ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၆ ရက်

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ် ဆင်နှစ်ကောင်ကျေးရွာဒေသခံ တစ်ဦးကို တော်လှန်ရေးအဖွဲ့ဖြင့် ဆက်စပ်သည်ဟု အကြောင်းပြကာ စစ်ကောင်စီတပ်မှဖမ်းဆီးခဲ့ပြီးနောက် စစ်ကောင်စီတပ်နှင့်ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့မှ လယ်၊ခြံအပါအဝင်ငွေကျပ်သိန်း ၄၀၀ ကျော်တောင်း၍ ပြန်လည်လွှတ်ပေးခဲ့ကြောင်းသတင်းရရှိသည်။

ကျုံပျော်မြို့နယ် ဆင်နှစ်ကောင်ကျေးရွာမှ အသက် ၄၅နှစ်ကျော်အရွယ် ကိုစိန်သွင်ဆိုသူကို တော်လှန်ရေးအဖွဲ့များနှင့် ဆက်စပ်ကာထောက်ပံ့ပေးနေသည်ဟုအကြောင်းပြ၍ ပြီးခဲ့သည့်ဇန်နဝါရီလ ၆ရက်နေ့က ကောင်စီတပ်နှင့်ရဲအဖွဲ့မှ ရှစ်ရက်ကြာ ဖမ်းဆီးခဲ့ပြီးနောက် ငွေကျပ်သိန်း၃၀၀ တောင်းယူခဲ့ကြောင်း ဖမ်းဆီးခံရသူနှင့် နီးစပ်သည့်မိသားစုဝင်များထံက သိရသည်။

“ သူ့ကို၆ရက်နေ့က စစ်တပ်တွေရဲတွေ လာဖမ်းသွားတာ။ တော်လှန်ရေးအဖွဲ့တွေနဲ့ဆက်သွယ်တယ်ဆိုတာကအကြောင်းပြတာ။ဘယ်မှာဖမ်းခံရမလဲမသိဘူး။ တကယ်ကငွေညစ်ချင်တာဗျ။ ရဲစခန်းကိုရောက်ပြီဆိုမှပဲ သွားထုတ်ရတာ။အဲတာတောင် အုပ်ချုပ်ရေးအဖွဲ့ကသူတွေကနေတဆင့် စခန်းမှူးနဲ့ စရဖကို သွားညှိရတယ်။ တစ်ယောက်ကို သိန်း ၁၅၀ ဆီ ပေးရတာဆိုတော့ သိန်း ၃၀၀ လောက်ပေးလိုက်ရတယ်”ဟု ဖမ်းဆီးခံရသူနှင့် နီးစပ်သည့် မိသားစုဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့အပြင် ငွေကျပ် သိန်း၃၀၀အပြင် လယ်ငါးဧက၊ ခြံနှင့် မွေးမြူရေးကြက်/ဘဲ ခြံ အပါအဝင် ကာလတန်ဖိုး ငွေကျပ်သိန်း၁၀၀ကျော် ကို ငါးကျီထူ အုပ်ချုပ်ရေးမှူး ဦးလှကြိုင်ဆိုသူမှ
ပြန်လည်လွှတ်မြောက်ရန် ညှိနှိုင်းခအဖြစ် တောင်းယူခဲ့ကြောင်း သိရသည်။

“ ပြန်လွှတ်ဖို့ညှိနှိုင်းခ သိန်းတစ်ရာကို မနေ့က အုပ်ချုပ်ရေးမှူး လှကြိုင်အိမ်ကိုလာတောင်းတာ။ ငွေကျပ် သိန်း၃၀ နဲ့ လယ်ငါးဧကရယ် စိုက်ခြံနဲ့ ကြက်ခြံကို လာသိမ်းသွားတယ်” မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ကျုံပျော်မြို့နယ် မဂူရိုးကျေးရွာ ရာအိမ်မှူးနှင့် အပေါင်းအပါတို့ ပစ်ခတ်ရှင်းလင်းခံရပြီးနောက် အနီးကျေးရွာများကို စစ်ကောင်စီတပ်က ဇန်နဝါရီလ၇ရက်မှစ၍ သုံးရက်ကြာ စစ်ကြောင်းထိုးပြီး ဒေသခံ ၁၀ဦးကို ဖမ်းဆီးထားကြောင်း သိရသည်။

စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးဝင်ရောက်လာပြီး ကွင်းဘောရွာ၊ အုန်းပင်စုရွာ၊ မဂူရိုးရွာနှင့်နတ်တော်ရွာအပါအဝင် ကျေးရွာ ခြောက်ရွာမှ လူငယ်နှင့်လူလတ်အရွယ် အမျိုးသား ၁၀ ဦး ကျော် ဖမ်းဆီးခံရကာ ခလရ-၃၆ နှင့်ကျုံပျော်မြို့နယ်ရဲစခန်းတို့တွင် စစ်ဆေးနေကြောင်း သိရသည်။

#ကျုံပျော် #ဆင်နှစ်ကောင်ကျေးရွာ #အမျိုးသားတစ်ဦးကို #ဖမ်းဆီးပြီးငွေတောင်း #Ayeyarwaddy_Times