စစ်ကောင်စီ၏ တပ်မတော်နေ့အခမ်းအနားတွင် ချီတက်နေသည့် ကပစအကြီးစားစက်ရုံထုတ် သံချပ်ကာယန္တရားစစ်ကြောင်း (ဓာတ်ပုံ - ရိုက်တာ)

ဟိန်းစံ/ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၂ ရက်

အာဏာသိမ်း စစ်ကောင်စီလက်အောက်တွင် စစ်လက် နက်ပစ္စည်းများထုတ်လုပ်ပေးနေသည့် ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ရုံး(ကကထုတ်) ကို ပိတ် ဆို့အရေးယူလိုက်သည်ဟု အမေရိကန်နိုင်ငံက ထုတ်ပြန်ကြေငြာလိုက်သည်။
စစ်အာဏာသိမ်းပြီးနောက် လက်နက်မဲ့ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့သည့် ပြည်သူလူထူကို ရက်ရက်စက်စက်သတ်ဖြတ်ရာတွင် အသုံးပြုသည့် လက်နက်များကိုထုတ် လုပ်ပေးနေသဖြင့် ပိတ်ဆို့ အရေးယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယခင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေဦးဆောင်သည့် နအဖ စစ်အစိုးရလက်ထက်ကစ၍ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)လက်အောက်ရှိ ကာကွယ်ရေးပစ္စည်းအရာရှိချုပ် ရုံးမှအရာရှိချုပ်များသာ ပိတ်ဆို့ခံခဲ့ရသော်လည်း ယခုပိတ်ဆို့ခြင်းသည် ကာကွယ်ပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ရုံးနှင့်အတူ ၄င်း၏ လက်အောက်ရှိ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးတပ် (ကပစတပ်) အားလုံးပါဝင်ကြောင်း သိရသည်။
ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးအရာရှိချုပ်ရုံး(ကကထုတ်)သည် စစ်ကောင်စီ၏ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) လက်အောက်ရှိ ရုံးအမှတ် (၁၁) စစ်ဦးစီးလက် ရုံးဝန်ထမ်းတပ်အမျိုးအစားဖြစ်ပြီး စစ်လက်နက် ခဲယမ်းပစ္စည်းနှင့် ယာဥ်ယန္တရားထုတ်လုပ်သည့်တပ်များ၏ အရာရှိချုပ်ရုံး ဖြစ်သည်။
ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးအရာရှိချုပ်မှာ ဒု-ဗိုလ်ချုပ်ကြီး ကံမြင့်သန်း ဖြစ်ပြီး ၄င်း၏ လက် အောက်တွင် ဒုတိယ- အရာရှိချုပ်(စစ်လက်နက်) ဗိုလ်ချုပ် ရဲအောင်နှင့် ဒုတိယ-အရာရှိချုပ် (အကြီးစား) ဗိုလ်ချုပ် ကိုကိုလွင် တို့ ၂ ဦးက တာဝန်ယူဆောင်ရွက်နေသည်။
ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးအရာရှိချုပ်ရုံးတွင်စစ်လက်နက် ပစ္စည်းထုတ်လုပ်ရေးနှင့် ပတ်သတ်သည့် ခဲယမ်း၊ စစ်လက်နက်၊ ဒုံးလက်နက်၊ အမြောက်လက်နက်စသည့် ဌာနကြီး ၄ ခုနှင့် အကြီးစားထုတ်လုပ်ရေးအနေဖြင့် တင့်ကားနှင့်သံချပ်ကာယန္တရားဌာနကြီး ၄ ခုဖြင့် ဖွဲ့စည်းထားကာ အဆိုပါ ဒုတိယ-အရာရှိချုပ် ၂ ဦးက တာဝန်ယူ ဆောင်ရွက်နေသည်။ထို့ပြင် အုပ်ချုပ်မှုနှင့်ဝယ်ယူရေး၊ဘဏ္ဍာရေးဌာနကြီးများဖြင့်လည်း ဖွဲ့စည်းထားခြင်းဖြစ် ကြောင်း သိရသည်။
ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ရုံး၏ လက်အောက်တွင် ကာကွယ်ရေးပစ္စည်း စက်ရုံ ၂၅ တပ် (ကပစ ၁ မှ ၂၅)၊ တပ်မတော် အကြီးစားစက်ရုံ တကစ (၁/၂/၃/၁၀) ၄ တပ်၊ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးပစ္စည်းထိန်းသိမ်းရေးတပ်(ကထပ)၊ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုသင်တန်းကျောင်း(ကထက) စုစုပေါင်း ၃၁ တပ်ပါဝင်ပြီး ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ရုံးအပါအဝင် အဆိုပါ ကပစတပ်အားလုံးကို ပိတ်ဆို့အရေးယူခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ကပစတပ်များသည် မကွေးတိုင်း၊ မန္တလေးတိုင်း ၊ နေပြည်တော်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းတို့တွင်သာ တည် ရှိပြီး မကွေးတိုင်းအတွင်း အများဆုံးဖြစ်ကာ စုစုပေါင်း (၁၆) တပ်ရှိကြောင်း သိရသည်။
အဆိုပါ ကပစတပ်များမှ လက်နက်ကြီး၊ လက်နက်ငယ်၊လက်နက်ကြီး/ငယ်ကျည်ဆံမျိုးစုံ၊ ယမ်းပြင်းများ၊ ဘတ်နက်၊ လက်ပစ်ဗုံးအမျိုးမျိုး၊ မိုင်းအမျိုးမျိုးတို့ကို ထုတ် လုပ်လျက်ရှိသည်။
လက်နက်ကြီးတွင် ၆၀ မမ(မီလီမီတာ)၊ ၇၂ မမ ၊ ၈၁ မမ ၊ ၈၄ မမ စိန်ပြောင်းများ၊၁၀၅ မမ ဟောင်ဝစ်ဇာ၊၁၂၀ မမ ဟောင်ဝစ်ဇာ၊ ၁၂၂ မမ ဟောင်ဝစ်ဇာ၊ ၁၅၅ မမ ဟောင်ဝစ်ဇာစိန်ပြောင်းလက်နက်ကြီးများနှင့် ၄င်းတို့၏ ကျည်များ၊ လက်နက်ငယ်တွင် MA 1 မှ 12 ထိ (MA Series) မောင်းပြန်ရိုင်ဖယ်များနှင့်ပစ္စတိုများ၊ ၄င်းရိုင်ဖယ်များနှင့်တွဲဖက်ပစ်ခတ်သည့် ၅.၅၆ မီလီမီတာ၊ ၇.၆၂ မီလီမီတာ၊ ၉ မီလီမီတာ ကျည်ဆံများအပြင် TNT ယမ်း၊ ဘတ်နက်များ၊ နင်းမိုင်းအမျိုးမျိုး၊ လက်ပစ်ဗုံးအမျိုးမျိုးကိုထုတ် လုပ်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် အကြီးစားစက်ရုံများမှ ရုရှား၊ ယူကရိန်း၊ အစ္စရေး ၊ တရုတ်၊ားဘီးယားစသည့်နိုင်ငံများ ၏ နည်းပညာများဖြင့် MBT (Main Battle Tank) တင့်ကား၊ BTR အမျိုးအစားအပေါ့စားသံချပ်ကာယာဥ်များကိုလည်း အများအပြားထုတ်လုပ်ထားနိုင်ကြောင်း တပ်တွင်းသတင်းရင်း မြစ်များထံက သိရသည်။
စစ်လက်နက်ပစ္စည်းများနှင့်ယာဥ်ယန္တရားများ ထုတ် လုပ်မှု၏ကုန်ကြမ်းပစ္စည်းများဝယ်ယူရာတွင် ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ရုံး၏ ပစ္စည်းဝယ်ယူရေး ဌာနကြီးနှင့်အဓိကတွဲဖက် လုပ်ကိုင်နေသည့် GUHRING ကုမ္ပဏီအပါအဝင် စီမံကိန်းလုပ်ငန်းများတွင် ကပစတပ်များနှင့် တွဲဖက်ဆောင်ရွက်နေသည့် ကုမ္ပဏီများလည်းရှိကြောင်းစုံစမ်းသိရှိရသည်။
ကပစစစ်တပ်များကို လူသူအရောက်နည်းပြီး တောတောင်ထူထပ်သည့် နေရာများတွင် တည်ဆောက်ထားခြင်းဖြစ်ပြီး ၄င်းစက်ရုံများသို့အဝင်လမ်းများဖောက်လုပ်ခြင်း၊ စစ်လက်နက်ထုတ်လုပ်သည့် စက်ရုံအဆောက်အဦးနှင့် လူနေအဆောက်အဦးများကို တည်ဆောက်ရာ တွင် စစ်ကောင်စီလက်အောက်ရှိ ဆောက်လုပ်ရေးစစ်အင်ဂျင်နီယာတပ်(GE) တပ်များမှ ဆောက်လုပ်ခြင်းမဟုတ်ဘဲ စစ်တပ်နှင့်နီးစပ်သည့် အရပ်ဘက်ဆောက် လုပ်ရေးကုမ္ပဏီများက ဝင်ရောက်လုပ်ကိုင်နေခြင်းဖြစ် ကြောင်း သိရသည်။
စက်ရုံအဝင်လမ်း၊ စက်ရုံနှင့်လူနေအဆောက်အဦများကို စစ်တပ်နှင့်နီးစပ်သည့် ဆောက်လုပ်ရေးကုမ္ပဏီအုပ်စုများဖြစ်သည့် AMC (ယခု မင်းဓမ္မ) ကုမ္ပဏီ၊ ချမ်းဟိန်းကုမ္ပဏီ၊ Soe & Sons ကုမ္ပဏီစသည့်ကုမ္ပဏီများက တာဝန်ယူတည် ဆောက်ပေးနေခြင်းဖြစ်သည်။
အဆိုပါကုမ္ပဏီများအနေဖြင့် လက်ရှိအချိန်အထိ ကပစတပ်များနှင့်တွဲဖက်၍ လုပ်ဆောင်နေခြင်း ဖြစ်သည်။ သို့သော် အမေရိကန်အစိုးရ၏ ပိတ်ဆို့မှုစာရင်းတွင် ကပစတပ်များသာပါဝင်ပြီး ၎င်းတို့နှင့် တွဲဖက်လုပ်ကိုင်နေသည့်ကုမ္ပဏီများ မပါဝင်ကြောင်း သိရသည်။
“ဒီကပစတပ်တွေမှာ ကုန်ကြမ်းဝယ်ယူရာမှာ တွဲလုပ်နေတဲ့ကုမ္ပဏီတွေနဲ့ ဆောက်လုပ်ရေးပိုင်းတွေမှာ ဝင်လုပ်နေတဲ့ ကုမ္ပဏီတွေရှိတယ်။ အခုက ကပစတပ်အားလုံးကိုပိတ်ဆို့တာဆိုတော့ ဒီတပ်တွေနဲ့တွဲလုပ်နေတဲ့ ဆောက် လုပ်ရေးကုမ္ပဏီတွေနဲ့ အခြားကုမ္ပဏီတွေရော ဆက်လုပ်နေမယ်ဆိုရင် ပိတ်ဆို့တာတွေထဲကို ဒီကုမ္ပဏီတွေပါ ပါ လာနိုင်တယ်”ဟု ရန်ကုန်မြို့ရှိ နိုင်ငံရေးလေ့လာသုံးသပ်သူတဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ယခင် ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ဖြစ်ခဲ့သည့် ဒု-ဗိုလ်ချုပ်ကြီး သိန်းဌေးအပါ အဝင် ၄င်းနှင့်တွဲ ဖက်လုပ်ကိုင်ခဲ့သည့် စိုးမင်းထိုက်ကုမ္ပဏီတို့ကိုလည်း မြောက်ကိုရီးယားထံမှ စစ်လက်နက်ဝယ်ယူသည်ဟုဆိုကာ အမေရိကန်အစိုးရက ပိတ်ဆို့အရေးယူမှုပြုလုပ်ခဲ့ကြောင်း သိရသည်။
“အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုက ကကထုတ်နဲ့ပတ်သတ်ရင် သိပ်ပြီးတော့ အကျိုးသက်ရောက်မှု ရှိမှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ အရင်ကတည်းက စစ် လက်နက်ပစ္စည်း ထုတ်လုပ်ရေးနဲ့ပတ်သတ်ရင် တရုတ်၊ ရုရှား၊ ဆားဘီးယားနဲ့ ယူကရိန်းလိုနိုင်ငံတွေနဲ့ တွဲလုပ်နေတာ။ အထူးသဖြင့် တရုတ်နဲ့ ရုရှားပေါ့။ အဲတော့ စစ်အရာရှိကြီးငယ်တွေနဲ့ မိသားစုဝင်တွေအပေါ် သက် ရောက်မှုတော့ရှိမယ်။ ကပစနဲ့ ကုမ္ပဏီတချို့ အလုပ်တွဲမလုပ်ရဲတာ တွန့်ဆုတ်သွားတာ တချို့တော့ ရှိမယ်။ ဒါပေမယ့် မြန်မာပြည်ဒီမိုကရေစီ ပြန်လည်ရရှိရေးအတွက် အကျိုးသက်ရောက်မှု ကြီးကြီးမားမားရှိမယ်လို့တော့ မထင်မိဘူး”ဟု မကွေးတိုင်းမှ အငြိမ်းစား တပ်မတော်သားဟောင်းတစ်ဦးက သုံးသပ်ပြောဆိုသည်။
ကပစတပ်များသည် စစ်လက်နက်ထုတ်လုပ်ရေးစက်ရုံတပ်များဟုဆိုသော်လည်း စစ်အာဏာသိမ်းပြီးနောက် ဆန္ဒပြပြည်သူများအား ဖြိုခွဲခြင်း၊ တိုက်ခိုက်ရေးတပ်အင်အား ယုတ်လျော့လာသဖြင့် စစ်ဆင်ရေးနှင့်နယ်မြေလုံခြုံရေးများ ဆောင်ရွက်နေရပြီး စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းအများစု ရပ်ဆိုင်းထား ကြောင်း သိရသည်။
လက်ရှိ အမေရိကန်အစိုးရ၏ ပိတ်ဆို့အရေးယူမှုတွင် စစ်ကောင်စီ၏ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ရုံးအပြင်ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) စစ် ထောက်ချုပ်ရုံး (ကကထောက်)၊ မြန်မာနိုင်ငံစစ်မှု ထမ်းဟောင်းအဖွဲ့နှင့်စစ်ကောင်စီခန့် တိုင်းနှင့်ပြည်နယ်ဝန်ကြီး ချုပ် ၄ ဦးတို့လည်းပါဝင်ကြောင်း သိရသည်။