
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၅ ရက်
ချင်းပြည်နယ်၊ ပလက်ဝဒေသရှိ စစ်ကောင်စီ၏ စစ်စခန်းအားလုံးကို ရက္ခိုင့်တပ်တော်(အေအေ) က တိုက်ထုတ်နိုင်ခဲ့ပြီး ပလက်ဝဒေသတစ်ခုလုံးကို အောင်မြင်စွာထိန်းချုပ်နိုင်ပြီဖြစ်ကြောင်းသိရသည်။
ပလက်ဝဒေသအတွင်း နောက်ဆုံးကျန်ရှိနေသည့် စစ်ကောင်စီ၏ နှမဒါဗျူဟာစခန်းကို ရက္ခိုင့်တပ်တော်(အေအေ)က ဇန်နဝါရီ ၁၄ ရက်နေ့ နေ့လယ် ၃ နာရီတွင် သိမ်းယူနိုင်ခဲ့ပြီး ပလက်ဝဒေသတစ်ခုလုံး စစ်ကောင်စီကင်းစင်နယ်မြေ ဖြစ်သွားပြီဖြစ်ကြောင်း ရက္ခိုင့်တပ်တော်(အေအေ) ကထုတ်ပြန်ထားသည်။
စစ်ကောင်စီ၏ အဓိကနှင့်အမာခံ ဗျူဟာစခန်းကြီးဖြစ်သည့် ခလရ ၂၈၉ တပ်ရင်းဌာနချုပ်ကို ရက္ခိုင့်တပ်တော်(အေအေ) ကသိမ်းယူပြီးနောက် ကျန်သည့် ဗျူဟာစခန်းများ၊ ဗျူဟာကုန်းများကို အပြင်းအထန်ထိုးစစ်ဆင်၍ အပြီးတိုင် တိုက်ခိုက်သိမ်းယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ စစ်ကောင်စီ၏ ခလရ ၂၈၉ တပ်ရင်းဌာနချုပ်သည် ပလက်ဝဒေသတစ်ခုလုံး၏ စစ်ဆင်ရေးကို စီမံကွပ်ကဲထိန်းချုပ်နေသည့် ဌာနချုပ်ဖြစ်ပြီး အိန္ဒိယ- ဘင်္ဂလားဒေ့ရှ်- မြန်မာ(ပလက်ဝ) နယ်စပ်တစ်လျောက် စစ်ကောင်စီစခန်းများကို ထောက်ပို့ကူညီနေသည့် အဓိကထောက်ပို့ ဗျူဟာစစ်စခန်းဖြစ်သည့်အတွက် ၎င်းတပ်ရင်းဌာနချုပ်ကို ရရှိလိုက်ခြင်းသည် ပလက်ဝဒေသကို စစ်ရေးအရ ထိန်းချုပ်သွားနိုင်ခြင်းဖြစ်ကြောင်းသိရသည်။
ထို့အပြင် ပလက်ဝနှင့် ကျောက်တော်အစပ်ရှိ မီးဝဗျူဟာကုန်းကိုလည်း ရက္ခိုင့်တပ်တော်(အေအေ) ကသိမ်းပိုက်နိုင်ခဲ့သည့်အတွက် ကျောက်တော်မြို့တွင်းရှိ အမြောက်တပ် အမတ ၃၇၇ ကိုပါ တစ်စပ်တည်း သိမ်းယူနိုခဲ့ကြောင်းသိရသည်။
ပလက်ဝရှိ စစ်ကောင်စီတပ်စခန်းများကို သိမ်းယူပြီးနောက် မြို့အတွင်းရှိ စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာများကိုလည်း ထိန်းချုပ်ပြီး ပလက်ဝဒေသတစ်ခုလုံးစစ်ကောင်စီ၏ အုပ်ချုပ်ရေး ယန္တရားနှင့် အာဏာစက် လုံးဝချုပ်ငြိမ်းသွားပြီဖြစ်ကြောင်းသိရသည်။
#ပလက်ဝမြို့ #ရက္ခိုင့်တပ်တော်(အေအေ) #အလုံးစုံထိန်းချုပ် #စစ်ကောင်စီတပ်စခန်းများ #သိမ်းပိုက်ခံရ
Ayeyarwaddy_Times