
ဟိန်းစံ/ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၇ ရက်
အာဏာသိမ်းစစ်ကောင်စီက ဇန်နဝါရီလ ၈ ရက်နေ့မှစ၍ ဆက်သွယ်ရေးအော်ပရေတာများကို ဆင်းမ်ကတ်အသစ်တကတ်လျှင် ၂၀၀၀၀ ကျပ်နှုန်းနှင့် အင်တာနက်သုံးစွဲမှုအပေါ် ၁၅ ရာခိုင်နှုန်းအထိတိုးမြှင့်ကောက်ခံသွားမည်ဟု ထုတ်ပြန် ကြေငြာထားသည်။
စစ်ကောင်စီက မိုဘိုင်းအော်ပရေတာများအား အင်တာနက်သုံးစွဲမှုကုန်သွယ်လုပ်ငန်းခွန်ကို အခွန်တိုးမြှင့်ကောက်ခံမည်ဟု ယခုမှ ထုတ်ပြန်ကြေငြာသော်လည်း ပြီးခဲ့သည့် ဒီဇင်ဘာလ ၈ ရက်နေ့မှစ၍ မိုဘိုင်းအော်ပရေတာများက အင်တာနက်ဒေတာစျေးနှုန်းများကို တိုးမြှင့်ပြင်ဆင်လိုက်ပြီးဖြစ်သည်။
Mobile Data စျေးနှုန်းများ တိုးမြှင့်ခဲ့သဖြင့် မြန်မာနိုင်ငံတဝှန်းရှိ သန်းနှင့်ချီသော အင်တာနက်အသုံးပြုသူများမှာ အင်တာနက်သုံးရန် ငွေကြေးပိုမိုကုန်ကျသုံးစွဲနေရပြီး အခက်ကြုံနေရသည်။
စစ်ကောင်စီအနေဖြင့် ယင်းကဲ့သို့တိုးမြှင့်ကောက် ခံခြင်းသည် facebook အပါအဝင် အင်တာနက်အသုံးပြုပြီးကြည့်ရှုရသည့် social media များသုံးစွဲမှုကိုလျှော့ချပြီး အများပြည်သူထံသတင်းစီးဆင်းမှုပြတ်တောက်စေကာ ၄င်းတို့၏အာဏာကို ဆက်လက်တည်မြဲစေရန် တိုးမြှင့် ထိန်းချုပ်နိုင်ဖို့ လုပ်ဆောင်ခြင်းဖြစ်သည်ဟု နိုင်ငံရေးအသိုင်းအဝိုင်းက သုံးသပ်ပြောဆိုကြသည်။
“အခုက သူတို့ရဲ့ အစိုးရဝင်ငွေ တိုးရဖို့အတွက် ဆက်သွယ်ရေးနဲ့ ပက်သက်ပြီး အခွန်တိုးကောက်လိုက်တာပေါ့။ နောက်တခုက ဖုန်း Sim Card တွေကို ထိန်းချုပ်လိုက်တဲ့သဘောပေါ့။ ထိန်းချုပ်တာမှာကလည်း တခုက လက်ရှိ PDF သူရဲကောင်း ရဲဘော်တွေရဲ့ ဖောက်ခွဲရေးမှာလည်း သုံးနေတာက တချက်ပေါ့။ နောက်တခုက သူတို့ ထုတ်တဲ့ ကတ်တွေကနေ သတင်းလိုက်မှာလည်း တချက်ပေါ့။ လူတွေရဲ့ ဝင်ငွေနဲ့ အင်တာနက်အသုံးပြုတဲ့ စရိတ်စကတွေ မြင့်တက်လာတဲ့အခါ ပြည်သူတွေမှာ အင်တာနက် အသုံးပြုတဲ့ ပမာဏကို လျှော့ချချင်တာပေါ့။ သတင်းထိန်းချုပ်တာမှာလည်း လူငယ်တွေအချင်းချင်း သတင်းမျှဝေတာ၊ နောက်တချက်က ဌာနဆိုင်ရာအတွင်းက ကျနော်တို့ တော်လှန်ရေးဘက်ကို သတင်းပေးနေတဲ့ဟာတွေကိုလည်း ထိန်းချုပ်ချင်တာမျိုးပေါ့။ ကုန်ကျစရိတ်များတော့ တော်လှန်ရေး အင်အားစုတွေရဲ့ ကုန်ကျစရိတ်ကို ပိုကုန်ကျစေအောင် လုပ်တာလဲ ပါနိုင်ပါတယ်။ ငွေတွေ ပိုပြီး သုံးရတော့မှာကိုလည်း လုပ်တာပေါ့။ အကုန်လုံး ဖြစ်နိုင်ပါတယ်”ဟု NLD ပါတီ၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီအနေဖြင့် အခွန်ပိုမိုရရှိစေရေးထက် ပြည်သူလူထုအနေဖြင့် ကြီးမြင့်သည့် မိုဘိုင်းဒေတာများကို မသုံးစွဲနိုင်ဘဲ သတင်းမဖတ်နိုင်၊ မကြည့်နိုင်စေရန် အဓိကရည်ရွယ်၍ လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဧရာဝတီတိုင်းရှိ အခွန်ဦးစီးဌာနဝန်ထမ်းတဦးက သုံးသပ် ပြောဆိုသည်။
”ဒီဟာက သူတို့အခွန်ဝင်ငွေတိုးရဖို့လုပ်ဆောင် တယ်ဆိုတာထက် အင်တာနက်သုံးတာကိုလျှော့ ချစေချင်တာ။ အခွန်ငွေကလည်း အခုနောက်ပိုင်း အတိုင်းအတာတခုထိအခွန်ရနေတယ်ပေါ့။ ဒီမှာ တိုးမကောက်လည်း သူတို့လည်ပတ်နိုင်တယ်။ အဓိက ကအွန်လိုင်းပေါ်ကသူတို့(စစ်ကောင်စီ )ရဲ့ လုပ်ဆောင်ချက်တွေကို ဝိုင်းပြီးရေးသားနေတဲ့ သတင်းတွေ၊ ဓာတ်ပုံ၊ ဗီဒီယိုဖိုင်တွေ ဒါတွေလူကြည့်နည်းလာအောင် လုပ်တာ။
အရင်ကဆို ငွေ ၁၀၀၀ ရှိရင် ၃ ရက်လောက် data package ဝယ်ပြီး အချိန်ပြည့်လိုင်းကြည့်နေလို့ရ တယ်။ အခုက တရက်ကို ဖုန်းဘေ ၂၀၀၀ ဖြည့်ပြီး သုံးရင်တောင် တနေကုန်သုံးလို့မရဘူး။ အဓိက ကတော့ ဒီအွန်လိုင်းကသတင်းတွေ ပြည်သူတွေဆီကိုမစီးဆင်းဘူးဆိုရင် သူတို့အကြမ်းဖက်လုပ်ရပ်တွေ အတိုင်းအတာတခုထိဖုံးဖိထားနိုင်မယ်။ ဒါမျိုးထိန်းချုပ်ချင်လို့ သပ်သပ်ယုတ်ပြီး လုပ်တာ။”ဟု ဧရာဝတီတိုင်းရှိ ပြည်တွင်းအခွန်ဦးစီးဌာန အရာရှိတဦးက သုံးသပ်ပြောဆိုသည်။
ထို့ပြင် စစ်ကောင်စီရင်ဆိုင်နေသည့် စစ်အုပ်စုပိုင် Mytel အော်ပရေတာကို ပြည်သူများက အသုံးမပြုဘဲ ဝိုင်းဝန်း သပိတ်မှောက်လုပ်ဆောင်နေခြင်းကို အဆိုပါအင်တာနက်အခွန်တိုးမြှင့်ကောက်ခံခြင်းနည်းဖြင့် ဖြေရှင်းခြင်းဖြစ်သည်ဟု ရန်ကုန်တိုင်းအတွင်းက မိုဘိုင်းဖုန်းဆိုင်ပိုင်ရှင်တဦးက မှတ်ချက်ပြုပြောဆိုသည်။
”အခု အင်တာနက်ဝင်ငွေခွန်ကို မိုဘိုင်းအော်ပရေတာတွေကို တိုးပြီးကောက်တော့ ပြည်သူတွေက mobile data ဝယ်သုံးဖို့ သိပ်အဆင်မပြေတော့ဘူး။ mobile dataဝယ်မသုံးနိုင်ရင် Wifi တပ်သုံးမယ့်သူ များလာလိမ့်မယ်။ Wifi ကလည်း ရန်ကုန်၊ မန္တလေးမြို့ကြီးလောက်ဘဲ တခြား Wifi ဝန်ဆောင်မှုကုမ္ပဏီများတာ နယ်မြို့တွေမှာ MPT နဲ့ Mytel ဘဲတပ်လို့ရတယ်။ အဲ့ဒီတော့ Mytel SIM card ဝယ်မသုံးလည်း တခြား မိုဘိုင်းအော်ပရေတာတွေမှာ data တွေ စျေးတက်လာရင် စစ်အုပ်စုပိုင်ဖြစ်တဲ့ Wifi စက်တွေကိုဘဲ သုံးဖို့များလာမယ်” ဟု ၄င်းက ပြောသည်။
ယခုလက်ရှိတွင် မိုဘိုင်းလ်အင်တာနက် Data စျေးနှုန်းများသည် MPT၊ အော်ရီဒူး၊ တယ်လီနော်၊ မိုင်တဲလ် စသည့်မိုဘိုင်းအော် ပရေတာများမှ Data ဝယ်ယူအသုံးပြုရာတွင် ဖုန်းဘေလ် တထောင်လျှင် 525 Mb သာ ရရှိပြီး mobile data အသုံးပြုသူများအနေဖြင့် စျေးနှုန်းအဆမတန်မြင့်တက်နေ၍ အင်တာနက် အသုံးပြုရန်ခက်ခဲနေသဖြင့် ၄င်းတို့စစ်အုပ်စုပိုင် မိုင်တဲလ် Wifi စက်များပိုမို ရောင်းချလာနိုင်အောင် ဖန်တီးတွန်းပို့နေခြင်းဖြစ်သည်ဟု သုံးသပ်ပြောဆိုကြသည်။
”အရင်က တထောင်လေးထည့်ပြီး Package ဝယ်လိုက်ရင် ၃ ရက်လောက် အကန့်အသတ်မရှိ ကြည့်လို့ရတယ်။ ကိုယ်ကြည့်ချင်တာကို လိုင်းပေါ်က တိုက်ရိုက်ကြည့်လို့ရတယ်။ ဒါမှမဟုတ် စိတ်ကြိုက်ဒေါင်းလို့ရတယ်။ အဲ့ဒီကနေ အဲ့package ကိုဖြုတ်လိုက်ပြီးတော့ ၁၀၀၀ ဖိုးကို 1 Gb လောက်ဘဲရတော့ ၁၀၀၀ ကို တရက်လောက်တော့ကောင်း ကောင်းသုံးလို့ ရတာပေါ့။ ဗီဒီယိုဖိုင်လေးဘာလေး နည်းပါးကြည့်ရတယ်ပေါ့။ အခုက ၁၀၀၀ မှ 500 Mb ဘဲရတော့တယ်ဆိုတော့ မိုဘိုင်းလ်ဒေတာနဲ့က လုံးဝအဆင်မပြေတော့ဘူး။ wifi တပ်မှဘဲအဆင်ပြေတော့မယ်။ ကျွန်မတို့မြို့ ကလည်း wifi က မိုင်တဲလ်တခုဘဲတပ်လို့ရတယ် ။ မသုံးချင်လည်းသုံးရတော့မှာဘဲ”ဟု ပဲခူးတိုင်း၊ ရွှေတောင်မြို့က ဒေသခံတဦးက ဆိုသည်။
စစ်ကောင်စီသည် အဆိုပါ အင်တာနက်သုံးစွဲမှု ကုန်သွယ်လုပ်ငန်းခွန် တိုးမြှင့်ကောက်ခံမှုကို မတ်လ ၃၁ ရက်နေ့ထိ အကြုံးဝင်မည်ဟု ထုတ်ပြန်ထားသည်။
၂၀၁၉ ခုနှစ် ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ လူဦရေ၏ ၉၀ ရာခိုင်နှုန်းဖြစ်သော လူပေါင်း ၄၈ သန်းကျော်မှာ မိုဘိုင်းဖုန်း အသုံးပြုကြကြောင်း သိရသည်။
မိုဘိုင်းအော်ပရေတာစျေးကွက်တွင် MPT က စျေးကွက်တစ်ခုလုံး၏ ၄၂ ရာခိုင်နှုန်းဖြင့် ပထမ၊ တယ်လီနောက ၂၅ ရာခိုင်နှုန်းနှင့် အော်ရီဒူးက ၁၃ ရာခိုင်နှုန်း အသီးသီး လွှမ်းမိုးကာ စျေးကွက်ရယူထားကြောင်း သိရသည်။
လက်ရှိအချိန်၌ ငြင်းမရသည့်အချက်က စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်က အာဏာသိမ်းပြီး ၁ဝ လအကြာတွင် ပြည်သူသန်းပေါင်းများစွာ အသုံးပြုနေသော Mobile Data များ ၂ ဆခန့် စျေးတက်ကုန်သည့်အကျိုးဆက်ကို စစ်ကောင်စီ ဆန့်ကျင်သူများရော၊ စစ်ကောင်စီ ထောက်ခံသူများပါ ခံစားနေရပြီဖြစ်သည်။