
ဧရာဝတီတိုင်းမ်
မတ် ၂၃ ရက်
ကိုထက်နိုင်သည် အိမ်ရှေ့ဖိနပ်ချွတ်တွင် မတ်လ၏နေ့အပူငွေ့ကိုရော၊ ရင်ထဲကအပူငွေ့ကိုပါ ရင်ဘက်ဗလာ၊ ပုဆိုးတိုတိုဖြင့် ဆေးပေါ့လိပ်ဖွာရင်း အံတုနေသည်။
ပုံမှန်အားဖြင့် ဒီအချိန်ဆို အဝေးပြေးလမ်းမပေါ်တွင် အရှိန်ဖြင့်ပြေးနေသည့်ကုန်ကား၏ စတီယာရင်ကိုကိုင်ရင်း လေချွန်လိုက်၊ သီချင်းလေးဆိုလိုက်၊ သက်ဆိုင်ရာဂိတ်တွင် ကုန်တင်၊ ကုန်ချဖြင့် အလုပ်ကောင်းနေမည်။
သို့သော် ယခုကြုံနေရသည့် အခြေအနေက ဆုပ်လည်းစူး၊ စားလည်းရူး ဖြစ်နေသည်။
ဧရာဝတီတိုင်းနှင့် ရန်ကုန်သို့ နေ့စဉ်ကုန်ပို့နေသည့် ကုန်ကားမောင်းသမား ကိုထက်နိုင်သည် ဆီဈေးတက် ခြင်းကြောင့် ကား လုံးဝမမောင်းဖြစ်တော့သည်မှာ တစ်လနီးပါးရှိပြီဖြစ်သည်။
အကျိုးဆက်အားဖြင့် သူတို့မိသားစုငှားရမ်းနေထိုင်သည့် အိမ်လခ ၄ သောင်းကိုပင် ပေးဖို့ခက်ခဲနေပြီး အိမ်ရှင် ကျေနပ်နားလည်အောင် ရှင်းပြထားရသည်။
ထိုအိမ်လေးတွင် သူ့ဇနီး၊ လူမမည်အရွယ်ကလေးနှစ်ယောက်နှင့်အတူ နေထိုင်ရင်း မိသားစုစားဝတ်နေရေးကို သူတတ်ကျွမ်းသည့် ကားမောင်းပညာဖြင့် ဖြေရှင်းနေခြင်းဖြစ်သည်။
ပုံမှန်အားဖြင့် အသွားအပြန်ခရီးတစ်ကြောင်းအတွက် မောင်းကြေး ၂ သောင်းမှ ၃ သောင်းကျပ်အထိ ရလေ့ ရှိသည်။
လောင်စာဆီဈေး အဆမတန်မြင့်တက်သွားသည့် ယခုလိုကာလတွင်မူ ကားမထွက်ရတော့ဘဲ မိသားစု နေရေး၊ စားရေး၊ ကျန်းမာရေး အစစအရာရာ ခက်ခဲကုန်သည်။
“ဒီလောက်ဆိုးတာ တခါမှမကြုံခဲ့ဖူးဘူး။ ကုန်ကားမောင်းတာ ဝါသနာလည်းပါတယ်၊ ဝင်ငွေလည်း ကောင်း တယ်ဆိုပြီး ဒီအလုပ်ကိုရွေးချယ်ခဲ့တာ။ အခုတော့ ကားမထွက်နိုင်ဘဲ ငုပ်တုပ်ဖြစ်နေပြီ”ဟု ကုန်ကားမောင်းသက် ၁၀ နှစ် ကျော်ရှိပြီဖြစ်သည့်သူက ငြီးတွားသည်။
အာဏာသိမ်းပြီး တစ်နှစ်ကျော်အကြာတွင် မြန်မာပြည်သူများ၏ လူမှုဘဝသည် လွန်ခဲ့သော ဆယ်စုနှစ်အတွင်းက မကြုံခဲ့ဖူးသည့် ဒုက္ခများကို ကြုံတွေ့နေကြရသည်။
လောင်စာဆီဈေးနှင့် ကုန်ဈေးနှုန်း အဆမတန်မြင့်တက်လာခြင်း၊ လျှပ်စစ်မီး အချိန်ကြာပြတ်တောက်ခြင်းတို့ သည် လူထု၏နေ့စဉ်ဘဝကို နစ်မွန်းသည်ထက် နစ်မွန်းလာသည်။
စစ်အာဏာသိမ်းပြီးကတည်းက တရိပ်ရိပ်တက်လာသည့် ဆီဈေးမှာ တစ်နှစ်ကျော်အကြာတွင် လေးဆအထိ များလာပြီး မတ်လလယ်ပိုင်းတွင် တစ်လီတာလျှင် ကျပ် ၂,၀၀၀ ဝန်းကျင် အထိ ရောက်ရှိသွားသည်။
ကမ္ဘာ့လောင်စာဆီဈေးနှုန်း မြင့်တက်လာခြင်းကြောင့်ဟု ဆိုနိုင်သော်လည်း မြန်မာငွေတန်ဖိုးကျဆင်းခြင်းက ပြည်တွင်း လောင်စာဆီဈေးနှုန်း မြင့်တက်လာခြင်းကို ပိုမိုအရှိန်မြင့်လာစေခဲ့သည်။
ကိုထက်နိုင်၏ကုန်ကားသည် ယခင်က မိုင် ၂၀၀ ဝန်းကျင် အသွားပြန်တစ်ကြောင်းအတွက် ဆီဖိုး ၈ သောင်းကျပ်ကုန်ကျခဲ့ရာ ယခုဆိုလျှင် နှစ်ဆကျော် ၁ သိန်း ၈ သောင်းကျပ် ကျသင့်နေသည်။
ပုံမှန်အားဖြင့် ယခုလိုမတ်လသည် မတ်ပဲ၊ ပဲတီစိမ်းပို့ရသည့် ရာသီချိန်ဖြစ်သော်လည်း မြင့်တက်လာသည့် ဆီဈေးနှုန်းအတိုင်း ကားခတိုးတောင်းရန်မှာလည်း မဖြစ်နိုင်။
“ ပဲက ကုန်သည်အချင်းချင်း ပေါက်ဈေးအတိုင်း ရောင်းထားပြီးသား။ တိုးတောင်းလို့မရတော့ဘူး။ ဈေးဖြတ် ပြီးပြီ ” ဟု သူက ရှင်းပြသည်။
ပဲတစ်အိတ်လျှင် ကျပ် ၉၀၀ ဝန်းကျင်ဖြင့် ပို့ပေးနေရာမှ ယခုဆို ၁,၅၀၀ ကျပ် ရမှသာ ဆီဖိုးကျေမည်ဟု သူက ထွက်ချက်ပြသည်။
အခြားသော ကုန်စည်များမှာလည်း ဈေးနှုန်းသာတက်လာပြီး ပြည်သူလူထု၏ ငွေသုံးနိုင်စွမ်းလျော့နည်း လာမှုကြောင့် ကုန်သည်များ၏ မှာယူမှုသည်လည်း လျော့ပါးလာကြသည်။
“ဆန်၊ ဆီ၊ ဆား၊ ငရုတ်လို ကုန်မျိုးတောင် တစ်လကို အိတ် ၁၀၀ မှာနေကျသူက တက်ဈေးမိနေတော့ အဲ့လောက် မမှာရဲတော့ဘူး။ နိုင်ငံရေးကိစ္စတွေက အောက်ခြေမှာအကုန်လာထိနေပြီ” ဟု ဆေးပေါ့လိပ်ကို မီးငြှိကာ ခပ်ပြင်းပြင်း ဖွာရှိက်ရင်း သူကပြောသည်။
ဧရာဝတီတိုင်း၏အစွန်ဆုံးဒေသ၊ ငပုတောမြို့နယ် ဟိုင်းကြီးကျွန်းမှ ကိုမျိုးသူဆိုလျှင် လောင်စာဆီကို ပေါက်ဈေးအတိုင်း ပေးဝယ်သည့်တိုင် ဝယ်မရဖြစ်နေသည်ဟု ဆိုသည်။
ပုသိမ်မြို့မှ ပေါက်ဈေးပေးပြီး ဒီဇယ်ဆီ ၁၀ ဂါလံ မှာယူရာ နှစ်ဂါလံဝန်းကျင်သာ ရတော့သည် ဟု ဆိုသည်။
ထို့ကြောင့် သူတို့ မိသားစုပိုင် ဆန်စက်ကို မလည်ဘဲရပ်ထားရသည်။
သူ၏ နောက်ထပ်လုပ်ငန်းတစ်ခုဖြစ်သော ဆားကြမ်းချက်သည့် ဆားကွင်းတွင် လုပ်သားများကိုလည်း ဆား ဖိုသူကြီးများက ရိက္ခာထုတ်ပေးရသည်မှာ ခက်ခဲနေသည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်ဟု ပြောသည်။
“ကိုယ်တွေတောင် ဒီနှစ်ဆားကွင်းကို ရပ်ထားလိုက်လို့ တော်သွားတာ” ဟု သူက ဆိုသည်။
ဆားကွင်းလည်းရပ် ဆန်စက်လည်းရပ်ထားရသည့်အခါ ကိုမျိုးသူသည် အိမ်တွင်ဖွင့်ထားသည့် ကုန်စုံဆိုင်တွင် ဈေးဝင်ရောင်းပြန်သော်လည်း အဆင်မပြေဖြစ်ရပြန်သည်။
လေးရက်တစ်ခါ ကုန်ကားတစ်ခါဝင် ဈေးနှုန်းတစ်ခါ တက်ဖြစ်နေသည့်အခါ ရောင်းဈေးသတ်မှတ်ရ ခက်ခဲ နေသာကြောင့် “ခုအိမ်မှာ ဈေးမရောင်းတတ်တော့ဘူး” ဟု သူက ပြောသည်။
ထို့အပြင် ပင်လယ်လုပ်သား ဒေသအခေါ် ပိုက်ကားစီးသူများသည်လည်း မြင့်တက်လာသည့် ဆီဈေးကို မလိုက်နိုင်တော့ဘဲ နားထားကြရသည်ဟု ဆိုသည်။
“ကြာရင် ရွာမှာ အလုပ်လက်မဲ့တွေများပြီး ငတ်ကြတော့မယ့်ပုံပဲ” ဟု သူက ခန့်မှန်းသည်။ လောင်စာဆီဈေးကြီးမြင့်မှု၊ ကုန်ဈေးနှုန်းမတည်ငြိမ်မှုနှင့်အတူ ပြည်သူများ နေ့စဉ်ကြုံနေရသည့် နောက်ထပ် ပြသနာမှာ လျှပ်စစ်မီးအချိန်ကြာမြင့်စွာ ပြတ်တောက်မှုဖြစ်သည်။
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လျှပ်စစ်ရထားပြေးဆွဲနိုင်အောင် ဆောင်ရွက် မည်ဟု အာဏာသိမ်းပြီးခါစ လပိုင်းတွင် ပြောခဲ့သည်။
လက်တွေ့တွင်မူ အများပြည်သူ အင်တာနက်သုံးစွဲသည့် အီလက်ထရောနစ်ကိရိယာများကိုပင် လျှပ်စစ် ဓာတ်အား လုံလောက်အောင် မပေးနိုင်သည့် အခြေအနေဖြစ်နေသည်။
ရန်ကုန်မြို့မှ ဧည့်လမ်းညွှန်မယဉ်အေးဆို ခရီးသွားလုပ်ငန်းများ ပြန်လည်မလည်ပတ်နိုင်သည့် ယခုလိုကာလ တွင် အွန်လိုင်းမှ စာသင်၍ ဝင်ငွေရှာနေသူဖြစ်သည်။
အာဏာသိမ်းပြီး တစ်နှစ်အကြာတွင် လျှပ်စစ်မီးသည် တစတစဖြင့် ပြတ်တောက်လာရာမှ တစ်နေ့လျှင် ခြောက်နာရီ ကြာသည်အထိ ပြတ်တောက်လာသော လျှပ်စစ်မီးသည် စာသင်ချိန်များကို ထိခိုက်လာသည်။
“မီးမမှန်ရင် တစ်နေ့တာဆွဲထားတဲ့ အချိန်ဇယားတွေ ကမောက်ကမဖြစ်ရတယ်။ ဒီကာလကြီးက ပေခံနိုင်တဲ့သူပဲ အဆင် ပြေမယ်” ဟု သူက ပြောသည်။
လျှပ်စစ်မီးသည် တစ်နေ့လျှင် ခြောက်နာရီကြာ ဝန်းကျင်သာ ပြတ်တောင်း ပြတ်တောင်းဖြင့် လာနေရာ လျှပ်စစ်မီး အားကိုး၍ ဝင်ငွေရှာနေသူများ၏ အနာဂတ်သည် သေချာ၊ ရေရာမှုမရှိတော့ပေ။
လက်ရှိအခြေအနေတွင်မူ ပြည်သူလူထု၏ ဘဝများမှာ နိစ္စဒူဝစားဝတ်နေရေးအတွက် ရုန်းကန်နေကြရသည်မှာ ပိုမို ခက်ခဲကျပ်တည်းလာလျှက်ရှိလေသည်။
ကိုမျိုးသူကတော့ လက်ရှိအနေအထားသည် ပြည်သူများ ရေရှည်ရပ်တည်ရန် ခက်ခဲနေသည်ဟု သုံးသပ်ပြီး အခြေအနေတစ်ခုကို ပြောင်းလဲ့သင့်နေပြီဟု ယခုလိုဆို၏။
“ပေးဆပ်မှုကြီးပါစေ အပြောင်းအလဲ အရွေ့တစ်ခုကတော့ မဖြစ်မနေလိုအပ်နေပြီ”
(ဧရာဝတီတိုင်းမ်သတင်းဌာန၏ မိတ်ဖက်မီဒီယာဖြစ်သည့် မဏ္ဍိုင်သတင်းအေဂျင်စီ၏ဆောင်းပါးကို ထပ်ဆင့်ဖော်ပြခြင်း ဖြစ်ပါသည်။)