ထက်ထက်အောင်/ဧရာဝတီတိုင်းမ်
မတ်လ ၈ ရက်

လူသူအရောက်အပေါက်နည်းပြီး သွားလာရေးခက်ခဲလှသော လွတ်မြောက်နယ်မြေတစ်ခုရှိ တောတွင်းတစ်နေရာတွင် ပျိုမြစ်နုနယ်လှပသည့် အမျိုးသမီးငယ်တစ်ဦးမှာ ပစ္စတိုသေနတ်ကို ကျွမ်းကျင်စွာကိုင်တွယ်ရင်း သေနတ်ပစ် လေ့ကျင့်နေသည်။

နုနယ်ပျိုမြစ်သည့် မျက်နှာသွင်ပြင်ရှိသော အဆိုပါ အမျိုးသမီးငယ်မှာ ပစ္စတိုသေနတ်ကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ပြီး ပစ်မှတ်များဆီသို့ ကျည်ဆံများ ပစ်လွှတ်လိုက်သည်။ တောတောင် များအတွင်း၌ သေနတ်သံများ ဆူညံသွားပြီး သက်မဲ့ပစ်မှတ်များလည်း ပြိုလဲသွားခဲ့သည်။

သို့ သေနတ်ပစ်လေ့ကျင့်နေသော မိန်းကလေးငယ်၏အမည်က မရည်မြတ်မွန်နိုင်ဖြစ်သည်။ သူမသည် လွန်ခဲ့သော ၉ လကျော်က မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရဲမေတစ်ဦးဖြစ်ခဲ့ပြီး ယခုနှစ် ဖေဖော်ဝါရီလတွင် တပ်မတော်က နိုင်ငံ့ခေါင်းဆောင်များကို ဖမ်းဆီး၍ အာဏာသိမ်းပြီးနောက်ပိုင်း ဧရာဝတီတိုင်း ဒေသကြီးအတွင်းမှ ပထမဦးဆုံးသော CDM ပြုလုပ်သည့် ရဲမေဖြစ်သည်။

” အပြစ်မဲ့ပြည်သူတွေကို ညှဉ်းပန်းနှိပ်စက်နေတဲ့ စစ်အာဏာရှင်လက်အောက်မှာ အလုပ်ဆက်ပြီး မလုပ်နိုင်တာကြောင့် အာဏာရှင်ကို ပြည်သူတွေနဲ့အတူ တော်လှန်ဖို့ CDM လုပ်ခဲ့တာပါ” ဟု ရဲမေ မရည်မြတ်မွန်နိုင်က ရှင်းပြသည်။ “

သူမက ငယ်ငယ်ကတည်းက ရဲတပ်ဖွဲ့ဝင် ဖြစ်ချင်ခဲ့သူဟု မရည်မြတ်မွန်နိုင်က ဆိုသည်။ ထို့ကြောင့်လည်း မိသားစုကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထဲ ဝင်ခွင့်ပေးဖို့ သူမအကြိမ်ကြိမ် ပူဆာတောင်းဆိုခဲ့သည့်အတွက် မိဘများက ခွင့်ပြုခဲ့ရသည်။ ထို့ကြောင့် ၂၀၁၇ ခုနှစ်တွင် ဧရာဝတီတိုင်း၊ ရဲတပ်ဖွဲ့ထဲ ဝင်ရောက်ခဲ့သည်။

“ကျွန်မရည်မှန်းချက်က နိုင်ငံ့တာဝန် ကျေပွန်စွာထမ်းဆောင်တဲ့ ရဲမေဖြစ်ဖို့ပဲ။ အဲဒါကြောင့်လည်း အိမ်က မိဘတွေကို ရဲတပ်ဖွဲ့ထဲ ဝင်ခွင့်ပေးဖို့ နှစ်နဲ့ချီ တောင်းဆိုခဲ့ရတယ်”ဟု သူမက ပြောပြသည်။

အသက် ၂၀ ကျော်အရွယ်မှာ ရဲတပ်ဖွဲ့ထဲ ဝင်ရောက်ခဲ့သူ မရည်မြတ်မွန်နိုင်မှာ ရဲသင်တန်းကျောင်းတွင် အခက်အခဲ များစွာကြားထဲက စိတ်ပိုင်းနှင့်ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်စေဖို့ ကြိုးစားလေ့ကျင့်ခဲ့ရသည်။ သင်တန်းကာလ တလျောက် နေ့စဉ် နိုင်ငံနှင့် ပြည်သူအတွက် သစ္စာဆိုရင်း ရွှံ့ထဲဖုန်ထဲ၌ နေပူမိုးရွာမရှောင် စာတွေ့ လက်တွေ့ လေ့ကျင့်သင်ကြားပြီးနောက် ရဲမေဖြစ်ခဲ့သည်။

သူမအနေဖြင့် ရဲတပ်ဖွဲ့အတွင်း မိမိရည်မှန်းချက်အတိုင်း တာဝန်ကျေပွန်စွာထမ်းဆောင်ရင်း တစ်ဖက်မှာလည်း ရဲတပ်ဖွဲ့၏ပျက်ယွင်းနေတဲ့ ပုံရိပ်တွေကို သူမ သတိထားမိခဲ့သည်။

”ရဲထဲက အရာရှိ တော်တော်များများက စစ်ကောင်စီကနေ အသွင်ပြောင်းထားတာတွေများတယ်။ ရဲလုပ်ငန်း၊ ရဲစည်းကမ်းနားမလည်ဘဲ ကိုင်တွယ်ကြပြီး အမှုကိစ္စတွေလည်း အရှုပ်အရှင်းတွေ ဖြစ်လာတယ်။ ဖော်နိုင်တဲ့အမှုတောင် ဖုံးပစ်လိုက်ကြတာမျိုးအထိရှိလာတယ်”ဟု မရည်မြတ်မွန်နိုင်က ပြောပြသည်။

ရဲလုပ်ငန်းဌာနအတွင်း ယခုလို စိတ်မသက်သာစရာတွေ ကြုံတွေ့လာရပြီးသည့်နောက်မှာ ရဲတပ်ဖွဲ့ အပေါ်သူမ၏ယုံကြည်မှုကို ကိုယ်တိုင်ပြန်ဆန်းစစ်ပြီး သေနတ်ကိုင်နေတာ ဘယ်သူ့အတွက်လဲဟု ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်လာခဲ့သည်။

ယင်းအချိန်မှာပင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံ့ခေါင်းဆောင်များကို ဖမ်းဆီးပြီး တိုင်းပြည်ကို အာဏာသိမ်းခဲ့သည်။ ထို့ပြင် အာဏာသိမ်း စစ်ခေါင်းဆောင်က လမ်းမပေါ်တွင် ငြိမ်းချမ်းစွာ ဆန္ဒပြနေသည့် ပြည်သူများကို အကြမ်းဖက်ဖြိုခွဲသတ်ဖြတ်ဖို့ အမိန့်ပေးခဲ့သည်။ စစ်ကောင်စီလက်ပါးစေ စစ်တပ်နှင့် ရဲတပ်ဖွဲ့ကလည်း စစ်ခေါင်းဆောင် အမိန့်အတိုင်း လက်နက်မဲ့ပြည်သူများအပေါ် အကြမ်းဖက်သတ်ဖြတ်မှုတွေ ရက်စက်စွာ ကျူးလွန်ဆောင်ရွက်ခဲ့ကြသည်။

ယခင်ကတည်းက ပြည်သူကို ကာကွယ်ပြီး အလုပ်အကျွေးပြုဖို့အတွက် ရဲတပ်ဖွဲ့ထဲ ဝင်ရောက်ခဲ့သည့် မရည်မြတ်မွန်နိုင်အတွက်တော့ အာဏာသိမ်း စစ်ကောင်စီခိုင်းသမျှ လက်နက်မဲ့ ပြည်သူကို သတ်ဖြတ်နေသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏လုပ်ရပ်ကို စက်ဆုပ်ရွံရှာခဲ့သည်။

ထို့ကြောင့်လည်း လူထုအာဏာဖီဆန်ရေးလှုပ်ရှားမှု – CDM မှာ စောစီးစွာ ပါဝင်ခဲ့ပြီး ဧရာဝတီတိုင်းမှ ပထမဆုံးသော CDM ရဲမေအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ သူမ CDM ပြုလုပ်မှုကို မိသားစုကလည်း သဘောတူခဲ့သည်။

သူမ CDM စလုပ်ဆောင်ချိန်က ရုံးမတက်၊ တာဝန်မထမ်းဆောင်တော့ဘဲ အမျိုးတွေအိမ်မှာ နှစ်လကျော်လောက် ရှောင်တိမ်းနေခဲ့သည်။ လက်နက်မဲ့ ပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ်နေသည့် စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်ဖို့ လူငယ်တွေ PDF တပ်ဖွဲ့ထဲဝင်ကြတော့ သူမလည်း ပြည်သူကို ကာကွယ်ဖို့အတွက် PDF ထဲဝင်ဖို့ ကြိုးစားတော့သည်။

”ကျွန်မ ရဲတပ်ဖွဲ့ထဲဝင်တာ ပြည်သူကို ကာကွယ်ဖို့ပဲ။ စစ်ကောင်စီက လက်နက်မဲ့ပြည်သူတွေကို အကြမ်းဖက် သတ်ဖြတ်နေတာ ဒီတိုင်းငြိမ်ခံနေလို့ မဖြစ်ဘူး။ ခံချမယ်ဆိုတဲ့ လူငယ်တွေစိတ်ကို ကျွန်မ သဘောကျတယ်။ ဒါကြောင့် ကျွန်မလည်း PDF ထဲ ဝင်ဖို့ ဆုံးဖြတ်ခဲ့တာ”ဟု မရည်မြတ်မွန်နိုင်က ပြောဆိုသည်။

သူမ မိဘတွေက CDM လုပ်တာကို မကန့်ကွက်ကြသော်လည်း မိန်းမပျိုလေးတယောက် PDF ထဲဝင်ပြီး အသက်နဲ့ရင်းကာ စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်မည်ဆိုသောကိစ္စကိုတော့ ဝိုင်းဝန်းကန့်ကွက်ခဲ့ကြသည်။

”မိဘတွေ ကန့်ကွက်တဲ့ကြားက ကျွန်မ PDF ထဲ ဝင်ခဲ့တယ်။ အဲဒီအတွက် မိဘတွေက ကျွန်မကို အမွေပြတ် စွန့်လွှတ်ခဲ့တယ်။ တိုင်းပြည်နဲ့ ပြည်သူတွေအတွက် ကျွန်မအသက်ကိုတောင် ပေးအပ်ထားပြီး ပြီဆိုတော့ အမွေပြတ်စွန့်လွှတ်ခံရတဲ့ကိစ္စကို အရမ်းကြီး မခံစားရပါဘူး”ဟု မရည်မြတ်မွန်နိုင်က ပြောပြသည်။

လက်ရှိတွင် မရည်မြတ်မွန်နိုင်သည် လွတ်မြောက်နယ်မြေတစ်ခု၌ အဆင့်မြင့်လက်နက်ကိုင် တိုက်ခိုက်ရေး သင်တန်း တက်ရောက်ရန် ပြင်ဆင်နေသည်။ သူမကြိုးစားမှုတွေအားလုံးက အာဏာသိမ်း စစ်ကောင်စီကို တိုက်ခိုက်ဖြုတ်ချရန်နှင့် ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ရန်ဖြစ်သည်ဟု ဆိုသည်။

“ကျွန်မတို့ တိုင်းပြည်ကို စစ်အာဏာရှင် စနစ်ဆိုးအောက်ကနေ ကယ်တင်နိုင်ရမယ်။ ပြည်သူ့တော်လှန်ရေး အောင်ကို အောင်ရမယ်။ အောင်မြင်ဖို့အတွက်လည်း ကျွန်မအသက်နဲ့ရင်းပြီး ကြိုးပမ်းသွားမယ်။ ဒါ ကျွန်မ ဆုံးဖြတ်ချက်ပဲ”ဟု မရည်မြတ်မွန်နိုင်က သူမ၏ဆုံးဖြတ်ချက်ကို ပြောပြသည်။

(ယနေ့ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့တွင် ဧရာဝတီတိုင်းမ်သတင်းဌာန၏ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလက ဖော်ပြခဲ့သောသတင်းဆောင်းပါးကို ပြန်လည်ဖော်ပြခြင်း ဖြစ်ပါသည်။)