ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၁ ရက်
ဒီဇင်ဘာ ၁ဝ ရက်နေ့က ကျရောက်သည့် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့တွင် သန်းဆယ်နှင့်ချီသော မြန်မာပြည်သူများက အသံတိတ်သပိတ်ပြုလုပ်ဆင်နွှဲပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကာ အာဏာသိမ်း စစ်ကောင်စီအလိုမရှိကြောင်း တိတ်ဆိတ်စွာ ဆန့်ကျင်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
အာဏာသိမ်း စစ်အုပ်စုက အသံတိတ်သပိတ် – Silent Strike မအောင်မြင်စေရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် ခြိမ်းခြောက်အကြမ်းဖက်သော်လည်း မြန်မာပြည်သူများက ရဲဝံ့စွာဖြင့် အလုပ်ပိတ်၊ ဈေးဆိုင်ပိတ်၊ အပြင်မထွက်ဘဲ စညျးလုဲးညီညှတျစှာ ပြည်သူကိုအကြမ်းဖက်သတ်ဖြတ်နေသော စစ်ကောင်စီ အလိုမရှိကြောင်း တိတ်ဆိတ်မှုဖြင့် ဆန့်ကျင်တော်လှန်ခဲ့ကြသည်။
စည်းလုံးညီညွတ်မှုနှင့် ရဲရင့်မှုတို့ဖြင့် သက်သေပြခဲ့သော အသံတိတ်သပိတ်က အာဏာသိမ်း စစ်ကောင်စီကို တုန်လှုပ်ခြောက်ခြားစေခဲ့သည်။ အသံတိတ်သပိတ်သည် သိမ်မွေ့ပြီး အစွမ်းထက်သော ပြည်သူလူထု၏ လက်နက်ဖြစ်ခဲ့ပြီး အကြမ်းဖက်လူသတ် စစ်ကောင်စီကို အထိနာ အရှက်ရစေခဲ့သည်။
ထို့ပြင် မြန်မာပြည်သူများသည် ဒီမိုကရေစီကို မည်မျှအထိ လိုလားတောင့်တကြောင်း၊ ပြည်သူပေးသော အခွန်လစာငွေကိုစားသောက်ပြီး ပြည်သူကို အကြမ်းဖက်သတ်ဖြတ်နေသည့် အာဏာသိမ်း စစ်ကောင်စီကို လုံးဝ အလိုမရှိကြောင်းနှင့် လူ့အခွင့်အရေးများ အဆိုးရွားဆုံး ချိုးဖောက်ခံနေရသော မြန်မာနိုင်ငံ၏ အခြေအနေကို ကမ္ဘာကသိအောင် တိတ်ဆိတ်ငြိမ်သက်ခြင်းဖြင့် မကျယ်လောင်ဆုံး ကြွေးကြော်ခဲ့ကြသည်။
မြန်မာတနိုင်ငံလုံးပါဝင်သော စစ်အာဏာရှင်ဆန့်ကျင်ရေး အသံတိတ်သပိတ်က ကမ်ဘာ့သတင်းစာမျက်နှာများတွင် နေရာယူခဲ့ပြီး မြန်မာပြည်သူများ၏ ရဲရင့်မှုနှင့် စည်းလုံးညီညွတ်မှုကို ကမ္ဘာကပင်
အံ့သြချီးကျူးခဲ့ကြသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် အာဏာသိမ်းစစ်တပ်သည် အာဏာသိမ်းပြီးချိန် ဖေဖော်ဝါရီလကစ၍ လက်ရှိကာလအထိ ရက်စက်ကြမ်းကြူတ်သော နည်းလမ်းပေါင်းစုံသုံး၍ ပြည်သူလူထုကို ဖိနှိပ်အုပ်ချုပ်ရင်း ၎င်းတို့၏အုပ်ချုပ်မှုအာဏာ သက်ရောက်စေရန် အစွမ်းကုန် ကြိုးပမ်းခဲ့သည်။
သို့သော်လည်း မြန်မာပြည်သူလူထုသည် သွေးအေးမသွားဘဲ ဒုက္ခပေါင်းစုံ ခါးစည်းခံရင်း စစ်အာဏာရူးအုပ်စုကို ရရာနည်းလမ်းပေါင်းစုံဖြင့် ဆန့်ကျင်တော်လှန်မှုကြောင့် အာဏာသိမ်းစစ်တပ်မှာ အချိန် ၁ဝ လကျော်ကြာသည်အထိ တိုင်းပြည်ကို တည်ငြိမ်အောင် ထိမ်းသိမ်းနိုင်ခြင်းမရှိသလို မြန်မာစစ်တပ်၏ အာဏာသိမ်းမှုမှာလည်း ယခုအချိန်အထိ အောင်မြင်ခြင်း မရှိခဲ့ပေ။
မြန်မာ့နွေဦးတော်လှန်ရေးကာလ အချိန်ကြာလာသည်နှင့်အမျှ ပြည်သူလူထု၏ဆန့်ကျင်တော်လှန်မှုက ပိုမိုပြင်းထန်လာနေသည်။ မြန်မာတနိုင်ငံလုံး အင်တိုက်အားတိုက် ပါဝင်ခဲ့သော အသံတိတ်သပိတ်သည် အာဏာကို ရူးသွပ်တပ်မက်နေသော စစ်ကောင်စီ၏ အာဏာသိမ်းမှု အောင်မြင်ဖို့ရာခိုင်နှုန်း အလွန်နည်းပါးနေသည့်အချက်ကို အထင်အရှား လှစ်ဟပြလိုက်သည်။
အကြမ်းဖက်နေသူ စစ်ဘီလူး၊ ဖက်ဆစ် စစ်မိစ်ဆာများကို မြန်မာပြည်သူလူထုက အသံတိတိသပိတ်ဟူသော အကြမ်းမဖက်သည့်နည်းဖြင့် ထိုးနှက်အနိုင်ယူခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် အသံတိတ်သပိတ်သည် အာဏာသိမ်း စစ်အုပ်စု၏ ရှုံးနိမ့်ခြင်းသက်သေဖြစ်ပြီး မြန်မာပြည်သူလူထု၏ သွေးမစွန်းသော သမိုင်းဝင် ဒီမိုကရေစီအောင်ပွဲတစ်ခု ဖြစ်သည်။
တိုင်းပြည်အာဏာကို အဓမ္မနည်းဖြင့် သိမ်းပိုက်ရယူထားသော စစ်ကောင်စီအနေဖြင့် နောက်နောင် စွမ်းအားကြီးမားသော အသံတိတ်သပိတ်များ မြန်မာနိုင်ငံတွင် ထပ်မံမပေါ်ပေါက်ရေး နည်းပေါင်းစုံဖြင့် တားဆီးပိတ်ပင် ကြိုးပမ်းမည်မှာ ဧကန်မုချဖြစ်သည်။
သို့သော် ဒီဇင်ဘာ ၁ဝ ရက်နေ့က ကမ်ဘာကို ပြသခဲ့သည့် မြန်မာပြည်သူလူထု၏ အံ့သြဖွယ်ရာ စညျးလုဲးညီညှတျမှုနှငျ့ ရဲရင့်မှုက မည်သည့်တားဆီးခြိမ်းခြောက် ပိတ်ပင်မှုကိုမဆို ကျော်လွှားနိုင်ပြီး အာဏာသိမ်း စစ်ကောင်စီ ပြုတ်ကျပြိုလဲနိုင်သည်အထိ ကြီးမားသော စွမ်းအားသတ္တိရှိနေသည်။
အချုပ်ဆိုရသော် ကမ်ဘာ့ဒီမိုကရေစီသမိုင်းတွင် ၂၁ ရာစု၌ ရက်စက်ကြမ်းကြုတ်သော အာဏာသိမ်း စစ်အစိုးရကို အကြမ်းမဖက်ဘဲ အကြီးအကျယ် အထိနာ အရှက်ရစေသော လူထုလှုပ်ရှားမှုအဖြစ် “မြန်မာ့နွေဦးတော်လှန်ရေး၏ အသံတိတ်သပိတ်”က ကဗျည်းတင် သမိုင်းဝင်ခဲ့ပြီဖြစ်သည်။
အယ်ဒီတာ