
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၆ ရက်
ဧရာ၀တီတိုင်းရှိ မြို့နယ်များတွင် လူငယ်များကို စစ်ကောင်စီတပ်သို့၀င်ရောက်ရန် စစ်မှုထမ်းဟောင်းအဖွဲ့၀င်များမှ လိုက်လံစည်းရုံးနေကြောင်း သတင်းရရှိသည်။
စစ်မှုထမ်းဟောင်းအဖွဲ၀င်များမှ မြို့နယ်များ၏ ကားဂိတ်၊ ဘူတာနှင့် သင်္ဘောဆိပ်များတွင် စောင့်ဆိုင်းပြီး ခရီးသွားလူငယ်များကို စစ်ကောင်စီတပ်အတွင်း၀င်ရောက်ရန် လိုက်လံစည်းရုံးနေပြီး ကျေးရွာများအတွင်းရှိ ဆိုးသွမ်းလူငယ်များ၊ လောင်းကစားကြွေးတင်နေသူများကိုလည်း စစ်ထဲသို့ ၀င်ရောက်ရန် လိုက်လံအကြံပြု နေကြောင်း ဒေသခံများကပြောသည်။
” အဓိကကတော့ ဘုရားကျောင်းကန်တွေကို အကြမ်းဖက်ဖျက်စီးနေတယ်ပေါ့။ တိုင်းပြည်ကိုကာကွယ်ရမယ် ဆိုပြီးဘာသာရေးကိုခုတုံးလုပ်ပြီး စည်းရုံးတာမျိုးတွေ ရွာဘက်တွေက တစ်ယောက်ထဲတက်လာတဲ့သူဆို ရင်
ထမင်းဆိုင်တို့ KTVတို့ခေါ်သွားပြီး စစ်ထဲ၀င်ဖို့ ဆွယ်တာတွေ စစ်သားတစ်ယောက်ကို အခု လစာအပြင် ထောက်ပံတာနဲ့ ငါးသိန်းလောက်ရတယ်တို့မက်လုံးတွေပေးပြီး စည်းရုံးနေတာ။ တစ်ချို့လူငယ်လေးတွေလည်း ပါသွားတာမြင်ရတယ်”ဟု မျက်မြင်တွေ့ရှိသူ ဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။
ဇန်နဝါရီလ အစပိုင်းက ဧရာ၀တီတိုင်း စစ်တိုင်းမှုးမှ တိုင်းအတွင်းရှိ စစ်မှုထမ်းဟောင်းအဖွဲ့၀င်များကို ခေါ်ယူတွေ့ဆုံကာ စစ်သားသစ်များ စည်းရုံးပေးရန် ညွန်ကြားမှုပြုလုပ်ခဲ့ကြောင်း စစ်ကောင်စီနှင့်နီးစပ်သူများထံမှသိရှိရသည်။
တိုင်းအတွင်းတွင် စစ်ကောင်စီ အင်အားနည်းပါးလာသောကြောင့် ကျေးရွာအုပ်စုအတွင်းပြည်သူ့စစ်သင်တန်း တက်ရန်အတွက် အသက် ၃၀နှင့် ၅၀နှစ် ကြား အမျိုးသားများကို တစ်ရွာလျှင် ၁၅ဦးရှာဖွေခိုင်းပြီး အုပ်ချုပ်ရေးမှုးများက ပြည်သူ့စစ်အဖြစ် စာရင်းပြုလုပ်ကာ စစ်ကောင်စီထံကို ပေးပို့ခဲ့ရကြောင်းသိရသည်။
စစ်ကောင်စီသည် တော်လှန်ရေးအင်အားစုများနှင့် ဖြစ်ပွါးသည့် တိုက်ပွဲများအတွင်း ပြုန်းတီးလာသော အင်အားကို ပြန်လည် ဖြည့်တင်းနိုင်ရန် ထောင်ကျနေသောတပ်ပြေးများနှင့် စစ်မှုထမ်းဟောင်းများကို ပြန်လည်ခေါ်ယူနေပြီး လူငယ်များကိုလည်း စည်းရုံးခြင်းနှင့် အတင်းအဓ္ဓမ စစ်တပ်သို့ ထည့်သွင်းခြင်းများဆက်တိုက်ပြုလုပ်လာကြောင်းသိရှိရသည်။
#ဧရာ၀တီတိုင်း #လူငယ်များကို #စစ်တပ်သို့၀င်ရောက်ရန် #စစ်မှုထမ်းဟောင်း #လိုက်လံစည်းရုံး
#Ayeyarwaddy_Times