
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၆ ရက်
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ကိုးကန့်တပ်မတော်(MNDAA) စစ်ဝတ်စုံဝတ်ထားသော လူငယ်တစ်ဦးက ဗုဒ္ဓဘာသာ စေတီတစ်ဆူကို ဖျက်ဆီးနေသည့် ရုပ်သံဖိုင်တစ်ခု ဆိုရှယ်မီဒီယာတွင် ထွက်ပေါ်လာခဲ့ပြီးနောက် ထိုအရာအား အကြောင်းပြု၍ စစ်ကောင်စီက ဘာသာရေးနှင့်လူမျိုးရေးပဋိပက္ခများ ဖြစ်ပေါ်စေရန်အတွက် တိုင်းနှင့်ပြည်နယ်များတွင် လှုံ့ဆော်ဆန္ဒပြမှုများ ဖန်တီးလာသည်ကို တွေ့ရသည်။
စစ်ကောင်စီသည် ၎င်းတို့အား ထောက်ခံသူများနှင့် ဘာသာရေးအစွန်းရောက် ဘုန်းကြီးများကို ထိုကဲ့သို့ လုပ်ဆောင်ရန် အမိန့်ပေးခိုင်းစေသလို မန္တလေး၊ မိုးကုတ် နှင့် ပြင်ဦးလွင်မြို့များရှိ ဗုဒ္ဓဘာသာ ကိုးကန့်တိုင်းရင်းသားများကလည်း ယင်းဖြစ်စဉ်အပေါ် ကန့်ကွက်ပါသည်ဟု စစ်ကောင်စီ၏ မြန်မာ့အလင်း သတင်းစာတွင် ကြော်ငြာထည့်သွင်းစေကာ မျိုးနွယ်တူခြင်းပါ ရှုံချသည့် အသွင်ဖော်ဆောင် ထားသည်ကို တွေ့ရသည်။
“ဒါကတော့ သူတို့သုံးနေကျ အကွက်ပါပဲ။ စစ်ရေးတွေမှာ သူတို့က (စစ်ကောင်စီ)နာပြီဆိုရင် ဘာသာရေးအရ၊ လူမျိုးရေးအရ တစ်ဖက်နဲ့တစ်ဖက် ပြဿနာမဖြစ်ဖြစ်အောင် သွေးထိုးနှိုးဆော်ပြီး လော်ဘီလုပ်တယ်။ ဘာသာရေး၊ လူမျိုးရေးတွေ အသုံးချတာလည်း အရင်ကတည်းက ဒီဖက်ဒေသမှာ တောက်လျှောက်ကြုံခဲ့တယ်။ သူတို့ဘက်မှာပါတဲ့ တစ်စုကပဲ ဒါကိုထောက်ခံကြတယ်။ အများစုက ဒါကိုကောင်းကောင်းသိတော့ သူတို့ပြောတာတွေကို ဂရုမစိုက်ဘူး၊ ယုံလည်း မယုံကြဘူး” ဟု ရှမ်းမြောက်ဒေသခံ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီက ပွိုင့် ၂၂၀၂ (ဆင်ဦးကင်းတောင်)ဟု ခေါ်ဆိုသည့်တောင်တွင် အဆိုပါစေတီ တည်ထားခြင်းဖြစ်သလို ယခင်က ကိုးကန့်ရိုးရာ နတ်ကွန်းရှိခဲ့သည့် နေရာလည်းဖြစ်ကာ ၂၀၁၅ ခုနှစ် ကိုးကန့်စစ်ပွဲအပြီး စစ်တပ်က နတ်ကွန်းကို ဖျက်ဆီး၍ စေတီတည်ခဲ့ကြောင်း ဧရာဝတီသတင်းဌာန၏ “ပွိုင့် ၂၂၀၂ သို့မဟုတ် နန်ထင်မင်စမ်း ကိုးကန့်ရိုးရာနတ်ကွန်း နောက်ကွယ်” ဆောင်းပါးအရ သိရသည်။
စစ်ကောင်စီက သွေးထိုးလှုံ့ဆော်မှုများ ပြုလုပ်ရာတွင် အသုံးချနေသည့် ရုပ်သံနှင့်ပတ်သက်၍ MNDAA က ယင်းလုပ်ရပ်ကို ၎င်းတို့တပ်ဖွဲ့မှ အမိန့်ပေးခြင်းမဟုတ်ဘဲ ပုဂ္ဂိုလ်ရေးအရ လုပ်ရပ်သာဖြစ်သလို ထိုအတွက် သက်ဆိုင်ရာဌာနမှတဆင့် တရားခံအား အရေးယူရန် ညွှန်ကြားထားပြီးဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
အာဏာသိမ်း စစ်ကောင်စီသည် ၎င်းတို့ကို အထိနာ အရေးနိမ့်စေသော ရှမ်းမြောက်စစ်ဆင်ရေးအတွင်း ဖြစ်ပေါ်ခဲ့သည့် ကိုးကန့်ဖြစ်စဉ်ကို အကြောင်းပြု၍ ဘာသာရေး၊ လူမျိုးရေး မှိုင်းတိုက်မှုများကို တနေ့တခြား ပိုမိုလုပ်ဆောင်လာကြောင်းကို ၎င်းတို့၏ဝါဒဖြန့် သတင်းစာများအရ သိရသည်။
ပုံစာ- ဇန်နဝါရီ ၁၆ ရက်နေ့ထုတ် စစ်ကောင်စီ မြန်မာအလင်းစာပါ ကြော်ငြာ
#စစ်ကောင်စီ #ကိုးကန့်ကိစ္စအကြောင်းပြ #ဘာသာရေးမှိုင်းတိုက်မှု #လူမျိုးရေးရန်တိုက်မှုများ #Ayeyarwaddy_Times