတ်ထားဖမ်းဆီးလျက်ရှိကာ ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ခံရသော မှတ်တမ်းရုပ်ရှင်ဒါရိုက်တာရှင်ဒေဝီ အပါအဝင် မတရားဖမ်းဆီးခံထားရသော သတင်းမီဒီယာသမားများကို လွှတ်ပေးရန် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့(HRW) ၊ နယ်စည်းမခြားသတင်းထောက်များအဖွဲ့ (RSF) ၊ လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM) နှင့် လွတ်လပ်သော မြန်မာသတင်းစာဆရာများ အစည်းအရုံး (IMJA) တို့က ကြေညာချက်များ ထုတ်ပြန်၍ တောင်းဆိုထားသည်။

လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ ( HRW ) ကြေညာချက်တွင် ဖမ်းဆီခံရသူများနှင့် အမိန့်ချခံရသူသတင်းမီဒီယာသမားများသည် တရားဥပဒေအရ ပြန်လည်ချေပခွင့် မရှိသည့်အပြင် နိုင်ငံတကာတရားဥပဒေလမ်းကြောင်း အတိုင်း ဆောင်ရွက်ခြင်းမရှိဘဲ သတင်းထောက်များကို စစ်ခုံရုံးမှထောင်ဒဏ် ချမှတ်ခံနေရသဖြင့် ပြန်လွှတ်ပေးရန် ဆိုထားသည်။

နယ်စည်းမခြားသတင်း ထောက်များ အဖွဲ့ ( RSF) ကမြန်မာနိုင်ငံတွင် သတင်းမီဒီယာ အလုပ်သည် အကျဉ်းချခံရခြင်း၊ ညှဉ်းပန်းနှိပ်စက်ခံရခြင်း သို့မဟုတ် သတ်ဖြတ်ခံရခြင်း အပါအဝင် ခြိမ်းခြောက်မှုများနှင့် အလွန်ကိုအန္တရာယ်များ‌သော အလုပ် အကိုင်တစ်ခု ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

” မှတ်တမ်းရုပ်ရှင်ဒါရိုက်တာတစ်ဦးကို အကြမ်းဖက်ဝါဒအကြောင်းပြပြီး ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်တာက စစ်အာဏာရှင်အစိုးရတွေရဲ့ ထင်တိုင်းကြဲမှုနဲ့ ရက်စက် ကြမ်းကြုတ်မှု အတိုင်းအတာကိုပြသတယ်။ သူတို့လွတ်မြောက်ရေးအတွက် နိုင်ငံတကာ အသိုက်အဝန်းက မြန်မာစစ်အစိုးရကို ဖိအားတွေ ပြင်းပြင်းထန်ထန် လုပ်ဆောင် ကြဖို့လိုတယ် ” ဟု RSF Asia-Pacific Bureau Director Cédric Alviani က ပြောကြားထားသည်။

လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM) အနေဖြင့် မှတ်တမ်းရုပ်ရှင် ရိုက်ကူးခြင်း၊ သတင်းရေးသားတင်ဆက်ခြင်းသည် သတင်းမီဒီယာ ကျင့်ဝတ်အရဖြစ်စေ၊ နိုင်ငံတကာဥပဒေ၊ တည်ဆဲဥပဒေများအရဖြစ်စေ ပြည်သူတို့၏ သတင်းရယူသိပိုင်ခွင့် (Right to Information) ကို တရားဝင်လုပ်ဆောင် ပေးခြင်း သာဖြစ်သဖြင့် လွတ်လပ်စွာသတင်းရယူ တင်ဆက်ခြင်းကို ဟန့်တားမှုဖြစ်စေသည့် အတွက် မတရား ဖမ်းဆီးခံထားရသော သတင်းသမားများအားလုံး ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ် ပေးရန် တောင်းဆိုထားသည်။

“ဖမ်းဆီးခံသတင်းသမားများ အမြန်ဆုံးလွတ်မြောက်ရေးနှင့် တရားဝင်မီဒီယာ လုပ်ငန်းများ ဘေးကင်းလုံခြုံစွာ လုပ်ဆောင်နိုင်ရေးတို့ကို အဓိကဦးစားပေးလုပ်ငန်းစဉ် အဖြစ် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်” ဟု IPCM က ဆိုသည်။

ထိုအတူ လွတ်လပ်သော မြန်မာသတင်းစာဆရာများ အစည်းအရုံး (IMJA)က စစ်ကောင်စီအနေဖြင့်သတင်းသမားများကို ပစ်မှတ်ထားဖမ်းဆီးမှုများ၊ စစ်ကောင်စီအ နေနဲ့ သတင်းသမားများအပေါ်ပစ်မှတ်ထားဖမ်းဆီးမှုများ၊ သတင်းရယူခြင်း အပါအဝင် သတင်းလုပ်ငန်းနှင့် မသက်ဆိုင်သည့်ပုဒ်မများဖြင့်တရားစွဲဆိုခြင်း၊ အမြင့်ဆုံး ပြစ်ဒဏ် ချမှတ်ခြင်းများကိုချက်ခြင်းရပ်တန့်ပြီး ဖမ်းဆီးထားသော သတင်းသမားများအားလုံးကို ချွင်းချက်မရှိအမြန်ဆုံးပြန်လွှတ်ပေးရန် လည်း တိုက်တွန်းတောင်းဆိုထားသည်။

“ယခုကဲ့သို့ သတင်းသမားများအပေါ် အမြင့်ဆုံးပြစ်ဒဏ်ချမှတ်ခြင်းလုပ်ရပ်အား ပြင်းပြင်းထန်ထန် ရှုတ်ချပြီး သတင်းမီဒီယာသမားများအပေါ် ကျူးလွန်သည့် ပြစ်မှုတစ်ခုအနေဖြင့် မှတ်တမ်းတင်ထားရှိမည်” ဟု IMJA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီသည် မှတ်တမ်းရုပ်ရှင်ဒါရိုက်တာ ရှင်ဒေဝီကို စစ်ကောင်စီက ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် ထောင်ဒဏ် တစ်သက်တစ်ကျွန်းချမှတ်ခဲ့ပြီး ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်ထိုက်ကို ၂၀၂၃ ခုနှစ် စက်တင် ဘာလတွင် ထောင်ဒဏ် နှစ် ၂၀ မတရားချမှတ်ထားသည်။

စစ်ကောင်စီသည် အသက် ၅၀ နှစ် အရွယ်ရှိ ရှင်ဒေဝီကို ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့တွင် မတရားဖမ်းဆီးခဲ့ပြီး နှစ်လကျော်အကြာတွင် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည)၊ ၅၄ (ဃ)တို့ဖြင့် အင်းစိန်ထောင် တရားရုံးတွင် ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ခံရခြင်းဖြစ်ကြောင်း မိသားစုနှင့်နီးစပ်သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ဖြေကြားသည်။

စစ်ကောင်စီသည် ၂၀၂၃ ခုနှစ် မေလအတွင်းက ရခိုင်ပြည်နယ်တွင်ဖြစ်ပွားသည့် မိုခါမုန်တိုင်းအကြောင်း သတင်းရယူနေသည့် Myanmar Now သတင်းဌာနမှ အသက် ၄၀ အရွယ်ရှိ ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်ထိုက်ကို ဖမ်းဆီးခဲ့ပြီး စက်တင်ဘာလ တွင် ထောင်ဒဏ်နှစ်နှစ်ဆယ် ချမှတ်ခဲ့သည်။

ထို့ပြင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကလည်း ရခိုင်ပြည်နယ်အရေး အဓိကရေးသားသည့် DMG သတင်းဌာနမှသတင်းထောက်တစ်ဦးနှင့် ဝန်ထမ်းတစ်ဦး၊ တနင်္သာရီတိုင်းအရေး အထူးပြုရေးသားသည့် Dawei Watch သတင်းဌာနမှ သတင်းထောက်နှစ်ဦးတို့သည် စစ်ကောင်စီ၏ ဖမ်းဆီးခြင်း ခံထားရသည်။

မြန်မာနိုင်ငံတွင် သတင်းမီဒီယာလုပ်ငန်းနှင့်ဆက်စပ်သူ ၆၄ ဦးကို ဖမ်းဆီးထား ကြောင်း နယ်စည်းမခြားသတင်းထောက်များအဖွဲ့က ထုတ်ပြန်ထားသည်။

ထို့ပြင် စစ်ကောင်စီအာဏာသိမ်းထားပြီးနောက် မြန်မာနိုင်ငံ၏ သတင်းလွတ်လပ်ခွင့်ဆုံးရှုံးမှုပိုများလာရာ နိုင်ငံပေါင်း ၁၈၀ တွင် အဆင့် ၁၇၃ ရှိကြောင်း ကမ္ဘာ့သတင်းမီဒီယာ လွတ်လွပ်ခွင့် အညွှန်းကိန်း ၂၀၂၃ ခုနှစ် ဖော်ပြချက်အရသိရသည်။

ဓာတ်ပုံ -အင်တာနက်
#မှတ်တမ်းဒါရိုက်တာရှင်ဒေဝီ #မတရားဖမ်းဆီးခံသတင်းသမားများ #လွှတ်ပေးရန် #သတင်းသမားအဖွဲ့အစည်းများ #HRW #RSF #IPCM #IMJA #Ayeyarwaddy_Times