
ဆလိုင်းသန့်စင်နှင့်ဟိန်းစံ/ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၆ ရက်
မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဒီမိုကရေစီကို ငြိမ်းချမ်းစွာတောင်းဆိုသည့်ပြည်သူများကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စစ်မြေပြင်၌ အသုံးပြုသော သေနတ်များ၊ စနိုက်ပါများ အသုံးပြု၍ ရက်စက်စွာ နှိမ်နင်းခဲ့သဖြင့် မြန်မာပြည်အနှံ့ မြို့အများအပြား၏ လမ်းမများပေါ်တွင် ပြည်သူတို့၏အလောင်းများ ပြန့်ကြဲခဲ့သည်။
လက်နက်မဲ့ပြည်သူများကို စစ်တပ်၏ ရက်စက်စွာ အကြမ်းဖက် သတ်ဖြတ်မှုက Generation Z ဟု ခေါ်ဆိုကြသည့် မြန်မာလူငယ်များကို လက်နက်ကိုင်ခုခံတော်လှန်စစ် ဆင်နွှဲစေရန် တွန်းပို့ခဲ့သည်။ ၂၀၂၁ နှစ်လည်ပိုင်းမှစ၍ အရေအတွက် သိန်းနှင့်ချီရှိသည့် လူငယ်အများအပြားပါဝင်သော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – PDF များက အာဏာသိမ်း စစ်ကောင်စီတပ်များကို ပြောက်ကျားနည်းဖြင့် ခုခံတော်လှန်တိုက်ခိုက်ခဲ့ကြသည်။
ပြီးခဲ့သည့် ၁၁ လတာ အချိန်ကို နောက်ကြောင်းပြန်ကြည့်လျှင် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် မြန်မာလူငယ်များကို လျော့တွက်ခဲ့သည်မှာ ထင်ရှားသည်။ မြန်မာလူငယ်များသည် မြို့ပြ၌ ဆေးလိပ်၊ အရက်၊ မူးယစ်ဆေး၊ လောင်းကစား၊ အပျော်အပါးနှင့် ဗီဒီယိုဂိမ်းများဖြင့်သာ အချိန်ကုန်နေသူများဟု အထင်သေးခဲ့သည်။
အကြမ်းမဖက် ဆန္ဒပြချိန်၌ ကျည်အစစ်ဖြင့် ပစ်ခတ်သတ်ဖြတ်လိုက်လျှင် ဆန့်ကျင်မှုတွေ ငြိမ်သက်သွားမည်ဟု လျော့တွက်ခဲ့သလို လက်နက်ကိုင်လမ်းစဉ် ရွေးချယ်ချိန်မှာလည်း စစ်သင်တန်း လပိုင်းမျှသာ တက်ရောက်ထား ပြီး လူသူ၊ လက်နက်၊ ရိက္ခာ၊ အသုံးအဆောင် မပြည့်စုံသော ခေတ်လူငယ် PDF များကို လွယ်ကူစွာ နှိမ်နင်းနိုင်မည်ဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တွက်ဆခဲ့သည်။
တကယ်တမ်း အာဏာသိမ်းချိန် ကြာလာသည်နှင့်အမျှ G-Z ဟုခေါ်သော လူငယ်မျိုးဆက်သစ်တို့၏ နေရာပေါင်းစုံမှ နည်းလမ်းပေါင်းစုံသုံး၍ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်မှုက ထင်မှတ်မထား လောက်အောင် အားကောင်းလာနေပြီး စစ်ကောင်စီတပ်များမှာ နေရာဒေသအသီးသီး၌ အထိအခိုက် အကျအဆုံး များလာခဲ့သည်။
စစ်ကောင်စီတပ်များကို ပြည်နယ်နှင့် တိုင်းအလိုက် ခုခံတော်လှန်စစ်ဆင်နွှဲနေကြသည့်အထဲတွင် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်း ယောဒေသ၌ စစ်ကောင်စီတပ်၏ ထိခိုက်ကျဆုံးမှုက နေ့စဉ်မြင့်တက်နေသည့်အတွက် PDF တပ်ဖွဲ့များက လက်သံပြောင်သည်ဟု ဆိုရမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် တိုင်းနှင့်ပြည်နယ် ၁၄ ခုအနက် ရှမ်းပြည်နယ်သည် အကျယ်ဝန်းဆုံးဖြစ်ပြီး ရှမ်း ပြည်နယ် ပြီးလျှင် ဒုတိယအကြီးဆုံးနှင့်အကျယ်ပြန့်ဆုံးမှာ လူဦးရေ ၅ ဒဿမ ၃ သန်းကျော်ရှိသော စစ်ကိုင်းတိုင်းဒေသကြီးဖြစ်သည်။
စစ်ကိုင်းတိုင်းအတွင်း မြို့နယ်စုစုပေါင်း ၃၄ မြို့ရှိပြီး ထိုမြို့နယ်အားလုံးတွင် မြို့နယ်အလိုက် PDF များဖွဲ့စည်းထားကာ အခြားသော မြေအောက်တော်လှန်ရေးတပ်ဖွဲ့အများအပြားမှာလည်း အသီးသီး လှုပ်ရှားနေကြသည်။ ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-SPDF တပ်ဖွဲ့ကိုလည်း ဖွဲ့စည်းလှုပ်ရှားနေကြောင်း သိရသည်။
ထိုမျှမကသေး စစ်ကိုင်းတိုင်းနှင့်တဆက်စပ်ထဲရှိသည့် ယောဒေသဟုခေါ်ဆိုကြသည့် မကွေးတိုင်း ထီးလင်း၊ ဂန့်ဂေါ၊ ဆော၊လောင်းရှည်၊ ကျောက်ထုဒေသတွင် ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် အနောက်ရိုးမလမ်းဟုခေါ်ဆိုသည့် စစ်ကိုင်းတိုင်းသို့ဆက်သွယ်ဖောက် လုပ်ထားသည့် ပုသိမ်-မုံရွာလမ်းမကြီးနှင့်ဆက်စပ်လျက်ရှိသည့် မကွေးတိုင်း ပေါက်၊မြိုင်၊ပခုက္ကူ စသည့်မြို့များကလည်း တပြိုင်တည်းဖွဲ့စည်းခဲ့ကြကာ ပြည်သူလူထုကို လက်နက်အားကိုးဖြင့် အနိုင်ကျင့် အကြမ်းဖက် သတ် ဖြတ်နေသော အာဏာသိမ်း စစ်ကောင်စီတပ်များကို နေ ရာအနှံ့မှ ခုခံတော်လှန်တိုက်ခိုက်ခဲ့ကြသည်။
“ကျနော်တို့က ဒီစစ်အာဏာရှင်စနစ် ငါတို့မျိုးဆက်မှာ အမြစ်ပြတ်ရမယ်ဆိုတဲ့စိတ်နဲ့ တော်လှန်တာ။ အစောပိုင်းမှာ လက်နက်ဆိုလို့ တူမီးပဲ ရှိတယ်။ ဒါပေမယ့် ငြိမ်ခံနေလို့မဖြစ်၊ ရှိတဲ့လက်နက်နဲ့ တော်လှန်မယ် ဆိုပြီး စခဲ့ကြတာ” ဟု စစ်ကိုင်းတိုင်း၊ မင်းကင်း PDF တပ်ဖွဲ့ ဦးဆောင်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ရှင်းပြသည်။
စစ်ကိုင်းတိုင်းအတွင်းမှ ကနီ၊ မင်းကင်း၊ပင်လည်ဘူး၊ မြောင်၊ ကလေး၊ တမူး၊ ယင်းမာပင်၊ ပုလဲစသည့်မြို့နယ်များမှ PDF တပ်ဖွဲ့များက ဇွန်နှင့် ဇူလိုင်လများကစတင်၍ စစ်ကောင်စီကို ပျောက်ကြားစနစ်ဖြင့် တိုက်ခိုက်ခဲ့ကြသည်။ နောက်ပိုင်းတွင် ရွှေဘို၊ တန့်ဆည်၊ မုံရွာ၊ အရာတော်၊ ချောင်းဦး၊ ဒီပဲယင်း၊ ရေဦး၊ ကန့်ဘလူ၊ ဝက်လက်၊ ကျွန်းလှ၊ ဆားလင်းကြီး၊ ဝန်းသို၊ စစ်ကိုင်း၊ ဘုတလင်၊ ကသာ၊ ထီးချိုင့်၊ ကောလင်းအပါအဝင် မြို့နယ်အများအပြားနှင့် စစ်ကိုင်းတိုင်းနှင့် ထိစပ်သော ယောနယ်ဖြစ်သည့် ထီးလင်း၊ ဂန့်ဂေါ၊ ဆော၊လောင်းရှည်၊ ကျောက်ထု၊ ပေါက်၊ မြိုင်၊ ပခုက္ကူ စသည့် ဒေသများမှ PDF များက ဒေသအလိုက် နည်းမျိုးစုံဖြင့် တော်လှန်တိုက်ခိုက်ခဲ့ကြသည်။
စစ်ကိုင်းတိုင်း၌ မြို့နယ် ၃၄ ခုရှိသည့်အနက် အနည်းဆုံး မြို့နယ် ၂၂ ခုမှ အရေအတွက် သောင်းနှင့်ချီသော PDF တပ်သားများက စစ်ကောင်စီကို ကုန်းကြောင်း၊ ရေ ကြောင်းမှာပါ ခုခံတိုက်ခိုက်လျှက်ရှိသည်ကို တွေ့ရသည်။
PDF တို့၏ ပျောက်ကြားဗျူဟာက ရှိးရှင်းသည်။ စစ်ကောင်စီ၏သတင်းပေးဒလန်များကို စရှင်းသည်။ ထို့ နောက် စစ်တပ်ပိုင် Mytel တာဝါတိုင်များကို ဖောက်ခွဲဖျက်ဆီးသည်။ ပြီးခဲ့သည့် ၇ လအတွင်း စစ်ကိုင်းတိုင်းရှိ Mytel တာဝါတိုင် ၃၆၀ မှာ PDF များလက်ချက်ဖြင့် မြေ ပေါ်ဗုံးဗုံးလဲခဲ့ကြောင်း စစ်ကောင်စီ၏ထုတ်ပြန်ချက်အရ သိရသည်။
၎င်းတို့၏ ထောက်တိုင်များနှင့် စီးပွားရေး လုပ်ငန်းများကို အကြီးအကျယ်ဖျက်ဆီးသုတ်သင်နေသည့် PDF များကို နှိမ်နင်းရန်အတွက် စစ်ကောင်စီက လုံခြုံရေးအင်အား တိုးမြှင့်ချိန်တွင် PDF များက တော်လှန်ရေး တဆင့်မြှင့်ကာ ကင်းလှည့်သည့်စစ်ယာဉ်တန်းများကို မိုင်းဆွဲတိုက်ခိုက်ကြတော့သည်။
စစ်ကိုင်းတိုင်းအတွင်းက ကားလမ်းမကြီးများကို ပြည်သူတွေ မသွားလာဖို့ မေတ္တာရပ်ခံသည်။ ပြည်သူကလည်း ပူးပေါင်းသည်။ ထို့ကြောင့် လူသူရှင်းလင်းနေသည့် ကားလမ်းမ၌ ထီးထီးကြီး မောင်းနှင်လာသည့် စစ်ကောင်စီယာဉ်တန်းများကို အသင့်စောင့်ကြို၍ မိုင်းဆွဲတိုက်ခိုက်သည်။ မိုင်းထိချိန်တွင် ယာဉ်တန်းများကို ခေတ္တဝိုင်းဝန်းပစ်ခတ်ပြီးနောက် စစ်ဗျူဟာအရ ရင်ဆိုင်တိုက်ပွဲမဆင်ဘဲ ပြန်ဆုတ်သည်။
စစ်ကောင်စီက မိုင်းဆွဲခံရသည့်ယာဉ်တန်းမှ ထိခိုက်ဒဏ်ရာရ သေကြေသူများကို ကူညီဖို့ နောက်ထပ် အကူယာဉ်တန်း၊ အလောင်းကောက်ယာဉ်တန်းများ စေလွှတ်သည်။ နောက်ထပ်လွှတ်သော ယာဉ်တန်းများ ထပ်ဆင့် မိုင်းဆွဲတိုက်ခိုက်ခံရပြန်သည်။ ရေကြောင်းတွင်လည်း သတင်းအရ PDF များက ကြိုတင် စောင့်ဆိုင်းပြီး မြစ်ရိုးအတိုင်း ဆန်တက်လာသော စစ်ကောင်စီတပ်သင်္ဘောများကို ကမ်းပေါ်မှ ပစ်ခတ် တိုက်ခိုက်သည်။ ထို့ကြောင့် မြေပြင်၌ စစ်ကောင်စီတပ်တွေ ထိခိုက်သေဆုံးမှုက တစ်စထက်တစ်စ များပြားလာခဲ့သည်။
စစ်ကောင်စီတပ်ကို စစ်ကိုင်းတိုင်းနှင့် ယောနယ်ရှိ PDF များက လူသူအင်အား၊ လက်နက်အင်အားချင်း မယှဉ်သာသော်လည်း ပျောက်ကြားစစ်ဗျူဟာဖြင့် အကြီးအကျယ် အထိနာအောင် တိုက်ခိုက်နိုင်သည့် အခြေအနေသို့ ရောက်ရှိခဲ့သည်။
“ကျနော်တို့အဓိက အားပြုတာတော့ မိုင်းဆွဲတိုက်ခိုက်တာ ဖြစ်ပါတယ်။ အားသာတာကလည်း မိုင်းပဲ ရှိတယ်။ လက်နက်ခဲယမ်းကတော့ တူမီးပဲ အဓိကကိုင်ပြီး တိုက်နေရတာ။ ဒါပေမယ့် ကျနော်တို့က လူထုထောက်ခံမှုနဲ့ အတူ စိတ်ဓာတ်အရ အသာစီးရထားတယ်။ ဒါကြောင့် ဒီတော်လှန်ရေးက အောင်ကိုအောင်မယ်လို့ ယုံကြည်တယ်”ဟု မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအထူးတပ်ဖွဲ့ – MSPDF ဦးဆောင်သူတစ်ဦးက စစ်မြေပြင် အခြေအနေကို ပြောပြသည်။
စစ်ကိုင်းတိုင်းနှင့်မကွေးတိုင်း၏ယောဒေသည် မုံရွာမြို့အခြေစိုက် စစ်ကောင်စီ၏အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ)၏ကွပ်ကဲမှုနယ်မြေအတွင်း ပါဝင်သည်။ နမခတိုင်းမှူးဖြစ်သော ဗိုလ်မှူးချုပ် ဖြိုးသန့်သည် မြို့နယ်အလိုက် တော်လှန်တိုက်ခိုက်နေသည့် PDF များကို နှိမ်နင်းရန် မစွမ်းနိုင်သည့်အပြင် စစ်တပ်ဘက်မှ နေ့စဉ် ထိခိုက်ကျဆုံးမှု မြင့်တက်နေသည့်အတွက် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၎င်းအားကိုးရသည့် လက်ရုံးတပည့် ဖြစ်သော ဒုဗိုလ်ချုပ်ကြီး သန်းလှိုင်ကို နမခကို ကွပ်ကဲရန် ၂၀၂၁ စက်တင်ဘာလဆန်းပိုင်းတွင် စေလွှတ်ခဲ့သည်။
ဒု ဗိုလ်ချုပ်ကြီး သန်းလှိုင်သည် အာဏာသိမ်းစစ်တပ်တွင် အမှတ် – ၆ စစ်ဆင်ရေးအထူးအဖွဲ့မှူး (ကစထ ၆)၊ ပြည်ထဲရေး ဒုဝန်ကြီးနှင့် မြန်မာနိုင်ငံရဲချုပ်ဟူသော အရေးကြီးရာထူး ၃ ခု ထမ်းဆောင်နေသူဖြစ်ပြီး ကစထမှူး မဖြစ်မီ ၂၀၁၄ မှ ၂၀၁၆ ခုနှစ်အထိ နမခတိုင်းမှူးအဖြစ် ၂ နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ ထို့ကြောင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သန်းလှိုင်ကို ၎င်းကွပ်ကဲခဲ့သောနယ်မြေရှိ PDF များကို နှိမ်နှင်းမည့် အထူးစစ်ဆင်ရေးကွပ်ကဲစေရန် မုံရွာမြို့သို့ စေလွှတ်ခဲ့ခြင်းဖြစ်သည်။
“သန်းလှိုင်ကို အထူးစစ်ဆင်ရေးအတွက် မုံရွာကို လွှတ်လိုက်တာ။ အထူးစစ်ဆင်ရေးမှာက သာမာန်ထက်ကို တပ်မတွေအများကြီးပါမယ်။ သံချပ်ကာ၊ ရေကြောင်းနဲ့ လေကြောင်းပါ သုံးဖို့အစီအစဉ်တွေပါနေတော့ ဗိုလ်ချုပ်အဆင့်တွေ အများကြီးပါနေတယ်။ ဒါတွေကို ကွပ်ကဲဖို့အတွက် ဒု ဗိုလ်ချုပ်ကြီးအဆင့်ဖြစ်တဲ့ သန်းလှိုင်ကိုလွှတ်တာ။ သူက နမခတိုင်းမှူး လုပ်ခဲ့ဖူးတာလည်း ပါတာပေါ့။ တိုင်းမှူး ဖြိုးသန့်ကျတော့ ဗိုလ်မှူးချုပ်အဆင့်ပဲဆိုတော့ သန်းလှိုင်ခိုင်းတာ လုပ်ရတဲ့အဆင့်ပဲရှိတယ်”ဟု စစ်ကိုင်းတိုင်း၌ တာဝန်ထမ်းခဲ့သူ တပ်မတော်သားဟောင်းတစ်ဦးက ရှင်းပြသည်။
ဒု-ဗိုလ်ချုပ်ကြီး သန်းလှိုင်သည် နမခသို့ ၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် ရောက်ရှိပြီးနောက်ပိုင်း စစ်ကိုင်းတိုင်းနှင့် မကွးတိုင်း ယောဒေသသို့ အထူးစစ်ဆင်ရေး ဆင်နွှဲရန် ကြိုတင်ပြင်ဆင်တော့သည်။
ဧရာဝတီတိုင်းမ်သတင်းဌာန၏ စစ်ရေးဆိုင်ရာ သတင်းရင်းမြစ်များအဆိုအရ စစ်ကိုင်းတိုင်းနှင့် ယောနယ်ရှိ PDF များကို နှိမ်နင်းရန် စစ်ကိုင်းမြို့အခြေစိုက် တပ်မ ၃၃၊ ပဲခူးမြို့အခြေစိုက် တပ်မ ၇၇ နှင့် ပခုက္ကူမြို့အခြေစိုက် တပ်မ ၁၀၁ တို့ကို စစ်ကောင်စီက အသုံးပြုရန်စီစဉ်ခဲ့သည်။
တပ်မ ၁ ခုလက်အောက်တွင် တပ်ရင်း ၁၀ ရင်းပါဝင်ပြီး တပ်မ ၃ ခုကို အသုံးပြုထားသဖြင့် အဆိုပါ စစ်ဆင်ရေးတွင် တပ်ရင်းပေါင်း ၃၀ မှ အနည်းဆုံးစစ်သည်အင်အား ၃၀၀၀ ပါဝင်သည်။ တပ်မ ၃၃ သည်
ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တောဒေသမှ ရိုဟင်ဂျာများ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သိန်းနှင့်ချီ ထွက်ပြေးအောင် နယ်မြေရှင်းလင်းရေးပြုလုပ်ခဲ့သော၊ ရက်စက်ကြမ်းကြုတ်ရာတွင် နာမည်ဆိုးဖြင့်ကျော်ကြားသည့်တပ်မဖြစ်သည်။
ထို့ပြင် အထူးကွန်မန်ဒို တပ်ဖွဲ့များ၊ လေကြောင်းချီ တပ်ဖွဲ့များကို အင်အားထောင်နှင့်ချီ ဖြည့်တင်းခဲ့သလို သံချပ်ကာများ၊ တင့်ကားများနှင့် ချင်းတွင်းမြစ်ကြောင်း တလျှောက်မှလည်း စစ်ရေယာဉ်များဖြင့် စစ်သည်အင်အားဖြင့်တင်းပို့ဆောင်မှုများ ပြုလုပ်ကာ အထူး စစ်ဆင်ရေးကြီးတစ်ခုဆင်နွှဲရန် စစ်ကောင်စီ ပြင်ဆင်ခဲ့သည်။
စစ်ကောင်စီက အနောက်မြောက်ဒေသကို လွတ်လပ်စွာထိုးစစ်ဆင်နိုင်ရန်အတွက် စက်တင်ဘာလ နောက်ဆုံးပတ်မှစ၍ PDF နယ်မြေများမှလွဲ၍ နိုင်ငံတဝှန်းရှိ တိုင်းရင်းသားလက်နက်ကိုင်တပ်မတော်များကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလကုန်အထိ ၅ လကြာ တပ်မတော်မှ အပစ်အခတ်ရပ်စဲကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
ထိုသို့ကြေငြာပြီးနောက် စစ်ကောင်စီက စက်တင်ဘာလကုန်ပိုင်းမှစ၍ စစ်ကိုင်းတိုင်း၊ ရွှေဘိုနယ်ကို အခြေပြု၍ တတိယမြန်မာနိုင်ငံတော် ကုန်းဘောင်မင်းဆက် တည်ထောင်ခဲ့သူ အလောင်းမင်းတရား ဦးအောင်ဇေယျ၏အမည်ကိုယူ၍ အလောင်းမင်းတရား အထူးစစ်ဆင်ရေးဟုအမည်ပေးပြီး စစ်ကိုင်းတိုင်းနှင့် ယောနယ်အတွင်းရှိ PDF များကို ကြည်းတပ်၊ ရေတပ်နှငိ့ လေတပ်များကိုသုံး၍ ထိုးစစ်ဆင်မှုများ အကြီးအကျယ် ပြုလုပ်လေတော့သည်။