
အယိုက်လင်း၊ ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၆ ရက်
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ ဝမ္မသူးကျေးရွာတွင် စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခဲ့ ခြင်းမရှိဘဲ ယမန်နေ့ ဇန်နဝါရီ ၁၅ ရက် မွန်းလွဲပိုင်းတွင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်၍ အသက်ကြီးပိုင်း အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး လူနေအိမ် အချို့ထိခိုက် ပျက်စီးသွားကြောင်း ဒေသခံများထံက သိရှိရသည်။
စစ်ကောင်စီသည် မင်းတပ်မြို့၊ ဝမ္မသူးကျေးရွာကို ယမန်နေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်က ဂျက်ဖိုက်တာဖြင့် နှစ်လုံးတွဲ ဗုံးသီးများနှင့် နှစ်ကြိမ်ခန့် လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အသက် ၇၀ ဝန်းကျင် အဘွားအို ဒေါ်ထန်းစိမ်းငှိမ်း သေဆုံးခဲ့ကာ လူနေအိမ် အချို့ထိခိုက်ပျက်စီးသွားကြောင်း သိရှိရသည်။
“တိုက်ပွဲမရှိဘဲ ပြည်သူတွေ နေထိုင်တဲ့ရွာကို အကြောင်းမဲ့လာရောက် တိုက်ခိုက်ခဲ့တာပါ။ ရွာလမ်းဆုံက အဘွားအို တစ်ယောက် သေဆုံးခဲ့တယ်။ အဲ့အနီးနားက လူနေအိမ်အချို့ ထိခိုက် ပျက်စီးသွားတယ်။ ပြီးတော့ ညနေ ၄ နာရီလောက်မှာ မင်းတပ်မြို့ပေါ်ကနေ လက်နက်ကြီးတွေ ထပ်ပစ်တယ်” ဟု ဒေသခံ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဝမ္မသူးကျေးရွာကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် ညနေ ၄ နာရီအချိန်တွင် မင်းတပ်မြို့ပေါ်ရှိ စစ်ကောင်စီ၏ ခြေလျင်တပ် ခလရ-၂၇၄ တပ်ရင်းမှနေ၍ ကျေးရွာအနီးအနားသို့ လက်နက်ကြီးဖြင့် လေးကြိမ်ထက်မနည်း ထပ်မံပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။
မင်းတပ်မြို့တွင် ပြီးခဲ့သည့် ဇန်နဝါရီ ၁ ရက်နေ့တွင် စစ်ကောင်စီ နှင့် CDF(မင်းတပ်)တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ၎င်းတိုက်ပွဲတွင်း စစ်ကောင်စီ၏ ဗိုလ်မှူးတစ်ဦး စနိုက်ဘာကျည်ထိမှန် သေဆုံးခဲ့သည်။
ပုံစာ- မင်းတပ်မြို့ ဝမ္မသူးကျေးရွာကို စစ်ကောင်စီက ဗုံးကြဲထားစဉ်
#ချင်းပြည်နယ် #မင်းတပ် #စစ်ကောင်စီ #လေကြောင်းဖြင့်တိုက်ခိုက် #အရပ်သားသေဆုံး #လူနေထိခိုက်ပျက်စီး #Ayeyarwaddy_Times