အယိုက်လင်း၊ ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၆ ရက်

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ သိုင်းငင်းကျေးရွာရှိ စစ်ကောင်စီ၏ တပ်စခန်းကို ချင်းအမျိုးသားတပ်တော်(CNA)က ဦးဆောင်ပါဝင် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃၀ ကျော် သေဆုံးခဲ့ကာ လက်နက်ခဲယမ်း အများပြား သိမ်းဆည်းရမိကြောင်း သိရသည်။

စစ်ကောင်စီ၏ သိုင်းငင်းတပ်စခန်းကို ပြီးခဲ့သည့် ဇန်နဝါရီ ၁၂ ရက်နေ့မှစ၍ ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ၅ ရက်ကြာ တိုက်ခိုက်ပြီး ယနေ့ ဇန်နဝါရီ ၁၆ ရက်နေ့တွင် စခန်းအား အလုံးစုံ တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

” သိုင်းငင်း တပ်စခန်းကုန်းကို ကျွန်တော်တို့ CNA ထိပ်ပိုင်းအရာရှိ ကိုယ်တိုင်ရေးဆွဲတဲ့ ဗျူဟာနဲ့ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီ စခန်းကုန်းမှာ စခန်း သုံးခုရှိတယ်။ စခန်း နှစ်ခုကို ဇန်နဝါရီ ၁၄ ရက်နေ့က ရရှိထားပြီး ကျန်ရှိတဲ့ အဓိက ပွိုင့်စခန်း တစ် ခု ကို ဒီနေ့မှ သိမ်းပိုက်ရတာဖြစ်ပါတယ်။ စစ်ကောင်စီဘက်က ၃၀ ကျော် သေဆုံးတယ်။ သေနတ် စုစုပေါင်း ၃၅ လက်နဲ့ အခြား ဆက်စပ် စစ်ပစ္စည်းတွေ သိမ်းဆည်းရခဲ့တယ်”ဟု ချင်းအမျိုးသားတပ်မတော်(CNA) တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင် ကလေးမြို့ တက္ကသိုလ်ကျောင်းဝန်းမှ လက်နက်ကြီး အဆက်မပြတ် ပစ်ကူပေးသောကြောင်း ချင်းကာကွယ် ရေးတပ်ဖွဲ့ဝင် စုစုပေါင်း ၆ ဦးခန့် ကျဆုံးပြီး ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ သိုင်းငင်း စခန်းသိမ်းတိုက်ပွဲကို ချင်းအမျိုးသားတပ်မတော်(CNA)အပါဝင် CDF CDM – Siyin၊ TCDF ၊ CDF – Zanniatram၊ CDF – KKG၊ CDF – Thantlang၊ CDF – Hakha၊ PDA နှင့် CDF – Hualngoram တို့မှ ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပုံစာ-သိုင်းငင်း စခန်းသိမ်းတိုက်ပွဲမြင်ကွင်း

#ချင်းပြည်နယ် #တီးတိန်မြို့ #စစ်ကောင်စီသိုင်းငင်းစခန်း #ချင်းကာကွယ်ရေးတပ်ဖွဲ့များ #တိုက်ခိုက်သိမ်းပိုက် #Ayeyarwaddy_Times