ဧရာ၀တီတိုင်းမ်
ဇန်နဝါရီ ၁၆ ရက်

ရှမ်းမြောက်၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာရှိ စစ်ကောင်စီ၏ ခလရ-၁၂၃ တပ်ရင်း သိမ်းပိုက်ခံရပြီး‌ နောက် တပ်ရင်းအတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့၀င်များ နှင့် တပ်မိသားစု ၀င်များ ကစဉ့်ကလျားထွက်ပြေးနေရပြီး အကူအညီပေးရန် အခြားတပ်ရင်းများထံ အကူအညီတောင်းခံခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၁၄ ရက်နေ့ ညပိုင်းက နမ့်ဖတ်ကာ ခလရ ၁၂၃ တပ်ရင်းကို ကချင် လွတ်လပ်ရေးတပ်မတော် (KIA) က ၀င်ရောက်တိုက်ခိုက်ခဲ့ရာ စခန်းသိမ်းဆည်းနိုင်ခဲ့ကာ စခန်းအတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တပ်မိသားစုများ ကစဉ့်ကလျားထွက် ပြေးခဲ့ကြသည်။

ထိုသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တပ်မိသားစုများ ကစဉ့်ကလျားထွက်ပြေးသွား ပြီးနောက် KIA က သိမ်းယူထားသည့် ခလရ ၁၂၃ ကို စစ်ကောင်စီက လေကြောင်းမှ လာရောက် ပစ်ခတ်ခဲ့ သော်လည်း KIA လေကြောင်းရန်ကာကွယ်ရတပ်မှ ပြန်လည် ပစ်ခတ်သည့်အတွက် အနီးသို့ ကပ်နိုင်ခဲ့ခြင်း မရှိကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ် ထံက သိရသည်။

“ထွက်ပြေးသွားတဲ့လူတွေကို ပြန်မိမှာပါ။ တာမိုးညဲ၊ သက္ကနိုင်း၊ ကွတ်ခိုင် အဲဒီ တစ်ကြောလုံးက တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းထားတာ။ စစ်ကောင်စီစခန်း မကျန် သလောက်ဘဲ။ အကူအညီလာပေးဖို့လည်း မလွယ်ဘူး။ ကြားရသလောက်တော့ အကူအညီလိုချင်ရင် သူတို့အနီးစပ်ဆုံးစခန်းအထိ သွားမှရမယ်” ဟု ကချင်စစ်ရေး သတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။

အဆိုပါ ခလရ-၁၂၃ တပ်ရင်းကို စိတ်ကျန်းမာရေးအခြေအနေ အားနည်းနေသည့် စကခ-၁၇ တပ်မမှူးဖြစ်သူက ဦးစီးနေခဲ့ပြီး ကတုတ်ကျင်းအတွင်းတွင်၀ပ်၍ ပေတိုက်နေသည့် အတွက် လ၀က်အကြာထိ တိုက်ခိုက်ခဲ့ရကာ ပြီးခဲ့သည့် ဇန်နဝါရီ ၁၄ ရက်ကမှ စခန်းကို KIA ကသိမ်းဆည်းနိုင် ခဲ့ခြင်းဖြစ်သည်။

နမ့်ဖတ်ကာအနီးရှိ စစ်စခန်းများအားလုံးကျသွားသော်လည်း အဆိုပါ ခလရ ၁၂၃ က ပေပြီးတိုက်နေသည်ကို စစ်ကောင်စီတပ်ဖွဲ့၀င်များနှင့် စစ်တပ်ထောက်ခံ ဝါဒဖြန့် ချန်နယ်များမှ ၀မ်းသာအားရ အားပေးထောက်ခံခဲ့ကြသည်။

ယခု ခလရ-၁၂၃ စခန်းကျ၍ အကူအညီတောင်းချိန်တွင် ကူညီပေးနိုင်ခြင်းမရှိ သော်လည်း တပ်ရင်းမှူးမှာ ကျဆုံးမှု မရှိဘဲ လက်ရှိအချိန်တိုက်ပွဲ ပြင်းထန်နေသည်ဟု စစ်တပ်ထောက်ခံ ဝါဒဖြန့်သူများက ဆိုထားသည်။

“အနီးအနားရွာတွေကိုလည်း တပ်ပြေးတွေက မ၀င်ရဲဘူး။ ဘာလို့လဲဆိုတော့ သူတို့ တပ်ရင်းမှူး ခိုင်းသလို ရွာတွေကို လက်နက်ကြီးနဲ့ထု၊ မီးတွေရှို့ခဲ့ကြတော့ ရွာ တွေထဲ၀င်ရင် သတင်းပေးခံရမှာစိုးပြီး မ၀င်ရဲဘူး။ အကူအညီရဖို့ စစ်ကောင်စီနဲ့ တစ်ဆင့် ချင်းဆက်သွယ် နေကြတယ်လို့ကြားတယ် “ဟု ကချင်စစ်ရေးသတင်း ရင်းမြစ်က ဆိုသည်။

ယင်း ခလရ-၁၂၃ တပ်ရင်းကျသည့် အချိန်မှစ၍ စခန်းစွန့်ခွာထွက် ပြေးသွား ကြသူများသည် ယခုအချိန်ထိ မည်သည့်အကူအညီမှမရရှိဘဲ ကစဉ့်ကလျား ထွက်ပြေး လျက်ပင်ရှိ ပြီး စကခ ၁၇ ၏ တပ်မမှူး၏ အခြေအနေအား သိရှိရခြင်းမရှိပေ။

ပုံစာ-ရှေတန်းတစ်နေရာတွင် တွေ့ရသည့် KIA တပ်ဖွဲ့ဝင်များ (ပုံဟောင်း)
#ရှမ်းမြောက် #ကွတ်ခိုင် #နမ့်ဖတ်ကာ #ခလရ၁၂၃ထွက်ပြေး #အကူအညီတောင်းခံ #ကူညီသူမရှိ #Ayeyarwaddy_Times