ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၆ ရက်
မြန်မာ့စီးပွားရေးဦးပိုင်နှင့် ပူးပေါင်းကာ မြန်မာဘီယာလုပ်ငန်းလုပ်ကိုင်ပြီး အောင်မြင်ခဲ့သည့် ဂျပန်ဘီယာကုမ္ပဏီ Kirin သည် စစ်အာဏာသိမ်းပြီး တစ်နှစ်အကြာ၌ ဒေါ်လာ သန်း ၄၀၀ကျော် အရှုံးခံပြီး မြန်မာနိုင်ငံမှ ထွက်ခွာသွားရသည်။
ဂျပန်အခြေစိုက် အဖျော်ယမကာလုပ်ငန်းစု Kirinသည် စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်နှင့် အငြင်းပွားမှုများကို ဖြေရှင်းရန် မျှော်လင့်ချက်မရှိတော့သဖြင့် ထွက်ခွာရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၄ က ဆိုသည်။
မြန်မာနိုင်ငံဘီယာသောက်သုံးမှုဈေးကွက်၏ တစ်ဝက်ကျော်ဈေးကွက်ဝေစုရထားသည့် မြန်မာဘီယာလုပ်ငန်းမှ Kirin ထွက်ခွာသွားခြင်းသည် မြန်မာပြည်သူတို့၏ စစ်အာဏာရှင်တော်လှန်ရေးခရီး အောင်မြင်မှုတစ်ရပ်ဟု ဆိုနိုင်သည်။
“ပြည်သူလူထုရဲ့ စိတ်ဓာတ်ကဘယ်လောက်အထိ ပြင်းပြနေသလဲ၊ အကြမ်းဖက်စစ်တပ်ကို ဘယ်လောက်တောင်မုန်း တီးနေကြသလဲ။ အာဏာရှင်ကို ဘယ်လောက်တောင် ညီညီညွတ်ညွတ်နဲ့ ဖြုတ်ချဖို့ ကြိုးစားနေတယ်ဆိုတာက ဒီလို ထွက်ခွာခြင်းတွေက သက်သေပြနေသလိုပဲ”ဟု အကျင့်ပျက်ခြစားမှုများ၊ ဘဏ္ဍာငွေသုံးစွဲမှုအလွဲများကို အသိပညာ ပေးနေသည့် CAfT အဖွဲ့၏ ဒါရိုက်တာ ဒေါ်မိုးမိုးထွန်းက ပြောသည်။
စစ်အာဏာသိမ်းပြီးနောက် ကီရင်သည် ဦးပိုင်နှင့်ပူးပေါင်းမှုကို အဆုံးသတ်ရန် ကြိုးစားခဲ့ပြီး တရားရုံးရောက်သည် အထိ ကုမ္ပဏီနှစ်ခုအကြား အငြင်းပွားမှုများဖြစ်ပေါ်ခဲ့သေးသည်။ ထို့နောက် Kirin က ယခုလို အပြီးတိုင် ထွက်ခွာရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
Kirin နှင့် ဦးပိုင်ကြားက နှစ်ဖက်အငြင်းပွားမှုကို တိတိကျကျမသိရသေးသော်လည်း Kirin ဂျပန်ဘီယာကုမ္ပဏီသည် စီးပွားဖက် မှားယွင်းပေါင်းသင်းခဲ့ခြင်းက သေချာသည်။
အစကတည်းကမှား
လက်ရှိ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် MEHL ကုမ္ပဏီ၏ ဒါရိုက်တာဘုတ်အဖွဲ့အထက်ရှိ နာယကကော်မတီကို ဦးဆောင်သူမှာ စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သာ ဖြစ်သည်။
ဂျပန်ကုမ္ပဏီ Kirin သည် ၂၀၁၅ တွင် ဒေါ်လာသန်း ၅၆၀ ကျော် ဖြင့် မြန်မာဘရူဝါရီရှယ်ယာ ၅၁ ရာခိုင်နှုန်းကို ဦးပိုင် MEHL ကုမ္ပဏီထံက ဝယ်ယူခဲ့သည်။
ထို့နောက် မြန်မာဘီယာ၊ KIRIN ICHIBAN ဘီယာ၊ Andaman Gold ဘီယာနှင့် Black Shield Stout ဘီယာတို့ကိုပါ ထုတ်လုပ်လာခဲ့ပြီး ပြည်တွင်းဘီယာဈေးကွက်၏ ၈၀ ရာခိုင်နှုန်းကို စိုးမိုးထားနိုင်ခဲ့သည်။
၂၀၁၇ က ရခိုင်ပြည်နယ်တွင် အကြမ်းဖက်တိုက်ခိုက်မှု အရှိန်မြင့်မားနေချိန်တွင် မြန်မာဘီယာကုမ္ပဏီသည် အကြမ်း ဖက်တိုက်ခိုက်မှုဒဏ် ခံစားခဲ့ရသည့် ဒုက္ခသည်များအတွက် စစ်တပ်မှတဆင့် လှူဒါန်းမှုတစ်ခုပြုလုပ်ခဲ့သည်။
မြန်မာဘီယာကုမ္ပဏီသည် အကြမ်းဖက်မှုဒဏ်ခံရသည့် ရခိုင်ပြည်သူများအတွက် အမေရိကန်ဒေါ်လာ ၆ ထောင်ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ပေးအပ်လှူဒါန်းခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးက ဖော်ပြခဲ့သည်။
အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ AI က ထိုငွေလှူဒါန်းမှုနှင့်ပတ်သက်၍ ဂျပန်အာဏာပိုင်များအနေနှင့် စုံစမ်းဖော်ထုတ်ပေးဖို့ ကြေညာချက်ထုတ် တောင်းဆိုခဲ့သည်။
ဂျပန်ကုမ္ပဏီများသည် လူ့အခွင့်အရေးချိုးဖောက်သည့် လုပ်ငန်းများတွင် ပါဝင်ပတ်သက်မှုမရှိစေရန် စိစစ်တားမြစ်ဖို့ ဂျပန်အစိုးရတွင် တာဝန်ရှိကြောင်း AI အဖွဲ့က ပြောသည်။
ကီရင်ကုမ္ပဏီက စီးပွားဖက် ဦးပိုင်၏ မေတ္တာရပ်ခံချက်ကြောင့် ယုံကြည်မှုအရ ထည့်ဝင်ခဲ့ခြင်းဖြစ်ပြီး စစ်ဘက်ဆိုင်ရာ လုပ်ငန်းများတွင် မြန်မာဘီယာအနေနဲ့မပါဝင်ရန် တားမြစ်ထားသည်ဟု ဆိုခဲ့သည်။
ဦးပိုင်ကုမ္ပဏီ၏ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် စာရင်းရှင်းတမ်းထုတ်ပြန်ချက်အရ ရရှိသည့် ဝင်ငွေစုစုပေါင်းသည် ဒေါ်လာ သန်း ၁၁၀ ခန့် ရှိသည်ဟု မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေးအထောက်အကူပြုဌာန (Myanmar Center for Responsible Business) ၏ ပွင့်သစ်စအစီရင်ခံစာတွင် ဖော်ပြထားသည်။
၂၀၂၀ ဇွန်တွင် Kirin သည် ဦးပိုင်ကုမ္ပဏီ၏ ဘဏ္ဍာရေးနှင့် စီးပွားစီမံအုပ်ချုပ်ဖွဲ့စည်းပုံတို့ကို လွတ်လပ် သောအကဲ ဖြတ်မှု တစ်ရပ်ပြုလုပ်ရန် ဘဏ္ဍာရေးအကြံပေးအေဂျင်စီ Deloitte ကို ငှားရမ်းခဲ့သည်။
တိုင်းရင်းသားမျိုးနွယ်စုများနှင့် ရိုဟင်ဂျာများအပေါ် ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်ထားသည့် စစ်တပ်နှင့် ဆက်စပ်နေသည့် လုပ်ငန်းများနှင့် စီးပွားရေးမလုပ်ရန် ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးအဖွဲ့က ၂၀၂၀ ဩဂုတ် တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ဦးပိုင်သည်စီးပွားရေးလုပ်ငန်းနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာမှုမရှိဟုဆိုကာ ၂၀၂၀ နိုဝင်ဘာတွင် Kirin သည် ဦးပိုင် ကုမ္ပဏီကို အမြတ်ဝေစု ခွဲဝေခြင်းမပြုဘဲ ဆိုင်းငံ့ခဲ့သည်။
Deloitte အဖွဲ့သည်လည်း လုံလောက်သည့် သတင်းအချက်အလက် မရခဲ့သဖြင့် တိကျသည့်အကဲဖြတ်မှု မရရှိနိုင်ခဲ့ ကြောင်း Kirin က ၂၀၂၁ ဇန်နဝါရီတွင် ကြေညာခဲ့သည်။
အကျနာပြီ
ကုန်လွန်ခဲ့သည့် ၁၀ စုနှစ်များအတွင်း ‘မြန်မာဘီယာ – Myanmar Beer’ ဟူသော တံဆိပ်သည် တောရောမြို့ပါမကျန် ရင်းနှီးသော ကုန်ပစ္စည်းအမှတ်တံဆိပ်တစ်ခုဖြစ်နေခဲ့သည်။
စားသောက်ကုန်နယ်ပယ်တွင်သာမက ဖျော်ဖြေရေး၊ မီဒီယာ၊ အားကစား စသည့်နယ်ပယ်များတွင်လည်း မြန်မာဘီယာ ကြော်ငြာက ကြီးစိုးထားနိုင်ခဲ့သည်။
မြန်မာနိုင်ငံဘီယာလုပ်ငန်းရှင်များအသင်း၏ ၂၀၁၈ တွက်ချက်မှုအရ တနိုင်ငံလုံး ဘီယာသောက်သုံးသည့်ပမာဏမှာ တစ်နှစ်လျှင် လီတာသန်း၄၅ဝရှိပြီး မြန်မာဘီယာကို တစ်နှစ်လျှင် လီတာ သန်း၂၅၀ ထုတ်လုပ်နေကြောင်း ကုမ္ပဏီက ထုတ်ပြန်ထားသည်။
စစ်အာဏာသိမ်းလိုက်သည့် ၂၀၂၁ ပထမ သုံးလအတွင်းပင် မြန်မာဘီယာရောင်းအားသည် ဈေးကွက်ထဲတွင် ၄၆ ရာခိုင်နှုန်း ထိုးကျသွားသည်။
မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL)နှင့် ပူးပေါင်းလုပ်ကိုင်နေသည့် ကီရင် (Kirin)ဘီယာကုမ္ပဏီ၏ ၂၀၂၁ ပထမ သုံးလပတ် ဘဏ္ဍာရေးအစီရင်ခံစာအရ မြန်မာဘီယာကုမ္ပဏီ၏ အမြတ်ရငွေသည် ၂၀၁၉ ပထမသုံးလပတ်ထက် ၅၀ ရာခိုင်နှုန်းနီးပါး ကျဆင်းခဲ့သည်။
ရန်ကုန်မြို့၏ လူစည်ကားရာ စားသောက်ဆိုင်တန်းများဖြစ်သော တရုတ်တန်းခေါ် ၁၉ လမ်း၊ စမ်းချောင်းလမ်း၊ ကျားကွက်သစ်လမ်း စသည့်လမ်းများရှိ စားသောက်ဆိုင်များတွင် မြန်မာဘီယာကြော်ငြာများ ဖြုတ်ချခံလိုက်ရသည်။
တချို့သောဆိုင်များတွင် ‘မြန်မာဘီယာ မရောင်းပါ’ ဟု ကြေညာဘုတ် ချိတ်ထားကြသည့်အထိပင်။
“ ကိုယ်တိုင်လည်း မရောင်းချင်တော့ဘူး။ Customer တွေကလည်း မြန်မာဘီယာရောင်းတဲ့ဆိုင်ဆို မထိုင်ကျတော့ ဘူး။” ဟု စမ်းချောင်းမှ စားသောက်ဆိုင်ပိုင်ရှင် အမျိုးသားတစ်ဦးက ကြေညာဘုတ်ကို ကြည့်ရင်း ပြောသည်။
တချို့သောရပ်ကွက်အဆင့် စတိုးဆိုင်များ၊ အဖျော်ယမကာစတိုးဆိုင်များတွင် မြန်မာဘီယာဗူးများအား ရိုက်ခွဲခြင်း၊ ဘီယာများကို မြောင်းထဲသို့သွန်ပစ်ခြင်း၊ မြန်မာဘီယာဖြင့်ခြေဆေးခြင်းစသည့် ဗီဒီယိုဖိုင်များသည် ဖေ့စ်ဘွတ်ခ်ပေါ် တွင် ပျံ့နှံ့သွားခဲ့သည်။
Andaman Gold ဘီယာသည်လည်း စစ်တပ်ပိုင်ဘီယာအမျိုးအစားထဲတွင် နောက်ထပ်ရောင်းအား ကောင်းသည့် အမျိုးအစားဖြစ်သည်။ ထိုဘီယာ၏ရောင်းအားကို အတိအကျမသိရသော်လည်း ယခင်ကဆိုင်တိုင်းနီးပါးတွင် ရောင်းချ ခဲ့ပြီး ဈေးသင့်သော ဘီယာအမျိုးအစားဖြစ်သောကြောင့် လူသောက်များခဲ့ကြသည်။
စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ အာဏာသိမ်းပြီး နောက်တစ်ရက်၊ ဖေဖော်ဝါရီ ၂ တွင် နိုင်ငံကျော် ရော့ခ်ဂီတအဖွဲ့ ‘Wanted Band’ သည် Andaman Gold ဘီယာနှင့် စာချုပ်ချုပ်ဆိုမည့်ကိစ္စကို တစ်ဖက်သတ် ဖျက်သိမ်းကြောင်း ကြေညာခဲ့သည်။
မြန်မာပြည်တွင် သက်တမ်းရှည်ကြာပြီး ရောင်းအားကောင်းသည့် City Mart စတိုးဆိုင်တွင် ဖေဖော်ဝါရီလ အတွင်းမှာ ပင် စစ်တပ်ပိုင် အဖျော်ယမကာများသည် စင်ပေါ်မှ ပျောက်ကွယ်လာရသည်။
“ကျွန်မတို့ တချို့ကုန်ပစ္စည်းတွင် တင်ရောင်းဖို့ အဆင်မပြေတော့ဘူး။ ဒါကြောင့် ပြန်သိမ်းလိုက်ပါပြီ။” ဟု City Mart အရောင်းစာရေးတစ်ဦးက ပြောသည်။
သူပြောသည့် တချို့ကုန်ပစ္စည်းများဆိုသည်မှာ စစ်တပ်ထုတ်ကုန်များကို ဆိုလိုခြင်းဖြစ်ကြောင်း ဆိုင်တွင် တစ်ပတ် ပတ်ကြည့်ခြင်းဖြင့် လွယ်လင့်တကူ အတည်ပြုနိုင်ခဲ့သည်။
ယခင်မြင်တွေ့ရစမြဲ Myanmar၊ Andaman Gold၊ Black Shield၊ Dagon ဘီယာ၊ ဒဂုံဘီယာ၊ Red Ruby စီးကရက် စသည်တို့သည် City Mart ၏ အဖျော်ယမကာစင်ပေါ်တွင် လုံးဝမတွေ့ရတော့။
၂၀၂၁ ပထမခြောက်လအတွင်း မြန်မာဘီယာထုတ်လုပ်သည့် Myanmar Brewery Ltd ၏ ရောင်းအားသည် ၂၀၁၉ နှင့် နှိုင်းယှဉ်ပါက အတက်ပြမလာတော့ဘဲ ၂၈ ရာခိုင်နှုန်း (ကျပ် ၁၅၀ဘီလီယံကျော်) ဆက်လက်ကျဆင်း သွားပြန် သည်။
ကျဆင်းသွားသည့် မြန်မာဘီယာရောင်းအားကို ထောက်၍ “မြန်မာနိုင်ငံမှာ ဒီလိုစက်ဆုပ်စရာ စီးပွားရေးလုပ်ငန်းမျိုးကို ကျယ်ကျယ်ပြန့်ပြန့် ဆန့်ကျင်နေကြတယ်ဆိုတာသက်သေပါပဲ”ဟု Justice For Myanmar၏ ပြောခွင့်ရ မရတနာ မောင်က ပြောသည်။
အကြမ်းနည်းနဲ့ပါ ဒဏ်ခတ်ခံရ
၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့်ဒေသကာကွယ်ရေးတပ်များက ၎င်းတို့နှင့် နီးစပ်ရာအဝေးပြေး လမ်းမပေါ်တွင် ဖြတ်သန်းနေသာ ကုန်တင်ကားများအား တားဆီးစစ်ဆေးပြီး စစ်တပ်ထုတ်ဘီယာများကို သယ်ဆောင် လာပါက ဖျက်ဆီးလျက်ရှိသည်။
တိုင်းရင်းသားလက်နက်ကိုင်တပ်တချို့ကလည်း ၎င်းတို့ ထိန်းချုပ်နယ်မြေအတွင်း စစ်တပ်ထုတ်ကုန်များကို ရောင်းချ ခြင်းမပြုရန် သတိပေးလာကြသည်။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ စက်မှုဇုန်ရှိ မြန်မာဘီယာ သိုလှောင်ရုံကို ၂၀၂၁ စက်တင်ဘာလတွင် မုံရွာသံမဏိအဖွဲ့သား များ-MPDFကိုယ်စားပြုအဖွဲ့က ဗုံးဖောက်ခွဲခဲ့သည်။
မန္တလေးမြို့ပေါ်တွင်လည်း စစ်တပ်ထုတ်ဘီယာများကို ရောင်းချနေသည့် စားသောက်ဆိုင်ခြောက်ဆိုင်ကို Justice Mandalay People Defense Force က ဇန်နဝါရီလအတွင်း မီးရှို့ဖောက်ခွဲဖျက်ဆီးခဲ့သည်။
“ သတိပေးပြီးမှလုပ်တာပါ။ ဆိုင်ကယ်အချို့ပျက်စီးသွားတာကိုလည်း စိတ်မကောင်းပါဘူး။ ကျေးဇူးပြုပြီး စကစစီးပွား ရေးတွေနဲ့လွတ်အောင်ရှောင်ပေးကြပါ။” ဟု ၎င်းတို့ဖေ့စ်ဘွခ်စာမျက်နှာမှ ဇန်နဝါရီ၂၈ရက်က သတင်းထုတ်ပြန်ခဲ့သည်။
စစ်တပ်ပိုင် ထုတ်ကုန်များသည် အဖျော်ယမကာများသာမက အစားအသောက်များ၊ အလှအပနှင့်ကျန်းမာရေးဆိုင်ရာ ထုတ်ကုန်များလည်းပါဝင်သည်။
အာဏာသိမ်းပြီးနောက် ထိုကုန်ပစ္စည်းများစာရင်းကို ပြုစုထားသည့် Ma Thone Nae, Way Way Nay စသော Mobile Application များပေါ်ပေါက်လာခဲ့သည်။ ပစ္စည်းတစ်ခုဝယ်ယူမည်ဆိုပါက အဆိုပါပစ္စည်းသည် စစ်တပ်ထုတ် ကုန် ဟုတ်၊ မဟုတ်ဆိုတာကို အဆိုပါ Application များဖြင့် တိုက်ဆိုင်စစ်ဆေးနိုင်သည်။
ထိုထဲတွင် ဝန်ဆောင်မှုလုပ်ငန်းများဖြစ်သည့် ဆက်သွယ်ရေး အော်ပရေတာ၊ ဆင်းကဒ်၊ ဖျော်ဖြေရေး၊ ကူးသန်း ရောင်း ဝယ်ရေး၊ ဆောက်လုပ်ရေး၊ ခရီးသွားလုပ်ငန်းနင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ စသည်တို့လည်း ပါဝင်သည်။
CAfT အဖွဲ့၏ ဒါရိုက်တာဒေါ်မိုးမိုးထွန်းက ကဏ္ဍအသီးသီးမှ မြန်မာစစ်တပ်၏ လက်ဝါးကြီး အုပ်ထားသည့် စီးပွားရေး လုပ်ငန်းများကို ယခုထက်ပိုမိုအားစိုက် တိုက်ဖျက်ဖို့ လိုအပ်နေသေးကြောင်း ယခုလို တိုက်တွန်းပြောဆိုသည်။
“ ပြည်သူလူထုအတွက်ဘာအကျိုးစီးပွားမှမရှိဘဲ အကြမ်းဖက်စစ်တပ်အတွက် ပြည်သူကိုသတ်မယ့် လူသတ်လက်နက် ဝယ်ဖို့ တွန်းအားပေးသလိုဖြစ်နေတဲ့ အရာမှန်သမျှကတော့ မလွဲမသွေဘွိုင်းကောက် လုပ်သင့်တာပေါ့”
(မဏ္ဍိုင်သတင်းအေဂျင်စီမှ တင်ဆက်ထားသောဆောင်းပါးကို ခွင့်ပြုချက်အရ ပြန်လည်ဖော်ပြခြင်း ဖြစ်ပါသည်။)