
ဧရာ၀တီတိုင်းမ်
ဇန်နဝါရီ ၁၆ ရက်
စစ်ကောင်စီက ၎င်းတို့ ခံစစ်ပြင်ထားသည့် ပြင်ဦးလွင်နှင့်နောင်ချိုလမ်းပိုင်းကို တအာင်းတပ်မတော် (TNLA) နှင့် ပူးပေါင်းတပ်များ ၀င်ရောက်လာမည်စိုး၍ အပစ်အခတ်ရပ်စဲထားသည့်ကြားက လက်နက်ကြီးများဖြင့် နေ့စဉ်ပစ်ခတ်လျက်ရှိကြောင်း သိရသည်။
စစ်ကောင်စီသည် ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် အပစ်ရပ်စဲထားသော်လည်း ၎င်းတို့ ခံစစ်ပြင်ထားသည့် ပြင်ဦးလွင်-နောင်ချိုလမ်းပိုင်းရှိ ကျေးရွာများသို့ လက်နက်ကြီးများဖြင့် နေ့စဉ်ပစ်ခတ်လျက်ရှိကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။
“ရှမ်းမြောက်မှာတော့ လားရှိုး၊ နောင်ချို၊ ကွတ်ခိုင်တို့ မှာ TNLA ရှိမယ်ထင်တဲ့နေရာတွေကို တစ်ချိန်လုံး ပစ်နေတာ။ အလစ်၀င်သုတ်မှာကို အစိုးရိမ်လွန်နေပုံရပါတယ်။ ငိုက်တာနဲ့ ခံရမှာပဲ”ဟု CDM ဗိုလ်ကြီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီတပ်က အပစ်ခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုထားသော်လည်း ချုပ်ဆိုထားသည့်နေ့မှစ၍ ယနေ့ အထိ TNLA တပ်ဖွဲ့များ ရှိမည်ဟု ထင်သည့်နေရာများကို လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်လျက်ရှိ ကြောင်း သိရသည်။
ယမန်နေ့ ဇန်နဝါရီး ၁၅ ရက်နေ့ကလည်း ကျောက်မဲမြို့နယ်ရှိ စစ်ကောင်စီ၏ ၅၀၂ တပ်စခန်းမှနေ၍ ပါးပုတ်ကျေးရွာသို့ လက်နက်ကြီးများဖြင့် လေး ကြိမ်ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး နောင်ချိုမြို့နယ် အုမ္မတီးလမ်းခွဲရှိ စစ်ကောင်စီတပ်ကလည်း နေ့လယ် ၁၂ နာရီခန့်တွင် လွယ်ဆမ်ဆစ်ခေါ် သုံးဆယ်ကျေးရွာသို့ လက်နက် ကြီးဖြင့် သုံး ကြိမ်ပစ်ခတ်ခဲ့ကြောင်း ညီနောင်မဟာမိတ် အဖွဲ့က ထုတ်ပြန်ထားသည်။
ထို့အပြင် ကျောက်မဲမြို့နယ်ရှိတပ်စခန်းမှ သံဘိုကျေး ရွာအနီးတစ်ဝိုက်သို့ လက်နက်ကြီးဖြင့် ငါး ကြိမ်ပစ် ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ကွတ်ခိုင်မြို့နယ်အတွင်းရှိ မိုင်းယုလေး၊ လွယ် ကန်နှင့် လွယ်ကုန်ကျေးရွာအနီးတစ်ဝိုက်တွင်လည်း စစ်ကောင်စီ၏ Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် လာရောက်ပစ်ခတ် တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း TNLA ကထုတ်ပြန်ထားသည်။
အလားတူပင် တအာင်းတပ်မတော် TNLA ရှိရာကျောက်မဲ၊ မိုးကုတ်နှင့် လားရှို့မြို့နယ်များသို့လည်း စစ်ကောင်စီတပ်စခန်းများမှ လက်နက်ကြီးဖြင့် ပစ် ခတ်တိုက်ခိုက်မှုများကို ယခင်ရက်များအတိုင်း ပြု လုပ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ပုံစာ-ပြင်ဦးလွင်ရှိစစ်တက္ကသိုလ်ကိုတွေ့ရစဉ် (ပုံဟောင်း)
#စစ်ကောင်စီခံစစ်ပြင် #ပြင်ဦးလွင် #နောင်ချိုလမ်းပိုင်း #TNLA #၀င်ရောက်မည်စိုး #လက်နက်ကြီးများပစ်ခတ် #Ayeyarwaddy_Times