ဆလိုင်းသန့်စင်နှင့်ဟိန်းစံ/ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၀ ရက်
အာဏာရှင် ဗိုလ်မင်းအောင်လှိုင်၏ လက်ပါးစေ စစ်တပ်သည် အလောင်းမင်းတရား အထူးစစ်ဆင်ရေးဖြင့် စစ်ကိုင်းတိုင်းနှင့် ယောဒေသသို့ အင်အားအလုံးအရင်းဖြင့် မြေပြင်၌ ခြေလျင်နှင့် ခြေမြန်တပ်များဖြင့် ထိုးစစ်ဆင်ခြင်း၊ လက်နက်ကြီး များဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းမှ ရဟတ်ယာဉ်များ၊ တိုက်လေယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ ဗုံးကြဲခြင်းများ ပြုလုပ်ကာ PDF များကို အပြင်းအထန် ထိုးစစ်ဆင်လျှက်ရှိသည်။
ယင်းသို့ ထိုးစစ်ဆင်ရသည့်အဓိကအကြောင်းအရင်းမှာ ဗို်လ်မင်းအောင်လှိုင်၏ အာဏာသိမ်းစစ်တပ်သည် စစ်ကိုင်းတိုင်းနှင့် ယောဒေသ၌ ၎င်းတို့အာဏာ မတည်ဆောက်နိုင်၊ နယ်မြေမစိုးမိုးသည့်အခြေအနေ ဖြစ်နေပြီး ယင်းဒေသများကို တော်လှန်ရေး လွတ်မြောက်နယ်မြေများအဖြစ် လက်လွှတ်ဆုံးရှုံး ရမည်ကို ကြောက်ရွံ့ နေသောကြောင့် ဖြစ်သည်ဟု စစ်တပ်နှင့်နီးစပ်သောအသိုင်းအဝိုင်းက ပြောဆိုကြသည်။
”သူတို့က စစ်ကိုင်းကိုပစ်မှတ်ထားတယ်ဆိုတာက PDF တွေကြောင့် စစ်တပ်က နယ်မြေမစိုးမိုးတော့ဘူး။ သူတို့ အုပ်ချုပ်မှုအာဏာ မရောက်တော့ဘူး။ ပြည်နယ်တွေမှာ နယ်မြေမစိုးမိုးတာက တိုင်းရင်းသားတပ်မတော်တွေ ရှိနေတော့ သူတို့အတိုင်းအတာတခုအထိ လက်ခံပေမယ့်။ တိုင်းဒေသကြီးတွေပါ လက်လွှတ်ရရင် ပိုပြီးထိန်းလို့ မလွယ်တော့ဘူးဆိုတာကို သိတယ်။ ဒါကြောင့် စစ်ကိုင်းတိုင်းကိုစံနမူနာပြလုပ်မယ်ဆိုပြီး အလောင်းမင်းတရား စစ်ဆင်ရေးလုပ်တာ”ဟု မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်နှင့်နီးစပ်သူ တပ်မတော်သားဟောင်းတစ်ဦးက ရှင်းပြသည်။
ထိုသို့ တိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်များအနေဖြင့် ပြည်သူလူထုအခွန်ငွေ ဒေါ်လာသန်းပေါင်းများစွာဖြင့် ဝယ်ယူထေားသော စစ်လေယာဉ်များကို အသုံးပြု၍ လေကြောင်းတိုက်ခိုက်မှုတစ်ခုသာ အားသာချက်ရှိနေပြီး မြေပြင်တိုက်ပွဲများ၌ PDF များကို စစ်ဗျူဟာနှင့် တိုက်ရည်ခိုက်ရည်အပိုင်းတွင် မယှဉ်သာပဲ အရေးနိမ့်လျှက်ရှိ သည်ဟု စစ်ရေးလေ့လာ စောင့်ကြည်သူများက ပြောဆိုကြသည်။
“စစ်တပ်က အားသာတာ လေကြောင်းတစ်ခုပဲ ရှိတယ်။ ဒါတောင် PDF တွေလက်ထဲကို လေယာဉ်ပစ်တွေ မရောက်သေးလို့။ လေယာဉ်ပစ်သာ PDF တွေရသွားရင် ပွဲသိမ်းဖို့များပြီ။ ဘာလို့ဆိုတော့ စစ်တပ်က မြေပြင်မှာ တိုးလို့ မပေါက်တော့ဘူး။ မြေပြင်ရင်ဆိုင်တိုက်ပွဲတွေမှာ PDF ကို စစ်ဗျူဟာရော၊ စိတ်ဓာတ်ရော၊ တိုက်ရည် ခိုက်ရည်ရော ဘယ်အပိုင်းမှာမှ မယှဉ်နိုင်တော့ဘူး”ဟု စစ်ရေးလေ့လာစောင့်ကြည့်သူ ဦးကျော်နန္ဒက ၎င်း၏အမြင်ကို ပြောပြသည်။
စစ်ကိုင်းတိုင်းနှင့် ယောဒေသရှိ PDF တပ်ဖွဲ့များသည် စစ်ကောင်စီ၏ ကြည်းကြောင်း၊ လေကြောင်း ပူးပေါင်းထိုးစစ်ဆင် တိုက်ခိုက်မှုကို ကြံ့ကြံ့ခံတွန်းလှန်တိုက်ခိုက်နေသလို တိုက်ပွဲဝင်ကာလအတွင်း PDF တို့က စစ်ဗျူဟာကို နည်းပညာပေါင်းစပ်၍ ဒရုန်းဖြင့် ဗုံးကြဲခြင်း၊ ရေထဲတွင် ဗုံးထောင်၍ စစ်ကောင်စီသင်္ဘောများကို တိုက်ခိုက်မှုခြင်းများ ဆောင်ရွက်နိုင်ခဲ့သည်။
ထို့ပြင် စစ်ကောင်စီ၏ Mytel တာဝါတိုင်များကို ဖျက်ဆီးရာမှ ရရှိလာသည့်သံထည်များဖြင့် တာဝေးပစ် စိန်ပြောင်းများ၊ ပခုံးထမ်း RPG ဗုံးသီးနှင့် စစ်လက်နက်များ ထုတ်လုပ်၍ ကိုယ်တိုင် သုံးစွဲသလို PDF တပ်ဖွဲ့များအချင်းချင်း ဝေမျှထောက်ပံ့မှုများ ပြုလုပ်လာနိုင်ခဲ့သည်။ နိုဝင်ဘာနှင့် ဒီဇင်ဘာလ မြေပြင် တိုက်ပွဲများအတွင်း အဆိုပါ စိန်ပြောင်းများဖြင့် စစ်ကောင်စီတပ်များကို ပစ်ခတ်တိုက်ခိုက်ခဲ့သည်ကို တွေ့ရသည်။ Generation – Z တို့သည် မြန်မာပြည်သူတို့၏ အားပေးထောက်ပံ့မှုဖြင့် စစ်ပွဲသက်တမ်း ၈ လခန့် ကာလအတွင်း စစ်ဗျူဟာ၊ နည်းပညာနှင့် တိုက်ရည်ခိုက်ရည်များ အလျင်အမြန်တိုးတက်လာခဲ့သည်။
“သူတို့တွေ အချိန်တိုအတွင်း တိုးတက်လာတာက တိုက်ပွဲအတွေ့အကြုံများလာတာရယ်၊ နေရာဒေသ ကျွမ်းကျင်တာရယ်၊ စိတ်ဓာတ်ပိုင်းအရ ကိုယ့်ခံယူချက် ယုံကြည်ချက်ခိုင်မာနေတဲ့အတွက် စစ်ကောင်စီတပ်ကို အသာစီး ရအောင် တိုက်နိုင်တာဖြစ်တယ်။ နောက်ပိုင်းမှာ အဆင့်မြင့်နည်းပညာတွေ ပေါင်းစပ်လာတာ၊ လက်နက်ကြီးတွေ ကိုယ်တိုင်ထုတ်လုပ် တိုက်ခိုက်လာနိုင်တာကတော့ တကယ်အံ့သြချီးကျူးဖို့ ကောင်းတယ်”ဟု စစ်ရေးလေ့လာစောင့်ကြည့်သူ ဦးကျော်နန္ဒက ပြောဆိုသည်။
ဗိုလ်မင်းအောင်လှိုင်၏ အာဏာသိမ်းစစ်တပ်မှာ စစ်ကိုင်းတိုင်းနှင့်ယောနယ်ရှိ PDF များကို တိုက်၍ မနိုင်သည့်အဆုံး PDF များ ခိုအောင်းနေသည်၊ PDF များကို ထောက်ပံ့သည်ဟုဆိုကာ ရွာလုံးကျွတ် မီးရှို့ခြင်း၊ ပြည်သူများကို အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ခြင်း၊ ကျေးရွာများအတွင်း ဝင်ရောက်ဖျက်ဆီး လုယက်ခြင်း၊ ပြည်သူများကို ထင်သလိုဖမ်းဆီးခြင်း၊ မြင်တွေ့သမျှ ပြည်သူများကို ပစ်ခတ်သတ်ဖြတ်ခြင်း၊ စစ်ရဟတ်ယာဉ်များ၊ တိုက်လေယာဉ်များဖြင့် မြို့ရွာများအတွင်း ဗုံးကြဲတိုက်ခိုက်ခြင်းများ ကျူးလွန်ကြတော့သည်။
စစ်ကောင်စီတပ်များမှာ စစ်ကိုင်းတိုင်းရှိ ရွှေဘိုမြို့နယ် ဆိပ်ခွန်ရွာမှ ဒေသခံ ၄ ဦးနှင့် ဆားလင်းကြီးမြို့နယ်၊ ဒုန်းတောရွာမှ ဒေသခံ ၁၀ ဦးတို့အား အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ခြင်း၊ ကလေး၊ တန့်ဆည်၊ ယင်းမာပင်၊ ဆားလင်းကြီး၊ မြောင်၊ ပုလဲ၊ ရွှေဘို၊ မုံရွာ၊ ဝက်လက်၊ ရေဦး၊ ဒီပဲယင်းမြို့နယ်များနှင့် မကွေးတိုင်းမှ မြိုင်၊ ပေါက် ဂန့်ဂေါ၊ ဆော မြို့နယ်တို့အပါအဝင် ဒေသအများအပြားရှိ ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ကျူးလွန်ခဲ့ကြောင်း PDF တပ်များ၏ ထုတ်ပြန်ချက်အရ သိရသည်။
”သူတို့ယာဉ်တန်းတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီဆိုရင် တိုက်ခိုက်ခံရတဲ့နားကရွာတွေကို ပြသနာရှာ တယ်။ ဝင်စီးတယ်။ တရွာဝင်တရွာထွက် မီးရှို့တာပဲ လုပ်နေတာ။ အဓိကက PDF တွေကို မနိုင်တာနဲ့ ပြည်သူတွေကို တမင် အကြမ်းဖက်သတ်ဖြတ်တာ၊ ဖျက်ဆီးတာတွေ လုပ်တာ”ဟု မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-CDSOM ဦးဆောင်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောဆိုသည်။
အာဏာသိမ်းစစ်တပ်၏ လူမဆန်သော ရက်စက်ကြမ်းကြုတ်မှုနှင့် အကြမ်းဖက်မှုများက စစ်ကိုင်းတိုင်းနှင့် ယောနယ်ရှိ အရွယ်ရောက်ပြီးသော အမျိုးသားများသာမက အမျိုးသမီးများကိုပါ လက်နက်ကိုင် တော်လှန်ရေး နယ်ပယ်သို့ အတင်းအကြပ် တွန်းပို့ခဲ့သည်။
“စစ်ကောင်စီကတော့ သူ့ပေါ်လစီက လုယူမယ်၊ သတ်ဖြတ်မယ်၊ မီးရှို့မယ် ဒီအတိုင်းပဲ ဆောင်ရွက်နေတယ်။ ကျမတို့ မြောင်နယ်မှာဆိုလည်း အပြစ်မဲ့ပြည်သူတွေကို သတ်တယ်။ ပစ္စည်းတွေဖျက်ဆီးပြီး ရွာတွေမီးရှို့ တာတွေ လုပ်တယ်။ ဒီလိုရိုင်းစိုင်းယုတ်မာနေတဲ့အပေါ်မှာ ကျမတို့အနေနဲ့ ဒီလိုပဲ သူတို့လာရင် ထွက်ပြေးနေရ တော့မှာလားဆိုတဲ့စိတ်ကြီးက ရှိနေတယ်။ မဖြစ်ဘူး။ သူတို့လာတိုင်း ထွက်ပြေးနေရအောင် ငါတို့က ဘာတွေ မို့လို့လဲ။ သူတို့ကို တော်လှန်မှရမယ်ဆိုတဲ့စိတ်နဲ့ ကျမတို့ရရာနည်းလမ်းနဲ့ အဖွဲ့တည်ထောင်ပြီး တော်လှန် တိုက်ခိုက်နေတာ ဖြစ်ပါတယ်”ဟု မြောင်အမျိုးသမီး ပြောက်ကျားစစ်သည်တော်တပ်ဖွဲ့ – MWW မှ ဦးဆောင်သူ တစ်ဦးက ပြောဆိုသည်။
မြောင်အမျိုးသမီး ပြောက်ကျားစစ်သည်တော်တပ်ဖွဲ့ – MWW ကို အမျိုးသမီးတော်လှန်ရေးရဲမေများစုပေါင်း၍ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလက စတင်ဖွဲ့စည်းကာ အမျိုးသား PDF များနည်းတူ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၌ စစ်ကောင်စီတပ်စခန်း၊ ရဲကင်းစခန်းများကို တိုက်ခိုက်နေကြောင်း သိရသည်။
“စစ်တပ်ရဲ့မဟာဗျူဟာက လူတွေကို ရက်ရက်စက်စက် မီးရှို့သတ်တာတွေ၊ နှိပ်စက်တာတွေ လုပ်ပြလိုက်ရင် ကြောက်သွားမယ်၊ အုပ်ချုပ်လို့ရမယ်၊ အဆင်ပြေသွားမယ်လို့ သူတို့ထင်နေတယ်။ တကယ်တမ်းကျတော့ စစ်တပ်က အကြမ်းဖက်လေ ပြည်သူက တော်လှန်လေပဲ။ စစ်ကောင်စီက ပြည်သူတွေကို အသေခံမလား၊ ခံတိုက်မလားဆိုပြီး ရွေးခိုင်းတဲ့အခြေအနေ ဖြစ်အောင် တွန်းပို့ခဲ့တာ။ အဲတော့ ဒီတိုင်းထိုင်နေလည်း သေမယ့်အတူတူ ခံချမယ်ဆိုတဲ့အတွေးနဲ့ နေရာအနှံ့အပြားမှာ ခံတိုက်ကြတော့တာ။ စစ်ကောင်စီတပ်အဖို့က
ဘယ်နေရာ သွားသွား သူတို့ရန်သူတွေချည်းပါပဲ”ဟု နိုင်ငံရေးလေ့လာစောင့်ကြည့်သူ ဦးတင်လင်းအောင်က ပြောသည်။
စစ်ခေါင်းဆောင် ဗိုလ်မင်းအောင်လှိုင်သည် စစ်ကိုင်းတိုငး်နှင့် ယောနယ်မှ PDF များကို နှိမ်နင်းရန် ဒု ဗိုလ်ချုပ်ကြီး သန်းလှိုင်ကို မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) သို့ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလတွင် စေလွှတ်၍ အနီးကပ် ကွပ်ကဲစေခဲ့သည်။ ဒု ဗိုလ်ချုပ်ကြီး သန်းလှိုင်သည် အာဏာသိမ်းစစ်တပ်တွင် အမှတ် – ၆ စစ်ဆင်ရေးအထူးအဖွဲ့မှူး (ကစထ ၆)၊ ပြည်ထဲရေး ဒုဝန်ကြီးနှင့် မြန်မာနိုင်ငံရဲချုပ်ဟူသော အရေးကြီးရာထူး ၃ ခု ထမ်းဆောင်နေသူဖြစ်သည်။
ဒုဗိုလ်ချုပ်ကြီး သန်းလှိုင်ကိုယ်တိုင် စက်တင်ဘာလမှ ဒီဇင်ဘာလအထိ ၃ လကျော် မုံရွာမြို့၌ နေထိုင်၍ အနီးကပ်ကွပ်ကဲကာ စစ်ကိုင်းတိုင်းနှင့် ယောနယ်မှ PDF များကို အလောင်းမင်းတရားစစ်ဆင်ရေးဖြင့် အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်သော်လည်း စစ်ကောင်စီ တပ်များအနေဖြင့် ရွာမီးရှို့ခြင်း၊ အပြစ်မဲ့ပြည်သူများကို အကြမ်းဖက်သတ်ဖြတ်ခြင်းနှင့် လေယာဉ်ဖြင့် ဗုံးကြဲခြင်းမှလွဲ၍ PDF များကို ထိရောက်စွာ တိုက်ခိုက်နိုင်ခြင်းမရှိဟု စစ်ရေးလေ့လာစောင့်ကြည့်သူများနှင့် တပ်မတော်သားဟောင်းများက မှတ်ချက်ပြုကြသည်။
“သန်းလှိုင်ကိုယ်တိုင် မုံရွာမှာ ၃ လလောက်နေပြီး ကွပ်ကဲနေတာ။ သူတို့စစ်ဆင်ရေးက ရွာမီးရှို့၊ လက်နက်မဲ့ ပြည်သူတွေ လျှောက်သတ်ပြီး လေယာဉ်နဲ့ ဗုံးကြဲတာကလွဲရင် ကျန်တာက ဘာမှထူးထူးခြားခြား မလုပ်ပြနိုင်ဘူး။ PDF တွေရဲ့တော်လှန်မှုကို ရပ်တန့်သွားအောင်တောင် မလုပ်နိုင်ခဲ့ဘူး။ အဲတော့ ဒီစစ်ပွဲက သရေမရှိဘူး။ စစ်ကောင်စီက PDF ကို မနိုင်ဘူးဆိုတော့ PDF တွေက စစ်ကောင်စီကို နိုင်နေပြီဆိုတဲ့ အဖြေထွက်တယ်”ဟု စစ်ကိုင်းတိုင်း၌ တာဝန်ထမ်းဆောင်ခဲ့သူ တပ်မတော်သားဟောင်းက သုံးသပ်ပြောဆိုသည်။
တပ်မ ၃ ခုအောက်ရှိ တပ်ရင်းပေါင်း ၃၀ ကိုအသုံးပြု၍ ကြည်းကြောင်းနှင့် လေကြောင်း ပူးပေါင်းထိုးစစ်ဆင် နေသော အလောင်းမင်းတရား စစ်ဆင်ရေးမှာ ၃ လကျော်ကြာမြင့်ခဲ့ပြီးနောက် စစ်ကောင်စီက ဇန်နဝါရီ ၁၀ ရက်နေ့တွင် PDF များကို နိုင်အောင် မတိုက်နိုင်သည့် အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ဖြိုးသန့်ကို စစ်တိုင်းမှူးရာထူးမှဖြုတ်၍ နယ်စပ်ရေးရာ ဒုဝန်ကြီးအဖြစ် နေရာပြောင်းလဲ ပစ်ခဲ့သည်။ ထို့ပြင် အာဏာသိမ်း စစ်ကောင်စီက ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်ကိုလည်း ရာထူးမှဖြုတ်ပစ်ကာ စစ်ကောင်စီအဖွဲ့ဝင်အဖြစ်သာ ထားရှိခဲ့သည်။
လေချုပ် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် နေရာတွင် စစ်ဦးစီးအရာရှိချုပ် (လေ) ဒု ဗိုလ်ချုပ်ကြီး ထွန်းအောင်ကို အစားထိုးခန့်အပ်ခဲ့သလို နမခ စစ်တိုင်းမှူး ဖြိုးသန့်နေရာတွင် အမှတ် (၁၀) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (ကလေးဝ) တပ်မမှူး ဗိုလ်မှူးချုပ် သန်းထိုက်ကို စစ်ကောင်စီက အစားထိုး တာဝန်ပေးခဲ့သည်။ လစ်လပ်နေသည့် (၁၀) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (ကလေးဝ) တပ်မမှူးနေရာကို ဗိုလ်မှူးချုပ် စိုးလှိုင်ကို ခန့်အပ်ခဲ့သည်။
“စစ်ကိုင်းတိုင်းမှာ PDF တွေကို နိုင်အောင်မတိုက်နိုင်လို့ နမခတိုင်းမှူး ဖြိုးသန့်ကို မင်းအောင်လှိုင်က တင်းနေတာ။ အဲဒါကြောင့် သန်းလှိုင်ကို နေပြည်တော်ကနေ မုံရွာကိုလွှတ်ပြီး ကွပ်ကဲခိုင်းတာ။ သန်းလှိုင်ရောက်ကတည်းက ဖြိုးသန့်က စစ်ဆင်ရေးတာဝန်တွေ ဘာမှမလုပ်ရတော့ဘူး။ စည်းရုံးရေးပိုင်းပဲ ထားတော့တာ။ စစ်ဆင်ရေး တာဝန်အကုန်လုံး သန်းလှိုင် ကိုင်ထားတာ။ ဖြိုးသန့်က မီဒီယာတွေမှာလည်း သတင်းတချို့ပွနေတော့ ချက်ခြင်းကြီးဖြုတ်ရင် ရုပ်ပေါက်လို့ ခနမှေးထားတာ။ ဒီလထဲကျမှ ဖြိုးသန့်ကို တိုင်းမှူးရာထူးက ဖြုတ်လိုက်ပြီး အရပ်ဘက်ရွှေ့လိုက်တာ”ဟု နမခနှင့်နီးစပ်သူ တပ်မတော်သားဟောင်းက ရှင်းပြသည်။
စစ်ကိုင်းတိုင်းနှင့် ယောနယ်ရှိ PDF တပ်များ၏ ခုခံတော်လှန်စစ်က နမခ စစ်တိုင်းမှူး ဗိုလ်မှူးချုပ် ဖြိုးသန့်ကို ရာထူးပြုတ်သည်အထိ ဂယက်ရိုက်ခဲ့ခြင်းဖြစ်သည်။
စစ်ကိုင်းတိုင်းနှင့် ယောနယ်ရှိ PDF များသည် လမ်းမကြီးများအသုံးပြုချီတက်လာသော စစ်ကောင်စီ ယာဉ်တန်းများကို အမြဲလိုလို စောင့်ကြို၍ မိုင်းဆွဲတိုက်ခိုက်နေမှုကြောင့် စစ်ကောင်စီတပ်များမှာ ထိခိုက်သေဆုံးမှု များပြားသည့်အပြင် မြေပြင်၌ စစ်ရေးလှုပ်ရှားသွားလာရန်နှင့် တပ်စွဲ၍ နယ်မြေစိုးမိုးရေးဆောင်ရွက်ရန် အခက်တွေ့လျှက်ရှိသည်။
မြေပြင်၌ စစ်တပ်က နယ်မြေမစိုးမိုးနိုင်တော့သည့်အတွက် PDF တပ်များက တစထက်တစ နယ်မြေစိုးမိုးမှု ပိုမိုရရှိနေပြီး ပုလဲ၊ မြောင်နှင့် ယင်းမာပင်အပါအဝင် မြို့နယ်တချို့၌ PDF တပ်၏ လုံခြုံရေး အစောင့်အရှောက်ဖြင့် ဆန္ဒဖော်ထုတ်ခြင်း၊ စစ်အာဏာရှင် ဆန့်ကျင်ရေးဟောပြောပွဲများကျင်းပခြင်းများ ဆောင်ရွက်နေကြသည်။ ထို့ပြင် PDF များ၏ နယ်မြေစိုးမိုးထားမှုကြောင့် စစ်ကိုင်းတိုင်းရှိ အချို့သော စစ်တပ်များဆိုလျှင် တပ်ပြင်သို့ မထွက်ရဲသည့်အခြေအနေသို့ ရောက်ရှိနေသည်။
စစ်ကောင်စီ၏နမခလက်အောက်ခံ ကျောမြို့အ ခြေစိုက် ကပစ(၂၃)၊ လောင်းရှည်မြို့အခြေစိုက် (ကပစ၂၅)၊ ပေါက်မြို့အခြေစိုက်( ကပစ၂၄) စသည့်ကပစ တပ်ရင်းများကို ဒေသအလိုက် PDFများကလာဝိုင်းသဖြင့် အဆိုပါကပစတပ်များ၏ စစ်တပ်အကြီးတန်းအရာရှိများက ၄င်းတို့လက်အောက်ရှိတပ်ဖွဲ့များနှင့် မိသားစုဝင်များကို တပ်ပြင်ထွက်ခွင့်လုံးဝပိတ်ထားပြီး အုပ်ချုပ်ရေးကိစ္စများ ဆောင်ရွက်ပါက လုံခြုံရေး စစ်ယာဉ်တန်းအပြည့်ဖြင့်သာ ဆောင်ရွက်နေရကြောင်း အဆိုပါတပ်ရင်းများ နှင့်နီးစပ်သူများထံကသိရသည်။
”သူတို့တပ်သားတွေရော သူတို့မိသားစုတွေကိုရော တပ်ပြင်ထွက်ခွင့်လုံးဝပိတ်ထားတယ်လို့သိရတယ်။ PDF တွေက တပ်အစပ်နားထိရောက်လာလို့တဲ့။ ဒီလောင်းရှည်ထဲမှာ ရဲစခန်းကုန်းတွေမှာ တပ်စွဲထားတာတွေလည်း ရှိတယ်။ အဲ့ဒီကတပ်သားတွေကိုလည်း လောင်းရှည်မှာပဲ အပြီးနေခိုင်းတယ်။ ပြန်မလာခိုင်းဘူး။ သွားချည်ပြန်ချည် မလုပ်ရဲလို့”ဟု ကပစ(၂၅)တပ်နှင့်နီးစပ်သူလောင်းရှည်ဒေသခံတဦးက ဒေသအခြေအနေကို ပြောပြသည်။
စစ်ကောင်စီက အလောင်းမင်းတရား စစ်ဆင်ရေးဖြင့် ထိုးစစ်ဆင်နေသည်ဆိုသော်လည်း မြေပြင်တွင် ၎င်းတို့၏ တပ်စခန်းများကို PDF များက ပြန်ဝိုင်းသည့်အခြေအနေမျိုးအထိ ရောက်ရှိနေသည်။
”ကျနော်တို့ တပ်စွဲထားတဲ့စခန်းက အင်အား ၂၀ လောက်ပဲ ရှိတယ်။ လက်နက်ကြီးဆင်ထားပြီး လက်နက်ကြီးနဲ ့ပစ်ခတ်နေရတယ်။ သူတို့ (PDF) ဘက်က တခါတခါလာဝိုင်းရင် ရာနဲ့ချီတယ်။ လက်နက်ကြီးရှိနေတာသိတော့ လက်နက်ကြီးကို လိုချင်နေလို့ လာလာဝိုင်းတယ်”ဟု ကလေးမြို့နယ်အတွင်း တာဝန်ထမ်းဆောင်နေသည့် စစ်ကောင်စီတပ်သားတစ်ဦးက ပြောပြသည်။
စစ်တပ်က အလောင်းမင်းတရား စစ်ဆင်ရေးဖြင့် ထိုးစစ်ဆင်နေဆဲမှာပင် PDF တို့၏ ခုခံတိုက်ခိုက်မှုနှင့် နယ်မြေ စိုးမိုးထားမှုက တစထက်တစ ကြီးမားကျယ်ပြန့်လာနေသည့်အတွက် စစ်ကိုင်းတိုင်းသည် နွေဦးတော်လှန်ရေး၏ လွတ်မြောက်နယ်မြေတစ်ခု ဖြစ်လာဖွယ်ရှိနေသည်ဟု နိုင်ငံရေးလေ့လာစောင့်ကြည့်သူများက သုံးသပ် ပြောဆိုကြသည်။
စစ်ကိုင်းတိုင်းနှင့် ယောနယ်ရှိ PDF တပ်ဖွဲ့များကတော့ စစ်ကောင်စီဘက်က မည်သည့်စစ်ဆင်ရေးဖြင့် ထိုးစစ်ဆင်သည်ဖြစ်စေ ကြောက်ရွံ့နေမည်မဟုတ်ဘဲ စစ်အာဏာရှင်စနစ် ပြုတ်ကျသည်အထိ တော်လှန်တိုက်ခိုက်သွားမည်ဟု တညီတညွတ်တည်း ပြောဆိုကြသည်။
”ဘာစစ်ဆင်ရေးပဲ ခေါင်းစဉ်တက်တက်ပါ မင်းအောင်လှိုင် စစ်တပ်ကတော့ သေတာပါပဲ။ ဘာလို့လဲဆိုတော့ တပြည်လုံးက ဒီစစ်တပ်ကို မုန်းနေကြတာ။ ကျနော်တို့က စစ်အာဏာရှင်စနစ် ပြုတ်ကျတဲ့အထိ တိုက်ခိုက်သွားမှာ။ သူတို့စခန်းကနေ အပြင်ထွက်တာနဲ့ သူတို့ရဲ့ စစ်မြေပြင်ပဲ။ ထွက်လာတဲ့ကောင် ကျနော်တို့နဲ့ တွေ့မှာပဲ။ သေချင်တဲ့ကောင် ထွက်လာခဲ့လို့ပဲ ပြောချင်တယ်”ဟု ပုလဲမြို့နယ်အခြေစိုက် ပြည်သူ့တော်လှန်ရေး တပ်ဖွဲ့ – PRA ခေါင်းဆောင် ဗိုလ်ဂျပန်ကြီးက ပြောသည်။