ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ ဇန်နဝါရီ ၁၆ ရက်

တနင်္သာရီတိုင်း ၊ထားဝယ်ခရိုင်၊ရေဖြူမြို့နယ်၊ ကံပေါက်ဒေသေ၊ ဇာဒီကျေးရွာတွင် နေထိုင်သော ပစ္စတိုသေနတ် ကိုင်ဆောင်ထားသည့် ပျုစောထီးခေါင်းဆောင်ဆိုသူသည် ယနေ့ ဇန်နဝါရီလ ၁၆ ရက် နေ့လယ်ပိုင်းက ပစ်သတ်ခံရ၍ သေဆုံးသွားကြောင်း ဒေသခံများထံက သိရသည်။

ဇာဒီကျေးရွာရှိ ဦးလားလား အသက် (၅၅) နှစ်ခန့်သည် ယနေ့ နေ့လယ် ၁၂ နာရီခန့်က ဇာဒီကျေးရွာအုပ်ချုပ်ရေးမှူး ရုံးရှေ့၌ လမ်းပြုပြင်နေစဉ် လက်နက်ကိုင်လူတစ်စုက လာရောက် ပစ်ခတ်ခဲ့၍ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

” သူက ရွာမှာကြွေးကြော်ထားတာ သုံးရက်ပဲ့ရှိသေးတယ်။ ငါ့ကို PDF တွေ လာပစ်လည်း ငါမသေတော့ဘူး။ ငါ့မှာ အခံရှိတယ် ဆိုပြီး။ အဲ့ဒီ လားလားက ရွာမှာ အရမ်းဆိုးတဲ့သူ။ ရွာသားတွေကိုလည်း နည်းမျိုးစုံနဲ့ခြိမ်းခြောက် ပြီး စစ်တပ်နဲ့ ဖမ်းခိုင်းတယ်။ ရွာ မှာ အေးဆေးနေတဲ့ ဒေသခံရွာသားတွေကိုလည်း PDF နဲ့ အဆက်အသွယ်ရှိတယ်လို့ ဆိုပြီး စစ်တပ်နဲ့ ပေါင်းပြီး ငွေတောင်းတယ်။ သူက အရှေ့ကပြေး လက်နက်ကိုင် တပ်ဖွဲ့တွေက အနောက်က လိုက်ပစ်တာ။ ဇာဒီရွာ ရဲ့ အနောက်ကုန်းမှာ မိပြီး အဲ့ဒီနားမှာတင် ပစ်သတ်လိုက်တာ။ မျက်နှာမှာက ခြောက်ချက် တွေ့တယ်။ ခန္ဓာကိုယ်မှာ ကတော့ ကျည်ဖောက်ဝင် ဒဏ်ရာတွေ အများကြီးပဲ တွေ့ရတယ်” ဟု ဇာဒီကျေးရွာ ဒေသခံ တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

အဆိုပါ ပျူစောထီးခေါင်ဆောင်းဆောင် ဦးလားလား ပစ်ခတ်ခံရ၍ သေဆုံးပြီးနောက် ဆိုင်ကယ် တစ်စီး ၊ ဖုန်းတစ်လုံး ၊ ပစ္စတိုတစ်လက်နှင့် ကျည်ဆံ အချို့တို့ကို လက်နက်ကိုင်တပ်ဖွဲ့ဝင်များက သိမ်းဆည်းသွားကြောင်းသိရသည်။

ပစ်ခတ်ခံရပြီးနောက် သေဆုံးသွားသည့် ဦးလားလား၏ အလောင်းကို ယနေ့ ညနေ ၄ နာရီ ခန့်တွင် အရေးပေါ် လူနာတင်ယာဥ်ဖြင့် ကံပေါက် တိုက်နယ်ဆေးရုံသို့ တင်ဆောင်သွား ကြောင်းသိရသည်။

အဆိုပါ ပစ်ခတ်ရှင်းလင်းမှုကို မည်သည့်လက်နက်ကိုင် အဖွဲ့အစည်းက လာရောက် ပြုလုပ်ခဲ့ခြင်းဖြစ်သည်ကို ထုတ်ပြန်ထားခြင်းမရှိသလို ဧရာ၀တီတိုင်းအနေဖြင့်လည်း သိရှိရခြင်း မရှိသေးပေ။

ယခု ပစ်သတ်ခံရ၍ သေဆုံးသွားသည့် ပျုစောထီးခေါင်းဆောင် ဦးလားလားကို အရင် ကလည်း နှစ်ကြိမ်ပစ်ခတ်ခဲ့သော်လည်း သာမန်ဒဏ်ရာသာရရှိခဲ့ပြီး ယခု သုံးကြိမ် မြောက်တွင် ပွဲချင်းပြီးသေဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ပုံစာ-သေဆုံးသူဦးလားလား

#ရေဖြူမြို့နယ် #ဇာဒီကျေးရွာ #ပစ္စတိုကိုင်ဆောင် #ပျူစောထီးခေါင်းဆောင်ဆိုသူ #ပစ်သတ်ခံရ #Ayeyarwaddy_Times