အာဏာသိမ်း စစ်ကောင်စီနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ ဖေဖော်ဝါရီ ၁၃ ရက်နေ့က နေပြည်တော်၌ တွေ့ဆုံခဲ့သည့် အလွတ်သဘော ဆွေးနွေးပွဲ (ဓာတ်ပုံ - ပေါ်ပြူလာ)

ဆောင်းပါးရှင် – သံလက်သီး
ဖေဖော်ဝါရီ ၂၁ ရက်

ဗိုလ်မင်းအောင်လှိုင် အာဏာရူးပြီး မြန်မာပြည်ကို လက်နက်အားကိုးနဲ့ အနိုင်ကျင့် အာဏာသိမ်းခဲ့တာ ၁ နှစ် ကျော်ခဲ့ပြီ။ ပြည်သူအပေါ် မတရား အနိုင်ကျင့်သတ်ဖြတ်တာကို မခံနိုင်လို့ Generation – Z လူငယ်တွေက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – PDF တွေဖွဲ့စည်းပြီး စစ်ကောင်စီတပ်တွေကို ရရာလက်နက်နဲ့ ပြန်တိုက်ခဲ့တာကလည်း ၁၀ လနီးပါး ရှိခဲ့ပြီ ဖြစ်ပါတယ်။

မိဘရင်ခွင်မှာနေပြီး ပညာသင်ကျောင်းတက်နေရမယ့် အသက် ၁၈ ၊ အသက် ၂၀ ကျော်ကလေးတွေဟာ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းဖို့ဆိုတဲ့ ရိုးရှင်းတဲ့ နိုင်ငံရေးရည်ရွယ်ချက်နဲ့ စစ်ကောင်စီကို အသက်စွန့် တိုက်ပွဲဝင်နေတာ တကယ်ချီးကျူးဖို့ ကောင်းပါတယ်။

စစ်ပညာအတွေ့အကြုံကမရှိ၊ သေနတ်ဆိုတာ အပြင်မှာ သေချာမမြင်ဘူးခဲ့တဲ့ လူငယ် ယောက်ျားလေး၊ မိန်းကလေးတွေဟာ လပိုင်းလောက် စစ်ပညာသင်ပြီး လူသူ၊ လက်နက်၊ ရိက္ခာ၊ နည်းပညာ၊ ငွေကြေး အစစ အရာရာ သာလွန်တဲ့အပြင် ကမ္ဘာပေါ်မှာ အရက်စက်ဆုံး မြန်မာစစ်တပ်ကို တော်လှန်တိုက်ခိုက်ကြတော့ စစ်အာဏာရှင်စနစ်အောက်မှာ အကြောက်တရားနဲ့ ကြီးပြင်းခဲ့ကြတဲ့ မိဘတချို့တွေက ဒီကလေးတွေ စစ်တပ်ကို ဘယ်လောက်များ ခံတိုက်နိုင်မှာလဲလို့ စိုးရိမ်စိတ်ပူခဲ့ကြတယ်။

တကယ်တမ်းကျတော့ ခင်ဗျားတို့ ကျွန်တော်တို့ရဲ့ မျိုးဆက်သစ် Generation – Z လူငယ်တွေဟာ လက်နက်၊ ရိက္ခာ၊ ငွေကြေး မပြည်စုံတဲ့ကြားက အာဏာသိမ်းစစ်တပ်ကို အကျအဆုံးများစွာဖြစ်အောင်၊ အထိနာအောင် ခုခံ တိုက်ခိုက်နိုင်ခဲ့ကြပါတယ်။

အသက် ၁၈၊ ၂၀ အရွယ် ကျောင်းသားလူငယ်တွေက စစ်အာဏာရှင် ပြုတ်ကျရေး အသက်စွန့်တိုက်နေတဲ့ အချိန် ကိုယ့်လူမျိုး၊ ကိုယ့်ဒေသ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် မြန်မာစစ်တပ်ကို နှစ်ပေါင်းများစွာ လက်နက်ကိုင် တိုက်ခိုက်ခဲ့ကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတချို့တွေက ဝင်မပါ၊ ဝင်မကူဘဲ ဘေးကရပ်ကြည့်နေတာကိုတော့ စာရေးသူ အင်မတန် အံ့သြမိပါတယ်။ အံ့သြမှုနဲ့အတူ သူတို့ကို မေးချင်တဲ့ မေးခွန်းတွေလည်း ခေါင်းထဲမှာ အစီအရီ ပေါ်လာတယ်။

၁။ ခင်ဗျားတို့ စစ်အာဏာရှင်စနစ် ပြုတ်ကျတာ မလိုချင်ဘူးလား။

၂။ တိုင်းပြည်ကို နှစ်ပေါင်း ၆၀ လောက် ဗိုလ်ကျအနိုင်ကျင့်ခဲ့တဲ့ ဒီအာဏာရူးစစ်ခေါင်းဆောင်တွေ ပြုတ်ကျမှ ခင်ဗျားတို့လိုချင်တဲ့ စစ်မှန်တဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရမှာ မဟုတ်ဘူးလား။

၃။ အကြမ်းဖက် အာဏာရူး စစ်ခေါင်းဆောင်တွေဆီကနေ ခင်ဗျားတို့ ဘာတွေမျှော်လင့်နေကြတာလဲ။

၄။ အတိတ်ကာလမှာ တိုင်းရင်းသားလူနည်းစုတွေအပေါ် အကြိမ်းပေါင်းများစွာ ကတိဖျက်ပြီး အကြမ်းဖက်သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့ကြတာတွေကို ခင်ဗျားတို့ မေ့သွားကြပြီလား။

၅။ ဒီစစ်အုပ်စုဖော်ဆောင်မယ့် “ထာဝရငြိမ်းချမ်းရေး” ဆိုတာ အတုအယောင်ဆိုတာ ခင်ဗျားတို့ မသိကြတာလား၊ မသိချင်ယောင် ဆောင်နေကြတာလား။

၆။ ဒါဟာ “ဗမာခေါင်းဆောင်တွေ အာဏာအဝေမတည့်တဲ့ပွဲ” မဟုတ်၊ အနီ အစိမ်း ပါတီပြဿနာ မဟုတ်ဘဲ စစ်တပ်က လက်နက်အားကိုးနဲ့ တိုင်းပြည်နဲ့ တိုင်းရင်းသား ပြည်သူတရပ်လုံးကို လူပါး၀ အနိုင်ကျင့်စော်ကားတဲ့ကိစ္စဆိုတာ ခင်ဗျားတို့ မသိကြတာလား။

၇။ အာဏာရူးစစ်တပ်က PDF ဒေသတွေကို ငြိမ်သက်အောင် အထိုက်အလျောက် ထိမ်းနိုင်ပြီဆိုရင် တစ်ခုခု အလိုမကျတာနဲ့ ခင်ဗျားတို့ဘက်ကို သေနတ်ပြောင်း၀ လှည့်လာမယ်ဆိုတာ မသိကြလေရော့သလား –
စသဖြင့်ပေါ့ဗျာ။ “လား” ပေါင်းများစွာနဲ့ မေးခွန်းတွေ ပေါ်ထွက်လာတယ်။

ဒါက “မြန်မာ့နွေဦးတော်လှန်ရေး”နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – PDF တွေကို ကူညီနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို မေးချင်တာ မဟုတ်ဘဲ ပြည်သူဘက်က ဝင်မရပ်၊ ဝင်မကူတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကို ပြည်သူတွေကိုယ်စား မေးချင်တာပါ။

ပြည်သူတွေမှာလည်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေအားလုံး အာဏာသိမ်း စစ်ကောင်စီကို တချိန်တဲ တပြိုင်ထဲ ဘယ်နေ့များ တိုက်ကြမလဲလို့ လည်တဆန့်ဆန့်နဲ့ မျှော်လင့်နေကြတာ စစ်တပ်အာဏာစသိမ်းတဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ဒီကနေ့အထိပါပဲ။ အခုချိန်အထိ ပြည်သူတွေဆန္ဒ မပြည့်ဝသေးဘဲ စစ်တပ်အနိုင်ကျင့်သမျှကို ခါးစည်းခံနေကြရဆဲပါ။

တချို့ကလည်းပြောတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ NUG အစိုးရနဲ့ ညှိနှိုင်းနေပါတယ်တဲ့။ ညှိတာကလည်း စစ်တပ် အာဏာသိမ်းပြီး လူသတ်နေတာတောင် ၁ နှစ်ပြည့်နေပြီ။ အခုထိ ညှိနေတုန်းလား။ ဘယ်အချိန်အထိ ညှိနေကြမှာလဲ။ ဗိုလ်မင်းအောင်လှိုင် ရွေးကောက်ပွဲကျင်းပမယ့် ၂၀၂၃ ခုနှစ် သြဂုတ်လအထိ ညှိနေကြဦးမှာလား။ ခင်ဗျားတို့ ညှိနေကြတုန်း ပြည်သူတွေကတော့ အဖမ်းခံရ၊ အသတ်ခံရ၊ မြို့ရွာတွေ မီးရှို့ဖျက်ဆီးခံရ၊ အိမ်တွေ ချိပ်ပိတ်ခံရနဲ့ စီးပွားတွေပျက်၊ ဘဝတွေပျက်ပြီး တော်တော်လေး ထောင်းလမောင်းကြေနေပါပြီ။

ကိုယ့်ရင်ဘတ်မှာ လာစိုက်ဝင်နေတဲ့မြှားကို အမြန်ဆုံး ဆွဲနှုတ်ဖို့မကြိုးစားဘဲ ဒီမြှားက ဘယ်ကလာတာလဲ၊ ဘယ်သူပစ်တာလဲ၊ မြှားက ဘာအမျိုးအစားလဲ၊ ဘာအသားနဲ့ လုပ်ထားတာလဲ၊ အရှိန်ဘယ်လောက်နဲ့ လာတာလဲ စသဖြင့် အချက်အလက်တွေ လိုက်စုံစမ်းနေရင် အဲ့လူက မြှားဒဏ်ရာနဲ့ သေဖို့ပဲ ရှိပါတယ်။

အခုလည်း ကိုယ့်ရင်ဘတ်မှာ စိုက်ဝင်နေတဲ့မြှားနဲ့ အလားသဏ္ဍန်တူတဲ့ မြန်မာနိုင်ငံ မတိုးတက်ခြင်း၊ မငြိမ်းချမ်းခြင်းရဲ့အဓိက တရားခံဖြစ်တဲ့ အာဏာရူးတွေ ဦးဆောင်နေတဲ့ မြန်မာစစ်တပ်နဲ့ စစ်အာဏာရှင်စနစ်ကို အရင်ဖြုတ်ချဖို့ကိစ္စက အရေးကြီးဆုံး မဟုတ်ဘူးလား။ ဘာများဝိဝါဒတွေ ကွဲပြားနေစရာ လိုသလဲ။ စစ်အာဏာရှင်တွေ ပြုတ်ကျသွားတဲ့အခါ ကျန်တာတွေက ပြည်သူလူထု သဘောထား ဆန္ဒနဲ့အညီ ဆက်လက်ဆွေးနွေးညှိနှိုင်းသွားရမှာ မဟုတ်ဘူးလား။

စာရေးသူအနေနဲ့ Generation – Z လူငယ် PDF တွေအများအပြားနဲ့ စကားပြောကြည့်တဲ့အခါမှာ သိလာရတာက သူတို့ရဲ့နိုင်ငံရေးအမြင်က ရှင်းလင်းတာ တွေ့ရတယ်။ စစ်အာဏာရှင်စနစ် ပြုတ်ကျတဲ့အထိ သူတို့ အသက်စွန့်တိုက်မယ်။ စစ်အာရှင်စနစ် ချုပ်ငြိမ်းသွားတဲ့နောက် သာတူညီမျှ တန်းတူအခွင့်အရေးရှိတဲ့ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ထောင်မယ်။

အဲဒီအချိန်ကျ တိုင်းပြည် ကာကွယ်ရေး ဆက်လုပ်ချင်သူတွေ နိုင်ငံ့ဝန်ထမ်း ကာကွယ်ရေးတပ်ဖွဲ့ဝင်အဖြစ် ဆက်လုပ်ကြ၊ မလုပ်ချင်သူတွေ အိမ်ပြန်ကြမယ်၊ စာဆက်သင်ကြမယ်။ သူတို့ ထွက်လာခဲ့တဲ့ မူလဘဝဆီ ပြန်သွားကြမယ်။ သူတို့ရည်ရွယ်ချက်က အဲဒါပဲ။ အဲ့ထက် မပိုဘူး။ မူလဘဝလို့သာ ပြောတာပါ။ တကယ်တော့ PDF ကလေးတွေ အိမ်ပြန်ကြမယ့် အချိန်မှာ သူတို့အိမ်တွေနဲ့ သူတို့ မိသားစုတွေဟာ မူလအတိုင်း ရှိပါ့မလားဆိုတာ မသေချာကြတဲ့ ဘဝပါ။

အခုဆိုရင် စစ်ကိုင်း၊ ကရင်နီ(ကယား)၊ ချင်း၊ မကွေး၊ ကချင်နဲ့ ကရင်ပြည်နယ်တွေမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့တွေနဲ့ PDF တွေရဲ့ အပြင်းအထန် တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဟာ သိသိသာသာကို အင်အားချည့်နဲ့ လာနေပြီဖြစ်တယ်။ ပြည်သူကလည်း အာဏာသိမ်း စစ်တပ်ကို အင်မတန် ရွံရှာမုန်းတီးနေပြီး တော်လှန်ရေးအင်အားစုတွေအပေါ် အပြည့်အ၀ အားပေး ထောက်ခံနေတဲ့အချိန်ဖြစ်တယ်။

လက်ရှိ နိုင်ငံရေးအခြေအနေကလည်း ပြဿနာအားလုံးရဲ့ ရေသောက်မြစ်ဖြစ်တဲ့ ဗိုလ်မင်းအောင်လှိုင်ရဲ့ အာဏာသိမ်းစစ်တပ်ကို တိုက်ခိုက်ဖြုတ်ချဖို့ကလွဲရင် အခြားနည်းမရှိဘူးဆိုတာ ထင်ရှားနေပြီဖြစ်တယ်။ ဒါကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအားလုံး တွေဝေမနေသင့်တော့ဘဲ အာဏာသိမ်း စစ်တပ်ကို တညီတညာတည်း တော်လှန်တိုက်ခိုက်ဖို့ အကောင်းဆုံးအချိန်ဖြစ်တယ်လို့ ဆိုချင်ပါတယ်။

အဲ့လို မဟုတ်ခဲ့ရင် ဒီစစ်အာဏာရူးအုပ်စုဟာ ငြိမ်းချမ်းရေး ဆွေးနွေးလိုက်၊ ကတိတွေ ပေးလိုက်၊ ပြီးရင် တိုင်းရင်းသားနယ်တွေကို ထိုးစစ်ဆင်တိုက်ခိုက်လိုက်၊ ပြီးရင် ငြိမ်းချမ်းရေး ပြန်ဆွေးနွေးလိုက်နဲ့ ဒီလိုပဲ သံသရာ လည်နေမှာပါ။ အဲ့လို သံသရာလည်နေခဲ့တာလည်း အတော်ကြာခဲ့ပြီ မဟုတ်လား။

နောင်ကာလမှာ လူဖြစ်လာမယ့် မြန်မာနိုင်ငံသား မျိုးဆက်သစ်ကလေးတွေအတွက် တည်ငြိမ်အေးချမ်း တိုးတက်ပြီး လူ့အခွင့်အရေးအပြည့်အဝရှိတဲ့နိုင်ငံအဖြစ် မြန်မာနိုင်ငံကို ပုံဖော်နိုင်ဖို့အတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ညီညွတ်စွာစုစည်းပြီး စစ်အာဏာရှင်စနစ်ကို ဖြုတ်ချဖို့ အချိန်တန်နေပါပြီ။

ဒီပွဲဟာ မြန်မာနိုင်ငံသား တိုင်းရင်းသားပြည်သူ ၅၄ သန်းရဲ့ ဘဝတွေနဲ့ ရင်းနှီးပြီးကစားနေရတဲ့ ဂိမ်းကစားပွဲပါ။ ပေးဆပ်ရတဲ့ အရင်းအနှီးတွေ အရမ်းကြီးမားပါတယ်။ အားလုံး သတိချပ်ဖို့ လိုနေတဲ့အချက်ကတော့ အာဏာရူး ဗိုလ်မင်းအောင်လှိုင်ဟာ သူ့ဆရာ ဗိုလ်သန်းရွှေထက် ရက်စက်ကြမ်းကြုတ်ပြီး သူမလုပ်ရဲတာ ဘာမှမရှိဘူးလို့ လူသိရှင်ကြားပြောဆိုထားတဲ့ စစ်ခေါင်းဆောင်တိုတာ မေ့မထားသင့်ပါဘူး။

အကယ်၍များ မြန်မာ့နွေဦးတော်လှန်ရေး မအောင်မြင်ဘဲ ကျရှုံးခဲ့မယ်ဆိုရင် ခင်ဗျားတို့ ကိုယ်စားပြုထားတဲ့ တိုင်းရင်းသားလူမျိုးစုတွေအပါအဝင် တနိုင်ငံလုံး ပြည်သူတွေဟာ စစ်ဖိနပ်အောက်မှာ တသက်လုံး ပြားပြားမှောက် နေကြရတော့မှာပါ။ အခုတောင် ပြည်သူတွေမှာ အာဏာသိမ်း စစ်ကောင်စီရဲ့ လူမဆန်တဲ့ အကြမ်းဖက် မှုတွေကြောင့် အမြဲစိုးရိမ်ထိတ်လန့်ပြီး ကျီးလန့်စာစားနေရတဲ့အခြေအနေ ရောက်နေပါပြီ။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနေနဲ့ တိုင်းပြည်ကို နှစ်ပေါင်းများစွာ နည်းမျိုးစုနဲ့ ဒုက္ခပေးလာခဲ့တဲ့ စစ်အာဏာရှင် စနစ်ကို ဖြိုဖျက်ဖို့ ဒီလိုအချိန်အခါ ကောင်းကို အလဟဿ လက်လွတ်ဆုံးရှုံးတာမျိုး မဖြစ်သင့်ဘဲ မှန်ကန်စွာ ဆုံးဖြတ်ဆောင်ရွက်ကြနိုင်ဖို့ ဆန္ဒပြုပါတယ်။

လူအများသိကြတဲ့ ကဗျာတိုလေးတစ်ပုဒ်နဲ့ပဲ ဒီစာစုကို အဆုံးသတ်ချင်ပါတယ်။

“လှည်းဘီးနွံထဲ ကျွံနေသည်”
“ကူ၍ တွန်းပေးကြပါ”
“လေးလွန်း၍ မတွန်းနိုင်ဘူးလား”
“ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်”

(ဤဆောင်းပါးသည် ဆောင်းပါးရှင် သံလက်သီး၏ အာဘော်သာဖြစ်ပြီး ဧရာဝတီတိုင်းမ် သတင်းဌာန၏ အာဘော်မဟုတ်ပါကြောင်း စာဖတ်ပရိတ်သတ်များကို လေးစားစွာ တင်ပြအပ်ပါသည်။)