ထက်ခေါင်လင်း/ ဧရာဝတီတိုင်းမ်
ရန်ကုန်၊ မတ်လ ၄ ရက်
တချိန်က မြို့ထဲက ဆူးလေတခွင်၊ ၃၇ လမ်းတခွင်နဲ့ ၁၉ လမ်းတခွင်က ဘယ်နေရာသွားသွား ကိုယ့်မိတ်ဆွေ၊ သူငယ်ချင်းများ ညနေတိုင်း စည်ကားခဲ့သည့်နေရာ၊ အခုတော့ ရန်ကုန်မြို့လယ်ဟာ ခြောက်ကပ်နေတဲ့အပြင် မိတ်ဆွေ ကင်းမဲ့တဲ့ နေရာတခုဖြစ်ခဲ့ပါတယ်လို့ ဆူးလေလမ်းမပေါ် လမ်းလျှောက်ရင်း ဆူးလေဘုရားကို လမ်းပေါ်ကတင် ဖူးမျှောက်ပြီး ကိုတာနော(အမည်လွှဲ)တယောက် အိမ်ပြန်လမ်းဟာ ခြောက်ကပ်နေခဲ့ပြီ။
ရန်ကုန်မြို့ကြီးသည် မည်သည့်အချိန်တွင် မိမိတို့လို အသက် ၃ဝ တန်း လူလတ်ပိုင်းများပင် အချိန်မရွေး မည်သည့်အကြောင်းပြချက်နှင့်မျှ ဖြေရှင်းနိုင်ခြေမရှိ၊ အာဏာသိမ်း စစ်တပ်က ဖမ်းချင်ရာဖမ်း၊ လုပ်ချင်ရာ လုပ်နေသည့် အနေအထားမျိုးမှာ ရှင်သန်ကျန်ရစ်ရန် ရုန်းကန်နေရသည်။
မိမိ၏ အိမ်နားတွင် ဗုံးပေါက်ကွဲသည်၊ အပြန်အလှန် ပစ်ခတ်မှု ဖြစ်နေပြီဆိုလျှင်ဖြင့် မိမိ၏ လုံခြုံရေးအတွက် မည်သည့် နေရာတွင် တညတာ ကိန်းအောင်းရမည်လဲ၊ အိပ်ယာခင်ကို ဘယ်ကိုရွှေ့ရမည်လဲက အသက်အရွယ် မရောက်ခင် လူငယ်များသာမက လူလတ်ပိုင်းအထိ အစဉ်အမြဲ တွေးတောနေသည့် ဇရပ်တခုအဖြစ် ရပ်တည်လာနေပြီ။
‘ကျနော်တို့ အခုတော့ ဘယ်နေရာရောက်ရောက် အရင်က ရှိခဲ့တဲ့ သူငယ်ချင်းတွေ၊ မိတ်ဆွေတွေ၊ စားအတူ၊ သောက်အတူလူတွေ မရှိကြတော့ဘူး။ တချို့က တောထဲရောက်ကုန်ပြီ။ တချို့က နိုင်ငံခြား ထွက်ကုန်ပြီ။ တချို့က နယ်ရောက်ကုန်ပြီ။ သူတို့ရဲ့ နေရာ၊ သူတို့ဆိုတာ ကျနော်နဲ့ အလှမ်းကို ဝေးကွာပြီး သူတို့ဟာ အခုတော့ ကျနော့်တဦးထဲ အထီးကျန်ရပ်တည်နေရသလို ခံစားရတယ်’ ဟု အင်ဂျင်နီယာ လုပ်ငန်းခွင်တွင် လုပ်ကိုင်နေသူ ရန်ကုန်မြို့ခံတဦးက ညဉ်းတွားလိုက်လေသည်။
လူငယ်၊ လူလတ်များအပြင် အသက် ၄ဝ ကျော် အရွယ်ရှိ ပြည်သူများအပေါ်တွင်ပင် နည်းမျိုးစုံဖြင့် အာဏာသိမ်း စစ်တပ်သည် ဖိနှိပ်ခြင်း၊ ရက်စက်ခြင်း မျိုးစုံကို ကြုံတွေ့ပါများလာသည့် ရန်ကုန်သည် ကျင့်သားရသည့် လူထုအဖြစ် ရပ်တည်နေသော်လည်း တကယ်တော့ ဘယ်အချိန် မိမိထံသို့ မိုးပြိုကျမလဲကို စောင့်မျှော်နေရသည့် သူများသာ ဖြစ်လာနေခဲ့ပြီ။
ကုန်စျေးနှုန်း ကြီးမြင့်ခြင်း၊ နေထိုင်ရပ်တည်မှု ခက်ခဲခြင်း၊ အာဏာသိမ်း စစ်တပ်၏ အကြမ်းဖက်မှု ရန်ရှာခံရနိုင်ခြင်း စသည့် အကျိုးဆက်များသည် ပြီးခဲ့သည့် လူထုအစိုးရကို ပြည်သူအများ ရွေးကောက်တင်မြှောက်လိုက်သည့် နောက်ဆက်တွဲအဖြစ် စစ်တပ်၏ အာဏာရယူလိုမှု သရုပ်က ပိုမိုပေါ်လွင်နေလေပြီ။
အာဏာ လက်ကိုင်အစိုးရဆိုသည်က ပြည်သူအများ၏ ရွေးကောက်တင်မြှောက်ခြင်း ခံရသည်မဟုတ်ပဲ အာဏာကို သိမ်းယူပြီး အကြောင်းအမျိုးမျိုးပြကာ ရယူထားသည့် အစိုးရဟု အဓိပ္ပာယ် ဖွင့်ဆိုထားသည်။ ထိုအစိုးရမျိုးသည် ပြည်သူအများ၏ ရွေးချယ်ခြင်း၊ ကိုယ်စားပြုခြင်းမရှိပဲ အကြွင်းမဲ့ အာဏာရှင်စနစ်ကို ကျင့်သုံးပြီး အစိုးရစနစ်နှင့် နိုင်ငံတော်အကြား ခွဲခြားခြင်းမရှိပေ။
‘မတရားမှုကို အခြားသူများ ပြုလုပ်မည်ထက် မိမိကိုယ်တိုင် ပြုလုပ်မိမည်ကို ကာကွယ်သော အဖွဲ့အစည်း၊ အစိုးရဟူသည် ထိန်းချုပ်မှုများ ပြုလုပ်ရာတွင် အနည်းဆုံး မလုပ်မဖြစ် ပြုလုပ်ရမည့် အရာမျိုးကိုသာ လိုအပ်သော အဆိုးအနေဖြင့် ပြုလပ်သည်ဆိုသည်က လူသားအချင်းချင်း ချုပ်ချယ်နိုင်ရန်ပင်’ ဖြစ်သည်ဟု နိုင်ငံတကာ ပညာရှင်တချို့က အဓိပ္ပါယ်ဖွင့်ဆိုကြသည်။
၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှစတင်ပြီး စစ်တပ်မှ တိုင်းပြည်အာဏာကို သိမ်းပိုက်လိုက်ရာတွင် မြန်မာနိုင်ငံသည် နိုင်ငံတကာတွင် ယခင်က အဆင်းရဲဆုံး မွဲတေနေသည့် အဆင့်မှ ထပ်မံတိုးတက်ရန် ကြိုးစားနေသည်ကို ဆွဲချလိုက်သည့်အပြင် ဖြစ်ပျက်လာသော အခင်းဖြစ်ရပ်များကြောင့် ယခုနှစ်တွင်ပင် မြန်မာနိုင်ငံအနေဖြင့် လူသန်း ၂ဝ နီးပါးမျှ အစာရေစာ ငတ်မွတ်မှုဒဏ်ကို ခံရနိုင်ကြောင်း ကမ္ဘာ့ဘဏ်မှ ခန့်မှန်းထားသည်။
သို့သော်လည်း အာဏာသိမ်း စစ်ကောင်စီအနေဖြင့် မြန်မာနိုင်ငံအနှံ့ နယ်မြေများတွင် ယခင်က ပြည်တွင်းစစ်တွင်ပင် အသုံးမပြုခဲ့သည့် လေယာဉ်များဖြင့်ပင် ပစ်ခတ်ခြင်း၊ လူသားဒိုင်းအဖြစ် နယ်မြေရှိ ပြည်သူများကို ၎င်းတို့ကို လက်နက်ကိုင် ဆန့်ကျင်သူများ မဝင်လာနိုင်ရေး အသုံးပြုခြင်းများက ပြည်တွင်းမီဒီယာများအပြင် နိုင်ငံတကာ မီဒီယာများထက်ပင် ပျံ့နှံ့နေပြီဖြစ်သည်။ သို့သော်လည်း ၎င်းတို့ လက်ဝေခံ မီဒီယာများနှင့် နိုင်ငံတကာ စာမျက်နှာများတွင် မျက်နှာပြောင်တိုက်ကာ ပြောင်ပြောင်တင်းတင်း ငြင်းဆိုနေလျှက်ရှိသည်။
ယနေ့ ရန်ကုန်လူထုသည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အထွေထွေ စားသုံးကုန်စရိတ် ယခင်ကထက် ၂ဝ ရာခိုင်နှုန်းကြီးမြင့်ခြင်း၊ စက်သုံးဆီများသည်ပင် ထက်ဝက်နီးပါး ကြီးမြင့်လာခြင်း၊ လျှပ်စစ်မီး လုံလောက်စွာ မရရှိတော့ခြင်း၊ ဆက်သွယ်ရေး ကွန်ယက် အသုံးစရိတ် ထက်ဝက်နီးပါး မြင့်တက်နေခြင်းများက ကမ္ဘာ့ကပ်ရောဂါ ကိုဗစ် 19 ထက်ပင် ဆိုးဝါးနေလေပြီ။
‘ခပ်ရှင်းရှင်းပြောရရင် အာဏာသိမ်းပြီးကတည်းက ကျနော်တို့မှာ အခွင့်အလမ်းဆိုတာ အကုန် ရှားကုန်ပြီ။ အလုပ်ရုံတွေကြည့်မလား၊ ရပ်လိုက်ရတာ အများကြီးပဲ။ ငွေကြေးစီးဆင်းမှု ကြည့်မလား။ လုပ်ငန်းအခြေအနေအရ လခတောင် နောက်ကျမှရတာတွေ အများကြီးပဲ။ စစ်တပ်က သူတို့အားလုံး လုပ်နိုင်ပါတယ်ဆိုတာ ဘာလဲ။
လူတွေ သေအောင်သာ သတ်နိုင်တာပဲရှိတယ်’ ဟု နိုင်ငံခြားနှင့် ချိတ်ဆက်လုပ်ကိုင်နေသည့် အထည်ချုပ်စက်ရုံ လူ့စွမ်းအား အရင်းအမြစ်ဌာနမှ မန်နေဂျာတဦးက ဆိုသည်။
ထိုကဲ့သို့ ဖြစ်ပျက်နေမှုများအပြင် ရန်ကုန်မြို့ရှိ အစွမ်းရှိသော လူငယ်ထု အများအပြားသည် စစ်အာဏာသိမ်းမှုကို တော်လှန်နေသည့်အတွက် အဖမ်းခံရခြင်း၊ တိမ်းရှောင်ရခြင်းအပြင် လက်နက်ကိုင်သည်အထိ တွန်းလှန်နေကြရာ ၎င်းတို့၏ စွမ်းအားများကို တိုင်းပြည်၏ ကုန်ထုတ်လုပ်ငန်းများတွင် အသုံးချနိုင်ရန် အခွင့်အရေး မရရှိတော့ဟု သူက ဆက်ပြောသည်။
အာဏာသိမ်း စစ်ကောင်စီအနေဖြင့် ကိုဗစ် 19 ကပ်ဆိုးများကြားတွင် ပြည်တွင်း၊ ပြည်ပ ပြယုဒ်အနေဖြင့် စာသင်ကျောင်းများကို ဖွင့်လှစ်ပြခြင်း၊ ပွဲများကျင်းပခြင်း မည်မျှပင် ပြုလုပ်နေပါစေ အများစု ခံစားနေရသည့် ရောဂါကူးစက်မှုအပြင် ဘေးထွက်ဆိုးကျိုးများသည် ၎င်းတို့ အာဏာရှင် မိသားစု အသိုက်အဝန်းမဟုတ်ပဲ ပြည်သူအများပင်ဖြစ်နေကြောင်း နားလည်သိရှိလာနေပြီဖြစ်သည်။
သို့သော်လည်း ၎င်းတို့ကို ထောက်ခံနေသည့် ပြည်သူတချို့နှင့် အာဏာပိုင် လက်ဝေခံတချို့ မရှိသည်တော့မဟုတ်။ လူအနည်းစုကသာ ၎င်းတို့အပေါ် ထောက်ခံနေကြောင်းကို ပြည်သူအများ၏ လက်တွေ့ပြသနေသည်က ပြီးခဲ့သည် အသံတိတ်သပိတ်က သက်သေပင်ဖြစ်သည်။
အာဏာသိမ်း စစ်တပ်သည် နိုင်ငံတကာ စာမျက်နှာတွင် မျက်နှာမလှသလို ပြည်တွင်းစာမျက်နှာတွင်လည်း လူလုံးမပြနိုင်သဖြင့် ၎င်းတို့ဌာနအတွင်းပင် အမာခံလူများကိုပင် လူအမျိုးမျိုး ပြောင်းလဲသုံးကာ လက်နက်ကိုင် တော်လှန်နေသည့် လူငယ်များနှင့် ပြည်သူများအပေါ် အနိုင်ကျင့်ဗိုလ်ကျနေသော်လည်း လက်တွေ့တွင် ၎င်းတို့၏ နည်းဗျူဟာသည် ပြည်သူအများမပါသည့် မည်သည့်တော်လှန်ရေးမျှ အောင်မြင်မှုမရှိဆိုသည့် စကားရပ်အပေါ် လွှမ်းမိုးမသွားတော့ပေ။
ခေတ်တခုတွင် လူသားတိုင်းကို အခွင့်အရေးပေးသည်က စည်းစိမ်းနှင့် ဥစ္စာ ဖြစ်သော်လည်း ၎င်းလူသားများကိုပင် ဖျက်ဆီးနိုင်သည်က ၎င်းတို့ပင်ဖြစ်သည်။ သို့သော် တိုင်းပြည်တခုကို အခွင့်အရေး ပေးသည်က အာဏာနှင့် ပါဝါဖြစ်ပြီး ဖျက်ဆီးနိုင်သည်က ၎င်းတို့ဖြစ်သည်။