မြရာ/ဧရာ၀တီတိုင်းမ်
ဇန်နဝါရီ ၁၆ ရက်

ရခိုင်ပြည်နယ်၊ ကျောက်တော်ရှိ စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ ၅၃၉ မှ စစ်ကောင်စီတပ်သားများ ယနေ့ ဇန်နဝါရီ ၁၆ ရက်နေ့ နေ့လယ်ပိုင်းတွင် အလံဖြူပြကာ ရက္ခိုင့်တပ်တော် ( AA) ထံ လက်နက်ချခဲ့ကြ ကြောင်း သိရသည်။

ယနေ့ ဇန်နဝါရီ ၁၆ ရက် နေ့လယ် ၁၂ နာရီခန့်အချိန် တွင် ကျောက်တော်၊ ကန်စောက်ရွာရှိ စစ်ကောင်စီ၏ ခမရ-၅၃၉ တပ်ရင်းတစ်ခုလုံး AA ထံလက်နက်ချ အညံ့ခံခဲ့ကြောင်း ကျောက်တော်ရှိ AAနှင့်နီးစပ်သည့် သတင်းရင်းမြစ်ထံက သိရသည်။

“AAကလက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ထိုးစစ်ဆင်တော့မှ အလံဖြူထောင်ပြီး အသက်ချမ်းသာပေး ပါဆိုပြီး လက်နက်ချလိုက်ကြတာ” ဟု ‌AA နှင့်နီးစပ် သည့် သတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကို ပြော သည်။

AA သည် ကျောက်တော်ရှိ ကန်စောက်အမြောက်တပ် အမတ- ၃၇၇ ကို ပြီးခဲ့သည့် ဇန်နဝါရီ ၁၄ ရက်နေ့က သိမ်းပိုက် ရရှိခဲ့ပြီး ကန်စောက်ရွာရှိ ခမရ ၅၃၉ တပ်သည် လက်နက်မချဘဲ တင်းခံ၍ ခုခံတိုက်ခိုက်နေခဲ့ရာ AA ဘက်မှ ထိုးစစ်ဆင်တိုက်ခိုက်လာသည်အတွက် ယနေ့ နေ့လယ်တွင် လက်နက်ချအညံ့ခံခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၁၄ ရက်နေ့က ကျောက်တော်နှင့် ပလက်၀အစပ်ရှိ မီး၀ဗျူဟာကို AA တပ်ဖွဲ့က သိမ်းပိုက်ရရှိခဲ့ပြီး တစ်ဆက်တည်းတွင်ပင် ကျောက်တော် ရှိ အမြောက်တပ် (အမတ ၃၇၇) ကို ဆက်လက်သိမ်း ပိုက်ရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် ကျောက်တော်၊ တင်းမရွာရှိ တောင်ရှည် တောင်ဗျူဟာကုန်းမှ အင်အား ၂၀၀ ခန့်ရှိ စစ်ကောင် စီတပ်ဖွဲ့တစ်ခုလုံး AA တပ်ဖွဲ့ထံ လက်နက်ချအညံ့ခံခဲ့ သည်ဟု AA က ထုတ်ပြန်ထားသည်။

ယမန်နေ့ကလည်း ရေစိုးချောင်းဗျူဟာနှင့် တပ်စခန်း နှစ်ခုတို့မှ စခန်းစွန့်ခွာလာသည့် စစ်ကောင်စီတပ်ဖွဲ့၀င်များကို AA ကပိတ်ဆို့တိုက်ခိုက်ရာ တိုက်ပွဲဖြစ်ပွားချိန် မိနစ် အနည်းငယ်အကြာတွင် သေဆုံးသွားသည့် စစ်ကောင်စီတပ်သားများမှလွဲ၍ ကျန်စစ် ကောင်စီ တပ်ဖွဲ့၀င်များ AA ထံလက်နက်ချခဲ့ကြောင်း သိရသည်။

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ပွဲဖြစ်ပွားပြီး စခန်အသိမ်းခံရမှ လက်နက်ချသည့်ကိစ္စကို ရည်ညွှန်း၍ “မသေ မနာချင်ရင် စော စောစီးစီး အလံဖြူထောင်၊ ထွက်ပြေးချင်တယ် လမ်း ဖွင့်ပေးပါ ဘာညာ ခွင့်တောင်းပေါ့။ ခြံစည်းရိုးသုံးထပ် လုံးပေါက် ကတုတ်ကျင်းပေါ်တက်တဲ့ ခေါင်းပေါ်ပြောင်းတည့်မှ လမ်းဖွင့်ပေးပါတော့ မလုပ်နဲ့။ အဲဒါကို အရှင်ဖမ်းမိတယ်လို့ သတ်မှတ်တယ်” ဟု ၎င်း၏လူမှုကွန်ရက်တွင် ရေးသားထားသည်။

ဓာတ်ပုံ- တောင်ရှည်တောင်ကိုသိမ်းဆည်းရမိစဉ်(ပုံဟောင်း)

#ရခိုင် #ကျောက်တော် #စစ်ကောင်စီ #ခမရ၅၃၉ #လက်နက်ချ #AAသိမ်းပိုက် #Ayeyarwaddy_Times