
ဓာတ်ပုံ - သီတဂူဆရာတော် Page
ဆောင်းပါးရှင် – သံလက်သီး
မတ်လ ၂၇ ရက်
သီတဂူ ဆရာတော် ဦးဥာဏိဿရဟူသည်ကား မြန်မာနိုင်ငံ၏ ဒိတ်ဒိတ်ကြဲ နာမည်ကြီး တရားဟော ဓမ္မကထိကတစ်ဦးဖြစ်သည်။
ရွှေကျင်ဂိုဏ်း၏ တွဲဖက်သာသနာပိုင်ဖြစ်ပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ၊ ဗုဒ္ဓဘာသာဆိုင်ရာ ပရော်ဖက်ဆာဘွဲ့ရထားသူ၊ ပြည်တွင်းရော ပြည်ပကပါ လူသိများထင်ရှားသည့် ဗုဒ္ဓဘာသာဆိုင်ရာ အထင်ကရ ဘာသာရေးခေါင်းဆောင်တစ်ဦးလည်း ဖြစ်သည်။
ဗုဒ္ဓဘာသာ စာပေကျမ်းဂန်များ သိမြင်နှံ့စပ်ကျွမ်းကျင်သည့် သီတဂူဆရာတော်က ရန်ကုန်မြို့ရှိ အခမ်းအနားတစ်ခုတွင် ပြီးခဲ့သည့် မတ်လ ၂ဝ ရက်နေ့က အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို “သဒ္ဒါ၊ ပညာဖြင့်ပြည့်စုံသောမင်း”ဟု လူသိရှင်ကြား ချီးကျူးထောပနာပြုခဲ့သည်။
တိုင်းပြည်အာဏာကို လက်နက်အားကိုးဖြင့် အနိုင်ကျင့်လုယက်ပြီး ပြည်သူလူထု ရွာတွေမီးရှို့၊ လေယာဥ်များဖြင့် ဗုံးကြဲ၊ လက်နက်ကြီးဖြင့်ပစ်၊ ပြည်သူ့ စည်းစိမ်ဥစ္စာတွေကို လုယက်ဖျက်ဆီး၊ ပြည်သူတွေကို နည်းမျိုးစုံဖြင့် ဖမ်းဆီးညှဥ်းဆဲ ထောင်ချသတ်ဖြတ်နေသည့်စစ်ခေါင်းဆောင် မင်းအောင်လှိုင်အပေါ် သီတဂူဆရာတော်၏ ချီးကျူးပြောဆိုချက်က အင်မတန် စက်ဆုပ်ရွံရှာဖွယ်၊ အော့နှလုံးနာဖွယ် ဖြစ်သည်။
မြန်မာနိုင်ငံက ဆယ်ကျော်သက် ကလေးများကို”မင်းအောင်လှိုင်က “လူဆိုးလား လူကောင်းလား”ဟု မေးလျှင်”လူဆိုး၊ လူယုတ်မာ၊ လူသတ်သမား”ဟု အလွယ်တကူ အဖြေပေးကြလိမ့်မည်ဖြစ်သည်။
သည်လောက် ယုတ်မာရိုင်းစိုင်း ရက်စက်ကြမ်းကြုတ်နေသည့် မင်းအောင်လှိုင်လိုလူမျိုးကိုမှ”လူဆိုး လူမိုက်”ဟု မခေါ်လျှင် မည်သူ့ကို ခေါ်ရမည်နည်း။
ဆယ်ကျော်သက်ကလေးများပင် သိနေသော၊ လူဆိုးလူကောင်း အလွယ်တကူ ခွဲခြားနိုင်သောကိစ္စကို သီတဂူ ဆရာတော်ကဲ့သို့ မြန်မာနိုင်ငံတွင် နေလိုလလို ထင်ရှားသော ထေရ်ကြီးဝါကြီး ဆရာတော်ကြီးတပါးက အဘယ်ကြောင့် မခွဲခြားနိုင်သနည်း။
တကယ်တော့ နှစ်စဥ် လူပေါင်းသိန်းသန်းချီ၍ ဗုဒ္ဓမြတ်စွာဘုရား၏ တရားတော်များကို လှည့်လည် ဟောကြားနေသော သီတဂူ ဆရာတော်သည် အမှားအမှန် မခွဲခြားနိုင်သူ မဟုတ်ပါ။
ဆရာတော်အနေဖြင့် မင်းအောင်လှိုင်သည် ကိုယ့်ပြည်သူ ကိုယ်ပြန်သတ်နေသော မင်းဆိုးမင်းညစ်ဖြစ်မှန်း သိပါလျှက်နှင့် သစ္စာမဲ့သော မုသားစကားကို ဆိုခဲ့ခြင်းဟု စာရေးသူ ရိုးသားစွာ မြင်မိသည်။
မည်သည့်လဘ်လာဘ၊ အဆောင်အယောင် ဘွဲ့တံဆိပ်ဂုဏ်ဒြပ်များကို မျှော်ကိုး၍ ယခုလို ဘုရားဟောအဆုံးအမနှင့် ဆန့်ကျင်သောစကားကို ဆိုရသလဲဆိုတာ သီတဂူဆရာတော်ကြီးကိုယ်တိုင်ပဲ အသိဆုံး ဖြစ်ပေလိမ့်မည်။
မုသာဝါဒ (လိမ်လည်ပြောဆိုခြင်း) နှင့်ပတ်သတ်လျှင် အပျော်သဘော (ဟာသ)အနေဖြင့် လိမ်ညာတာမျိုးပင် မလုပ်ဖို့ ဗုဒ္ဓမြတ်စွာဘုရားက ဟောကြားတော်မူခဲ့သည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် မင်းအောင်လှိုင် ဦးဆောင်သောစစ်တပ်က ပြည်သူတင်မြှောက်ထားသော အစိုးရကို ဖမ်းဆီးပြီး လက်နက်အားကိုးဖြင့် အနိုင်ကျင့် အာဏာသိမ်းသည်။ ထို့နောက် ငြိမ်းချမ်းစွာ ဆန္ဒပြသော ပြည်သူများကို ကျည်အစစ်ဖြင့် လမ်းမများပေါ်တွင် ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်ခဲ့သည်။
ထိုစဥ်က သီတဂူဆရာတော်အပါအဝင် ရွှေကျင်ဂိုဏ်း ဦးဆောင်ဆရာတော်ကြီးများက စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဦးဆောင်သော စစ်ကောင်စီကို မင်းကျင့်တရား ၁ဝ ပါးနှင့်အညီ ပြုမူကျင့်သုံးဆောင်ရွက်ဖို့ စာထုတ်ပြန်ပြီး ဆုံးမသြဝါဒပေးခဲ့သည်။
မင်းအောင်လှိုင်ကလည်း ဆရာတော်ကြီးများ၏ ဆုံးမစကားကို တော်တော်အလေးထားသည်။ စာထုတ်ပြီးနောက် ပြည်သူတွေကို သတ်လိုက်တာ ၁၃ လအတွင်း လူ ၁၇၀၀ ကျော်သွားသည်။
သည်လို ကိုယ့်ပြည်သူ ကိုယ်ပြန်သတ်နေသော စစ်ခေါင်းဆောင်ကိုမှ သီတဂူဆရာတော်က သူတော်ကောင်းတရား ၇ ပါးတွင် ပါဝင်သည့်”သဒ္ဒါ၊ ပညာဖြင့် ပြည့်စုံသောမင်း”ဟု အခုတ်တရ ချီးကျူးလေတော့ သည်စကားက မင်းအောင်လှိုင် နှိပ်စက်သမျှ ကျောကော့အောင် ခံစားနေရသည့်ပြည်သူများအတွက် အင်မတန် ခါးသီးလှသည်။
လောက၌ အမှန်နှင့် အမှား၊ ဓမ္မနှင့် အဓမ္မကြားတွင် ကြားနေဟူ၍ မရှိ။ တချိန်က ၂ဝဝ၇ ရွှေဝါရောင်တော်လှန်ရေးအပြီး”လူမိုက်တို့၏ သွားရာလမ်း”ဟူသော တရားတော်ကို ဟောကြားပြီး စစ်အာဏာရှင် ဗိုလ်သန်းရွှေတို့ကို တရားဟောပလ္လင်ပေါ်မှ ပညာရှိနည်းဖြင့် ဆုံးမခဲ့သော သီတဂူ ဆရာတော်ကြီးသည် ယခုအခါမှာတော့ လူသတ်အကြမ်းဖက်ဝါဒီ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဖက်တွင် ရပ်တည်၍ တိုင်းပြည်နှင့် ဖိနှိပ်ခံ ပြည်သူလူထု (ဒကာ၊ ဒကာမများ) ကို ကျောခိုင်းခဲ့လေပြီဖြစ်သည်။
ဗာလာနံ (လူမိုက်) ကို အပေါင်းအသင်းပြု၍ ချီးကျူးထောပနာပြုခဲ့သော သီတဂူဆရာတော်ကြီး၏လုပ်ရပ်က သမိုင်းတွင် ဖျောက်ဖျက်၍ မရလောက်အောင် အမည်းစက် စွန်းထင်းခဲ့ပြီဖြစ်သည်။
ပုဂံမင်းဆက်တွင် နရသူ (ကုလားကျမင်း) သည် ဖခင် အလောင်းစည်သူမင်းကို ရွှေဂူကြီးဘုရားအတွင်း၌ စောင်၊ ခေါင်းအုံးတို့ဖြင့် ဖိသတ်ပြီး ပုဂံထီးနန်းကို လုယူ သိမ်းပိုက်ခဲ့သည်။ ယင်းသတင်းကိုကြားတော့ အစ်ကိုရင်းဖြစ်သူ မင်းရှင်စောက လူသူစုဆောင်းပြီး ပုဂံပြည်ကိုသိမ်းဖို့ ချီလာသည်။
မင်းရှင်စောကို မနိုင်မှန်းသိနေသည့် နရသူက သာသနာပိုင် ပံ့သကူမထေရ်ကို ချဥ်းကပ်ကာ “စစ်ဖြစ်လျှင့် ပုဂံပြည်သူတွေ သေကြေပျက်စီးမှာမို့ စစ်မပြုပါနှင့်၊ ထီးနန်းအသာတကြည် အပ်ပါမည်”ဟု မင်းရှင်စောကို ပြောပေးဖို့ ပန်ကြားသည်။
ပံ့သကူမထေရ်ကလည်း နရသူ ကတိမဖျက်ဖို့ပြောပြီး မင်းရှင်စောကို ပြောပေးသည်။ နရသူက အစ်ကိုဖြစ်သူ မင်းရှင်စောကို ထီးနန်းအပ်ကာ နံနက်ပိုင်းတွင် နန်းတက်ပွဲလုပ် ဘိသက်သွန်းပြီး ညပိုင်းတွင် ပွဲတော်စာ၌ အဆိပ်ခတ်ပြီး လုပ်ကြံသတ်ဖြတ်ပစ်သည်။
အဖေရင်းနှင့် အစ်ကိုရင်းကို ယုတ်မာကောက်ကျစ် ရက်စက်စွာ သတ်ဖြတ်ပြီး ပုဂံထီးနန်းကို အဓမ္မသိမ်းပိုက်လုယူသော နရသူမင်းလက်ထက်တွင် ပံ့သကူမထေရ်က သာသနာပိုင်ရာထူးဖြင့် ခပ်တည်တည်ဆက်နေပြီး နရသူဆီက ရသမျှ လာဘ်လာဘ အလှူခံတာ၊ ပင့်ဖိတ်သမျှ ကြွရောက်ချီးမြင့်တာ၊ သီလပေးတရားပေးတာ၊ အမှန်တရားကို မျက်ကွယ်ပြုပြီး စားကောင်းသောက်ကောင်းအောင် နရသူဘုရင်ကို ချီးကျူးတာမျိုး မလုပ်ခဲ့။
နရသူလုပ်ရပ်ကို ကန့်ကွက်ရှုံ့ချသည့်အနေဖြင့် သာသနာပိုင် ဆရာတော် ပံ့သကူမထေရ်က ပုဂံပြည်ကို စွန့်ခွာကာ သီဟိုဠ်ပြည်သို့ ကြွသွားခဲ့သည်။ မင်းဆိုးမင်းညစ်ကို ဆန့်ကျင်၍ တိုင်းသူပြည်သားများဘက်မှ ရပ်တည်ခဲ့သော သာသနာပိုင် ပံ့သကူမထေရ် ဖြစ်သည်။
မျက်မှောက်ကာလတွင် ပံ့သကူမထေရ်ကဲ့သို့ ပြည်သူဘက်မှ ရပ်တည်သော သာသနာပိုင်၊ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ နာမည်ကျော် တရားဟောဓမ္မကထိက အများအပြား မြန်မာနိုင်ငံတွင် ပေါ်ပေါက်စေချင်မိသည်။