နွေဦးမောင် /ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၆ ရက်

ပဲခူးတိုင်း၊ သာယာဝတီခရိုင် အုပ်ဖိုမြို့နယ်တွင် ပြည့်သူ့စစ်အဖြစ် စုဆောင်းခံထားရသည့် ဒေသခံများအနက်မှ ၃၀ ကျော်ကို စစ်သင်တန်းမပို့ချမီ ဇန်နဝါရီလ ၁၃ ရက်နေ့တွင် တော်လှန်ရေးတပ်ဖွဲ့များက သွားရောက်ကယ်ထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။

အုတ်ဖိုမြို့နယ် ကမ်းနီကျေးရွာနှင့် ဆင်တဲကုန်း ကျေးရွာနှစ်ရွာရှိ ကျေးရွာအုပ်ချုပ်ရေးမှူးများက ပြည်သူ့စစ်အင်အားထုတ်ပေးနိုင်ခြင်းမရှိ၍ စစ်ကောင်စီတပ်က အမျိုးသမီး အမျိုးသား စုစုပေါင်း ၅၄ ယောက်ကို ပြည်သူ့စစ်အဖြစ် စုဆောင်းကာ အတင်းအဓမ္မ ခေါ်ဆောင်ခြင်းခံခဲ့ရကြောင်း သိရသည်။

“ စစ်ကောင်စီတပ်က ကျေးရွာနှစ်ရွာကနေ ခေါ်သွားတာ လူ ၅၀ ကျော်တယ်။ ၃၀ ကျော်ကိုတော့ သတင်းရရခြင်း လိုက်လံပြီး ကယ်ထုတ်နိုင်ခဲ့တယ်။ စစ်သင်တန်းမပို့ချမီ ကယ်ထုတ်နိုင်ခဲ့တယ်” ဟုသာယာဝတီခရိုင် တပ်ရင်း (၃၈၀၂) တပ်ခွဲ-၆ မှ တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ဇန်နဝါရီ ၁၃ ရက်နေ့က ကမ်းနီရွာထိပ်တွင် ပြည်သူ့စစ်သင်တန်းတက်ရောက်ရန် လူစုနေစဉ် သွားရောက်ကယ်ထုတ်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့များဖြစ်ကြသည့် သာယာဝတီခရိုင် (၃၈၀၂) တပ်ခွဲ-၆ Black Dragon (GBK PDF) နှင့် သာယာ၀တီခရိုင် တပ်ရင်း (၃၈၀၁) တပ်ခွဲ -၁ YOMA (GBK) တပ်ဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်၍ ဒေသခံ ၃၀ ကျော်ကို ကယ်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးထံက သိရသည်။

စစ်ကောင်စီတပ်များသည် ပဲခူးတိုင်း အနောက်ဘက်အခြမ်း နှင့် အရှေ့ဘက်ခြမ်းတို့ရှိ ကျေးရွာအုပ်ချုပ်ရေးမှူးများထံက တစ်အိမ်တစ်ယောက်နှုန်း ပြည်သူ့စစ်အင်အား စုဆောင်းခိုင်းခြင်းများ အပြင် အလှည့်ကျ မဲစနစ်ဖြင့် စုဆောင်းခြင်းများ ပြုလုပ်နေကြောင်း သိရသည်။

အုတ်ဖိုမြို့နယ်ရှိ ကမ်းနီရွာနှင့် ဆင်တဲကုန်းရွာတို့မှာ ဒေသခံပြည်သူများကို စစ်သင်တန်း ပေးရန်ခေါ်ဆောင်သွားစဥ် လမ်းမှ ကြားဖြက်တိုက်ခိုက်ရာ လူဦးရေ ၃၀ ကျော်သာ ကယ်ထုတ်နိုင်ခဲ့ပြီး ကျန် ၂၀ ခန့်ကို စစ်ကောင်စီတပ်က ခေါ်ဆောင်သွားကြောင်း ဒေသခံများ ထံကသိရသည်။

ပုံစာ-စစ်ကောင်စီတပ်က ပြည်သူစစ်အဖြစ် စုဆောင်းခေါ်ယူသွားစဉ် တော်လှန်ရေး တပ်ဖွဲ့များက ကယ်ထုတ်ပေးခဲ့သည့် ဒေသခံများ

#ပဲခူးတိုင်း #အုတ်ဖို #စစ်ကောင်စီ #ပြည်သူ့စစ်အဖြစ်စုဆောင်း #ဒေသခံ၃၀ကျော် #တော်လှန်ရေးတပ်ဖွဲ့များကယ်ထုတ် #Ayeyarwaddy_Times