
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၄ ရက်
ယနေ့သည် ဗြိတိသျှ အင်္ဂလိပ်ကိုလိုနီနယ်ချဲ့များလက်အောက်မှ မြန်မာနိုင်ငံသည် အချုပ်အခြာအာဏာ ပိုင်စိုးသော လွတ်လပ်သည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အဖြစ်ပေါ်ထွန်းခဲ့သော ၇၄ နှစ်မြောက် လွတ်လပ်ရေးနေ့ ဖြစ်သည်။
သို့သော် ယနေ့ကျရောက်သည့် “၇၄ နှစ်မြောက် လွတ်လပ်ရေးနေ့”အချိန်ကာလသမယသည် ယခင်ကာလများနှင့် မတူဘဲ မြန်မာနိုင်ငံကို လက်နက်အားကိုးဖြင့် အဓမ္မအာဏာသိမ်းယူထားသော၊ ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ပါမည်ဟူသောကတိသစ္စာကို ဖောက်ဖျက်သော သစ္စာမဲ့သည့် တိုင်းပြည်သစ္စာဖောက် စစ်တပ်ကို တနိုင်ငံလုံးက ဆန့်ကျင်တော်လှန်နေသည့် အချိန်ကာလဖြစ်ပေသည်။
အာဏာငန်းဖမ်းနေသည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သော မြန်မာစစ်တပ်သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားသော အရပ်သားအစိုးရခေါင်းဆောင်များကို မတရားဖမ်းဆီး၍ တိုင်းပြည်အာဏာကို လက်နက်အားကိုးဖြင့် အဓမ္မ သိမ်းယူခဲ့သည်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့် အစိုးရနှင့်လွှတ်တော် ခေါင်းဆောင်များ၊ နိုင်ငံရေးခေါင်းဆောင်များကို ဖမ်းဆီးထိမ်းသိမ်းလိုက်ရုံ၊ လမ်းမပေါ်က အကြမ်းမဖက်သော လူထုဆန္ဒပြပွဲများကို ရက်စက်စွာ ဖြိုခွင်းအကြမ်းဖက် သတ်ဖြတ်ပြရုံမျှနှင့် မြန်မာပြည်သူတို့ ကြောက်ရွံ့နောက်တွန့်သွားပြီး ၎င်းတို့ လိုလား တောင့်တသော ဖက်ဒရယ်ဒီမိုကရေစီပန်းတိုင်ကို စွန့်လွှတ်ကာ စစ်တပ်အုပ်ချုပ်မှုအောက် ပြားပြားမှောက်၍ လည်စင်းခံကြမည်ဟု တွက်ဆခဲ့သည်။
အထူးသဖြင့် Generation – Z များဖြစ်သည့် မျိုးဆက်သစ်လူငယ်များမှာ နိုင်ငံရေးစိတ်မဝင်စားဘဲ Facebook၊ TikTok၊ Youtube စသော လူမှုကွန်ရက်များ၊ ဗီဒီယိုအွန်လိုင်းဂိမ်းများနှင့်အပျော်အပါး၊ လောင်းကစား များဖြင့်သာ အချိန်ကုန်နေသောမျိုးဆက်ဟု စစ်ခေါင်းဆောင်များက အထင်သေးလျော့တွက်ခဲ့ကြသည်။
တကယ်တမ်းအာဏာသိမ်းချိန်မှာတော့ မြန်မာပြည်သူလူထုသည် အကြမ်းမဖက်သည့်နည်းဖြင့် အာဏာသိမ်း စစ်အုပ်စုကို တနိုင်ငံလုံး အုံကြွ၍ဆန့်ကျင်တော်လှန်ခဲ့ကြသလို အာဏာသိမ်းစစ်တပ်က ဆန္ဒပြပွဲများကို လူမဆန်စွာ အကြမ်းဖက်သတ်ဖြတ်နှိမ်နင်းချိန်တွင် ၎င်းတို့လျှော့တွက်ခဲ့သည့် Generation – Z လူငယ်မျိုးဆက်များက လက်နက်ကိုင်လမ်းစဉ်ဖြင့် အာဏာသိမ်းစစ်တပ်ကို တော်လှန်တိုက်ခိုက်ခဲ့ကြသည်။
ထို့ကြောင့် ယခင်က တိုက်ပွဲများမရှိခဲ့သည့် ချင်း၊ ကယား၊ စစ်ကိုင်း၊ မကွေးတိုင်းဒေသများတွင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – PDF များက စစ်ကောင်စီတပ်များကို အပြင်းအထန် ခုခံတိုက်ခိုက်ခဲ့ကြသလို
ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီ၊ မွန်ပြည်နယ်နှင့် နေပြည်တော်ကဲ့သို့ စစ်ကောင်စီရုံးစိုက်သည့် ဒေသမှာပင် PDF များက မြို့ပြပျောက်ကြားစစ်ဆင်ရေးများဖြင့် စစ်ကောင်စီကို အထိနာအောင် အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ကြသည်။
ထို့ပြင် ကချင်ပြည်နယ်၌ ကချင်လွတ်မြောက်ရေးတပ်မတော် – KIA ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) တွင်
ကိုးကန့် တပ်မတော် – MNDAA၊ ကရင်ပြည်နယ်တွင် ကရင့်အမျိုးသားအစည်းအရုံး – KNU ဦးဆောင်သော တပ်များနှင့် စစ်ကောင်စီအကြား တိုက်ပွဲများဖြစ်ပွားနေဆဲဖြစ်သည်။ ရခိုင်ပြည်နယ်မှလွဲ၍ တနိုင်ငံလုံးနီးပါး၌ ဖြစ်ပွားနေသည့်တိုက်ပွဲများအတွင်း အာဏာသိမ်း စစ်ကောင်စီတပ်သားများ အကျအဆုံးအထိအခိုက် များပြားနေသလို စစ်မျက်နှာ တိုက်ပွဲဧရိယာမှာလည်း တဖြည်းဖြည်း ကျယ်ပြန့်လာနေသည်။
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့် မှန်းချက်နှင့် နှမ်းထွက်မကိုက် ဆိုသလို သူတွက်ဆထားသည်ထက် မြန်မာပြည်သူလူထု၏ ဒီမိုကရေစီကို ခုခံကာကွယ်မှုက အဆပေါင်း များစွာ ပိုမိုပြင်းထန်သည့်အခြေအနေကို ကြုံတွေ့နေရပြီး ၎င်း၏ခါးပိုက်ဆောင် မြန်မာစစ်တပ်သည်လည်း သမိုင်းတလျှောက် အဆိုးရွားဆုံးသော အကြပ်အတည်းကို ရင်ဆိုင်နေရပြီဖြစ်သည်။
အာဏာသိမ်း စစ်တပ်သည် ကျေးရွာများကို မီးရှို့ခြင်း၊ ထင်သလို ဖမ်းဆီးခြင်း၊ မုဒိန်းကျင့်ခြင်း၊ ပြည်သူတို့၏ ပစ္စည်းများကိုလုယက်ဖျက်ဆီးခြင်း၊ စစ်ကြောရေးစခန်းများတွင် လူမဆန်စွာ နှိပ်စက်သတ်ဖြတ်ခြင်း၊ ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို ကားဖြင့်တိုက်၍ ဖြိုခွဲခြင်း၊ ဖမ်းထားသူများကို နှစ်ရှည် ထောင်ဒဏ်များ ချမှတ်ခြင်းနှင့် လူအစုလိုက်အပြုံလိုက် မီးရှို့သတ်ခြင်းစသည့် ကမ်းကုန်အောင်ရက်စက်သောနည်းလမ်းပေါင်းစုံဖြင့် “မြန်မာ့ နွေဦးတော်လှန်ရေး” ကျဆုံးသွားစေရန် ကြိုးပမ်းခဲ့ပြီးဖြစ်သည်။
သို့သော် မြန်မာပြည်သူလူထုသည် အာဏာသိမ်းစစ်တပ်၏ ကမ်းကုန်အောင်ရက်စက်မှုကို အံကြိတ်၍ ခါးစည်းခံရင်း “မြန်မာ့နွေဦးတော်လှန်ရေး အောင်ကိုအောင်ရမည်”၊ “ပေးဆပ်မှုများလေလေ အောင်မြင်ဖို့ နီးလေလေ”ဟူသော ယုံကြည်ချက်ဖြင့် ချီတက်ရင်း လူမဆန်သော၊ ပြည်သူ့လစာဖြင့် ပြည်သူကျွေးသော ထမင်းကိုစားပြီး ပြည်သူကိုပြန်သတ်နေသည့် မင်းအောင်လှိုင်၏ ဖက်ဆစ်စစ်တပ်ကို အပြင်းအထန် ခုခံတော်လှန်နေကြဆဲဖြစ်သည်။
စစ်တပ်က တိုင်းပြည်အာဏာသိမ်းခဲ့သောအချိန် ၁၁ လအတွင်း ပြည်သူပေါင်း ၁၃၉၈ ဦးမှာ လမ်းမများ၊ နေအိမ်များ၊ စစ်ကြောရေးစခန်းများ၊ အကျဉ်းထောင်များနှင့် စစ်ပွဲများအတွင်း စစ်ကောင်စီ၏သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရသလို လူပေါင်း ၁ သောင်း ၁ ထောင်ကျော် ဖမ်းဆီးခံထားရဆဲဖြစ်ကာ လူပေါင်း ၂ သိန်း
၂ သောင်းကျော်မှာလည်း တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည်။
ထိုကဲ့သို့ လူပေါင်းသိန်းနှင့်ချီ၍ အိုးပျက်အိမ်ပျက်၊ စီးပွားပျက်၊ ဘဝပျက်၊ အသက်စတေးကာ ပေးဆပ်ထားရသည့်အတွက် မြန်မာပြည်သူလူထုသည် “ငါတို့ သွေးအေးသွား၍မဖြစ်”၊ “စစ်အာဏာရှင်ကို ရှုံးနိမ့်၍ မဖြစ်”၊ “မြန်မာ့နွေဦးတော်လှန်ရေး အောင်ကိုအောင်ရမည်”၊ “ငါတို့မျိုးဆက်သည် စစ်အာဏာရှင်စနစ်ကြောင့် ဒုက္ခကြုံတွေ့ရသော နောက်ဆုံးမျိုးဆက် ဖြစ်ရမည်”၊ “စစ်အာဏာရှင်စနစ်သည် ငါတို့မျိုးဆက်တွင် နိဂုံးချုပ်စေရမည်။ နောင်မျိုးဆက်တွေ မကြုံစေရ”ဟူသော ယုံကြည်ချက်များဖြင့် အာဏာသိမ်း စစ်ကောင်စီကို တော်လှန်ဆန့်ကျင်နေကြခြင်းဖြစ်သည်။
မြန်မာပြည်သူလူထု၏ ခိုင်မာပြင်းပြသည့်ယုံကြည်ချက်များဖြင့် စုပေါင်းတော်လှန်နေခြင်းကြောင့် အာဏာသိမ်း စစ်ကောင်စီသည် သမိုင်းတလျှောက် မကြုံဖူးသည့်အကြပ်အတည်း၊ အခက်အခဲများဖြင့် ရင်ဆိုင်နေရပြီး “မြန်မာ့နွေဦး တော်လှန်ရေး”ကို ရပ်တန့်ကျဆုံးစေရန် လုပ်ဆောင်နိုင်မည့်နည်းလမ်း မရှိတော့သည့် အခြေအနေသို့ ဆိုက်ရောက်နေပြီဖြစ်သည်။
မြန်မာနိုင်ငံသားတို့သည် တိုင်းတပါးသားကို ဘုရားထူးရသည့် ဗြိတိသျှအင်္ဂလိပ်နှင့် ဖက်ဆစ်ဂျပန်တို့၏
လက်အောက်ခံ ကျွန်လူမျိုးမဟုတ်၊ သခင်လူမျိုးဖြစ်ကြောင်း ကောင်းစွာသက်သေပြခဲ့ကြသဖြင့် ၁၉၄၈ ခုနှစ်တွင် နယ်ချဲ့အင်္ဂလိပ်တို့ထံမှ နိုင်ငံတော်၏အချုပ်အခြာအာဏာကို ပြန်လည််ရယူ ပိုုင်ဆိုင်နိုင်ခဲ့ကြသည်။
ယခုလည်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက စတင်ပေါ်ပေါက်ခဲ့သည့် စစ်အာဏာသိမ်းမှုတွင် မြန်မာနိုင်ငံသား တို့သည် စစ်တပ်ကို သက်ဦးဆံပိုင်ဘုရင်ကဲ့သို့ ကြောက်ရွံ့ရသည့် စစ်ကျွန်များမဟုတ်၊ ဖက်ဒရယ် ဒီမိုကရေစီနှင့် ထိုက်တန်သော သခင်လူမျိုးများဖြစ်ကြောင်း “မြန်မာ့နွေဦးတော်လှန်ရေး” ခရီးလမ်းတလျှောက် ကောင်းစွာသက်သေပြခဲ့ကြပြီးဖြစ်သည်။
ထို့ကြောင့် မြန်မာနိုင်ငံသားအားလုံးတို့သည် လွတ်လပ်သော၊ လူ့အခွင့်အရေး အပြည့်အဝရထိုက်သော သခင်လူမျိုးများ ဖြစ်သည့်အလျှောက် ယခုတစ်ကြိမ်တွင် စစ်ကျွန်ဘဝမှ အတူညီညာစွာ အပြီးတိုင် ရုန်းထွက်ကြဖို့ ယနေ့ကျရောက်သည့် ၇၄ နှစ်မြောက် လွတ်လပ်ရေးနေ့တွင် တိုက်တွန်းနှိုးဆော်လိုသည်။
စစ်ကျွန်ဘဝက လွတ်မြောက်မှသာ လူဦးရေ ၅၄ သန်းကျော် မှီတင်းနေထိုင်သော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ အနာဂါတ် အောင်မြင်သာယာလှပမည် မဟုတ်ပါလော…
အယ်ဒီတာ