
မြရာ/ဧရာ၀တီတိုင်းမ်
ဇန်နဝါရီ ၁၆ ရက်
ရှမ်းမြောက်၊ ကွတ်ခိုင်၊ နမ့်ဖတ်ကာရှိ စစ်ကောင်စီတပ်ရင်း သိမ်းခံရပြီးနောက် လာရောက်ဗုံးကြဲသည့် တိုက်လေယာဉ်တစ်စီးကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကပစ်ချလိုက်ကြောင်း သိရသည်။
ယနေ့ ဇန်နဝါရီ ၁၆ ရက်တွင်လည်း စစ်ကောင်စီက လေကြောင်းမှ လာရောက်ပစ်ခတ်စဉ် KIA ၏ လေ ကြောင်းရန်ကာကွယ်ရေးတပ်မှ အဆိုပါလေယာဉ် ကို ပစ်ချလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
“ပစ်ချလိုက်တာဟုတ်ပါတယ်။ ပျက်ကျသွားတာ လည်းဟုတ်ပါတယ်။ ဌာနချုပ်က ဆက်အတည်ပြု ပေးပါလိမ့်မယ်”ဟု ကချင်စစ်ရေးသတင်းက ဧရာ၀တီတိုင်းမ်ကို အတည်ပြုပြောသည်။
ယနေ့ ဇန်နဝါရီ ၁၆ ရက် နေ့လယ် ၁၂ နာရီခန့်တွင် ခလရ ၁၂၃ သို့ လာရောက်ဗုံးကြဲသည့် စစ်ကောင်စီ၏ တိုက်လေယာဉ်တစ်စီးကို KIA တပ်ဖွဲ့က ပစ်ချလိုက်နိုင်ကြောင်းနှင့် အသေးစိတ်ဆက်လက်အတည်ပြုလျက် ရှိကြောင်းကိုလည်း ဗိုလ်မှူးကြီးနော်ဘူက ဒေသတွင်းမီဒီယာတစ်ခုကို ဖြေကြားထားသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၁၄ ရက်နေ့ ညပိုင်းက ခလရ ၁၂၃ ကို KIA က၀င်ရောက်တိုက်ခိုက်စဉ် တပ်ရင်းအတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့၀င်များ လေကြောင်းရန်မှ ရှောင်ခိုင်းကာ လေကြောင်းမှ လာရောက်ပစ်ခတ်စဉ်ကလည်း KIA ၏ လေကြောင်းရန်ကာကွယ်ရတပ်မှ ပြန်လည်ပစ်ခတ်သည့်အတွက် လေယာဉ်မှာ အနီးသို့မကပ်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။
စစ်ကောင်စီ၏ တိုက်လေယာဉ်တစ်စီးကို KIA ပစ်ချခဲ့သည်ဆိုသည့် သတင်းနှင့် ပတ်သက်၍ ဧရာ၀တီတိုင်းမ်က အသေးစိတ် သိနိုင်ရန် ဆက်လက်စုံစမ်းလျက်ရှိသည်။
အလားတူ ပြီးခဲ့သည့် ဇန်နဝါရီ ၃ ရက်နေ့ကလည်း မြစ်ကြီးနားမှာ နာဖော့စစ်စခန်းသို့ စစ်ကူနှင့်ရိက္ခာလာ ပို့သည့် စစ်ကောင်စီ၏ ရဟတ်ယာဉ်ကို KIA တပ်ဖွဲ့က ပစ်ချခဲ့ရာ ရဟတ်ယာဉ်ပေါ်တွင်ပါရှိသည့် စစ်ကောင်စီတပ်မှ အရာရှိများအပါအဝင် ရှစ် ဦး လုံးသေဆုံးခဲ့သည်ဟု စစ်ကောင်စီက ဆိုထားပြီး KIA က သေဆုံးသူ ခြောက်ဦးသာတွေ့ရှိရကြောင်း ပြောကြားထားသည်။
ပုံစာ-စစ်ကောင်စီ၏ တိုက်လေယာဉ်အချို့ကို တွေ့ရစဉ် (ပုံဟောင်း)
#ရှမ်းမြောက် #ကွတ်ခိုင် #နမ့်ဖတ်ကာ #KIA #စစ်ကောင်စီ #တိုက်လေယာဉ် #ပစ်ချ #Ayeyarwaddy_Times