ဆလိုင်းသန့်စင်/ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၃ ရက်
မအူပင်ခရိုင် ဆေးရုံအတွင်းရှိ ရင်ခွဲရုံသို့ နိုဝင်ဘာလ ၉ ရက်နေ့ ညပိုင်းက မအူပင်မြို့မရဲစခန်းမှ ပို့ဆောင်လာသော အမျိုးသမီး အလောင်းတစ်လောင်း ရောက်ရှိလာသည်။ အမျိုးသမီး၏ မျက်နှာ၊ လက်မောင်း၊ တင်ပါးအပါအဝင် ခန္ဒာကိုယ် အနှံ့အပြားတွင် ဒဏ်ရာများစွာ ရှိနေသည်။
အဆိုပါ ဒဏ်ရာဗလပွနှင့် သေဆုံးခဲ့သူက မတင်မော်လင်းဖြစ်သည်။ မအူပင်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက ခိုးမှုသံသယဖြင့် ဖမ်းဆီးစစ်ဆေးရင်း ညှဉ်းပန်းနှိပ်စက်မှုကြောင့် သေဆုံးခဲ့ရသူ ဖြစ်သည်။
“အလောင်းမှာ တွေ့ရတဲ့ ဒဏ်ရာတွေကတော့ မြင်ရက်စရာကို မရှိဘူး။ ရက်ရက်စက်စက်ကို ရိုက်နှက်ထားတာ”ဟု မအူပင်မြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
မတင်မော်လင်းသည် မအူပင်မြို့နယ် စည်ပင်ဌာန၏ အောက်ခြေသန့်ရှင်းရေးဝန်ထမ်းဖြစ်သည့် ကိုဇော်မော် (ခ) ကရင်လေး၏ ဇနီးဖြစ်ပြီး အသက် ၂၈ နှစ်အရွယ်ရှိကြောင်း သိရသည်။
ကိုဇော်မော်နှင့် မတင်မော်လင်းတို့ လင်မယား ၂ ယောက်တွင် သားသမီး ၃ ယောက်ရှိပြီး မိသားစု စားဝတ်နေရေးအတွက် ယောက်ျားဖြစ်သူက စည်ပင်ဌာနတွင် သန့်ရှင်းရေးဝန်ထမ်း အလုပ်လုပ်ပြီး မိန်းမဖြစ်သူက ဌာနဆိုင်ရာအရာရှိနေအိမ်များတွင် အဝတ်လျှော်၊ ထမင်းချက်၊ မီးပူတိုက်၊ သန့်ရှင်းရေးအလုပ်များကို အချိန်ပိုင်းလုပ်ကိုင်သည်။
နိုဝင်ဘာလ ၉ ရက်နေ့မှာတော့ မတင်မော်လင်းတို့ မိသားစုထံ ကံကြမ္မာဂြိုလ်ဆိုး ဝင်မွှေတော့သည်။ သူမ အလုပ်လုပ်သော မအူပင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒု-ဦးစီးမှူး အမျိုးသမီးအရာရှိတစ်ဦး နေအိမ်တွင် ရွှေထည်နှင့်ငွေသားတချို့ ပျောက်ဆုံးခဲ့သည်ဟုဆိုကာ အိမ်ရှင်များက မတင်မော်လင်းတို့ကို သူခိုးဟု စွပ်စွဲတော့သည်။
ထို့နောက် မအူပင်မြို့မရဲစခန်းကို အကြောင်းကြားခဲ့သည့်အတွက် ရဲစခန်းတပ်ဖွဲ့ဝင်များက မတင်မော်လင်းတို့ နေထိုင်ရာ မအူပင်မြို့၊ အမှတ် ၁ ရပ်ကွက်၊ စိမ်းမြကန်သာလမ်းရှိ စည်ပင်လိုင်းခန်း နေအိမ်သို့ ရောက်ရှိလာပြီး ခင်ပွန်းဖြစ်သူ ဇော်မော်(ခ) ကရင်လေးနှင့် ဇနီးဖြစ်သူ မတင်မော်လင်းတို့ လင်မယား ၂ ယောက်စလုံးကို ဖမ်းဆီးသွားခဲ့သည်။
“အဲဒီနေ့က မအူပင်စခန်းကနေ ရဲတွေရောက်လာပြီး မတင်မော်လင်းတို့ လင်မယား ၂ ယောက်စလုံးကို ဖမ်းသွားတယ်။ စခန်းမှာ လူခွဲပြီး စစ်တယ်။ ညဘက်ကျတော့ စစ်တဲ့ရဲတွေက အရက်တွေသောက် မူးရူးပြီးတော့ ရိုက်နှက်ကန်ကြောက်ပြီး စစ်ကြတာ”ဟု မအူပင်မြို့မရဲစခန်းနှင့်နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ရှင်းပြသည်။
ဧရာဝတီတိုင်းမ်သတင်းဌာန၏ စုံစမ်းချက်အရ ကိုဇော်မော်နှင့် မတင်မော်လင်းတို့ လင်မယားကို စစ်ဆေးသည့်အဖွဲ့တွင် မအူပင်မြို့မရဲစခန်းမှ နယ်ထိန်းရဲ ၅ ဦးနှင့် မအူပင်ခရိုင် ဒုစရိုက်နှိမ်နင်းရေး ရဲတပ်ဖွဲ့မှ အရာရှိ ၂ ဦးတို့ ဖြစ်ကြောင်း သိရသည်။
“မအူပင်စခန်းမှာ ရဲတွေက ညဘက်ဆို အရက်တွေမူးအောင်သောက်တယ်။ ပြီးရင် ဖမ်းလာတဲ့သူတွေကို စိတ်တိုင်းကျကို ကန်ကြောက်ရိုက်နှက်တာတွေ လုပ်နေတာ။ မတင်မော်လင်းကိုလည်း စစ်လိုက်၊ မေးလိုက်၊ ရိုက်လိုက် ကန်လိုက်လုပ်ရင်းကနေ သူကမျက်ဖြူလန်သွားရော။ တချို့က သေတော့မယ်ထင်တယ်နော်လို့ ပြောနေတာကို ဒီတိုင်းထားတာ မကြာခင် သေသွားရော”ဟု မအူပင်မြို့မရဲစခန်းနှင့်နီးစပ်သူက ပြောသည်။
ရဲတပ်ဖွဲ့၏ ညှဉ်းပန်းနှိပ်စက် ရိုက်နှက်စစ်ဆေးမှုကြောင့် သေဆုံးခဲ့သည့် မတင်မော်လင်း၏ ရုပ်အလောင်း ဓာတ်ပုံများကို မအူပင်မြို့ခံများက ဧရာဝတီတိုင်းမ်သတင်းဌာနထံ ပေးပို့လာခဲ့သည်။ အဆိုပါ ဓာတ်ပုံများထဲတွင် မတင်မော်လင်း၏ မျက်နှာမှာ ဖူးယောင်ညိုမည်းနေသည်။
လက် ၂ ဖက်စလုံးတွင်လည်း လက်ဖျံမှ လက်မောင်းအရင်းအထိ အညိုအမည်းအကွက်တွေ တန်းစီနေသည်။ တင်ပါး ၂ ဖက်စလုံးတွင်လည်း အရှိုးရာတွေ အထပ်ထပ်ဖြစ်နေပြီး နောက်ကြေယ ခါးပိုင်းမှ ပေါင်ရင်းအထိ ညိုမည်းနေသည့်အပြင် ပြင်းထန်စွာရိုက်နှက်ထားသည့်ဒဏ်ကြောင့် တင်ပါးအရေပြား များပင် ပေါက်ပြဲနေသည်။
ခန္ဓာကိုယ်အရှေ့ဘက် ပေါင်ရင်း ၂ ဘက်စလုံးလည်း ညိုမည်းနေပြီး ခြေသလုံးများနှင့် ကျောကုန်း တို့တွင်လည်း ရိုက်နှက်ကန်ကြောက်ထားသည့် ဒဏ်ရာတွေက ရေတွက်ဖို့ခက်လောက်အောင် များပြားနေသည်ကို တွေ့ရသည်။
“သိရသလောက်တော့ ကောင်မလေးကို မာလကာကိုင်းလိုမျိုး သစ်ကိုင်းအစိုနဲ့ တင်ပါးတွေကို အချက်ပေါင်းများစွာ ရိုက်တာ။ တင်ပါးမှာ အရှိုးရာတွေ ထပ်နေပြီး အရေပြားတွေတောင် ပေါက်ပြဲနေတယ်။ လုပ်ရပ်က အရမ်းကို လူမဆန်အောင် နှိပ်စက်ထားတာ။ မြင်ရက်စရာတောင် မရှိဘူး”ဟု မအူပင်မြို့ခံ တစ်ဦးက ပြောသည်။
မအူပင်ရဲတပ်ဖွဲ့၏ ဖမ်းဆီးနှိပ်စက်ခြင်း ခံရဖူးသူတချို့ကတော့ ရဲတပ်ဖွဲ့အနေဖြင့် မတင်မော်လင်း၏ ခန္ဒာကိုယ်အနှံ့ရှိ လက်မောင်း၊ တင်ပါး၊ ခြေသလုံး၊ ကျောကုန်း၊ ရင်သား၊ ပေါင်စသည့်နေရာများအား သစ်ကိုင်းအစို တုတ်ဖြင့်ရိုက်ခြင်း၊ ခြေထောက်ဖြင့် အချက်ပေါင်းများစွာ ရိုက်နှက်ကန်ကြောက်ခြင်း၊ လက်သီးဖြင့် ထိုးကြိတ်ခြင်း၊ ပါးရိုက်ခြင်းများဖြင့် နှိပ်စက်ခဲ့သည်ဟု ယူဆရကြောင်း ပြောဆိုကြသည်။
“မတင်မော်လင်းခန္ဓာကိုယ်မှာ တွေ့ရတဲ့ဒဏ်ရာတွေက သစ်ကိုင်းအစိုကိုမှ ကြီးတဲ့သစ်ကိုင်းနဲ့ကို အချက်ပေါင်းများစွာ ရိုက်ထားတာ။ လက်သီးနဲ့ ထိုးကြိတ်၊ ပါးရိုက်တာ၊ ခြေထောက်နဲ့ကန်ထားတဲ့ ဒဏ်ရာတွေလည်း ပါတယ်။ အဓိကတော့ ရဲတွေက မူးရူးပြီး စိတ်ထင်တိုင်းကို ရိုက်နှက်တာတွေ လုပ်နေတာ။ ကျနော့်တုန်းကလည်း ခံခဲ့ရတယ်”ဟု မအူပင်မြို့မစခန်းတွင် ချုပ်နှောင်ရိုက်နှက်ခံရဖူးသူ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ရှင်းပြသည်။
မအူပင်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၏ ညှဉ်းပန်းနှိပ်စက်မှုကြောင့် မတင်မော်လင်းမှာ နိုဝင်ဘာ ၉ ရက်နေ့ညက သေဆုံးခဲ့သလို ယောက်ျားဖြစ်သူ ကိုဇော်မော်(ခ) ကရင်လေးမှာလည်း တင်ပါးကို တုတ်ဖြင့် အချက်ပေါင်းများစွာ ရိုက်နှက်ခံရပြီး တင်ပါး ၂ ဖက်စလုံး၏ အရေပြားများ ညိုမည်းပေါက်ပြဲသည့် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
ရဲတပ်ဖွဲ့က ညှဉ်းပန်းနှိပ်စက်ရင်း လက်လွန်၍ သေဆုံးခဲ့သူ မတင်မော်လင်း၏ ရုပ်အလောင်းကို မအူပင်မြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့က ညတွင်းချင်းပင် မအူပင်ခရိုင်ဆေးရုံကြီးရှိ ရင်ခွဲရုံသို့ ပို့ဆောင်ခဲ့သည်။
“ရဲတွေက အလောင်းကို ဆေးရုံလာပို့ချိန်မှာ ဒီကောင်မလေးက စစ်နေရင်း တက်ပြီးသေပါတယ် ဆိုပြီး လာပို့သွားတာ” ဟု အမည်မဖော်လိုသည့် မအူပင်မြို့ခံတစ်ဦးက ပြောသည်။
သေဆုံးသူ မတင်မော်လင်းတွင် ကိုယ်ဝန် ၃ လကျော်ရှိသည်ဟု မအူပင်မြို့ခံတချို့က ပြောဆိုသော်လည်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့ကို ဧရာဝတီတိုင်းမ်သတင်းဌာနက ဆက်သွယ်မေးမြန်းရာတွင် မအူပင် ရဲစခန်း၌ အမျိုးသမီးတစ်ဦး သေဆုံးသည်မှာမှန်သော်လည်း ကိုယ်ဝန်ရှိ၊ မရှိ အတည်မပြုနိုင်ကြောင်း ပြောဆိုသည်။
ရဲတပ်ဖွဲ့ဝင်များ၏ ရိုက်နှက်ညှဉ်းပန်းနှိပ်စက်မှုကြောင့် မတင်မော်လင်း သေဆုံးခဲ့ပြီး ၂ ရက်အကြာတွင် ရွှေထည်နှင့် ငွေသားတချို့ ပျောက်ဆုံးခဲ့သည်ဆိုသော မအူပင်ခရိုင် ထွေအုပ်ဌာနမှ ဒုဦးစီးမှူး အရာရှိနေအိမ်၌ ပျောက်ဆုံးပစ္စည်းများ ပြန်တွေ့ခဲ့ကြောင်း သိရသည်။
“အဲဒီ ဒုဦးစီးမှူးအိမ်မှာပဲ ပျောက်နေတဲ့ပစ္စည်းတွေ ပြန်တွေ့တယ်။ သူတို့ အထားမှားသွားတာပါလို့ ပြောတယ်။ သူတို့နေရာအထားမှားတာ အရေးမကြီးဘူး၊ မတင်မော်လင်းကတော့ ရဲတွေနှိပ်စက်ခံရလို့ သေသွားပြီ”ဟု မအူပင်မြို့ခံတစ်ဦးက ခံပြင်းဒေါသဖြစ်စွာဖြင့် ပြောပြသည်။
ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့ကတော့ မတင်မော်လင်း သေဆုံးမှုကို မအူပင်မြို့မရဲစခန်း၌ သေမှုသေခင်း ဖွင့်လှစ်၍ စစ်ဆေးနေပြီး မြို့မရဲစခန်းရှိ တာဝန်ရှိသူအဆင့်ဆင့်ကို ခုံရုံးဖွဲ့၍ စစ်ဆေးသွားမည်ဟု ဆိုသည်။
“ဒီအမှုနဲ့ပတ်သတ်ပြီးတော့ လောလောဆယ် သေမှုသေခင်း ဖွင့်ထားပြီး စစ်ဆေးနေပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သတ်ပြီး ရဲလုပ်ထုံးလုပ်နည်းအတိုင်း စုံစမ်းစစ်ဆေးရေး ခုံရုံးဖွဲ့ပြီး စစ်ဆေးဆောင်ရွက်သွားဖို့ စီစဉ်နေပါတယ်”ဟု ဧရာဝတီတိုင်းရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး ထွန်းရွှေက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ရဲတပ်ဖွဲ့၏ ညှဉ်းပန်းနှိပ်စက်မှုကြောင့် တင်ပါး ၂ ဖက်စလုံးတွင် ဒဏ်ရာများစွာရရှိထားသည့် စည်ပင်ဌာန သန့်ရှင်းရေးဝန်ထမ်း ကိုဇော်မော်(ခ) ကရင်လေးကို ရဲစခန်းမှ ပြန်လွှတ်ပေးလိုက်ကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း ဧရာဝတီတိုင်းမ်သတင်းဌာနအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိပါ။
ပျောက်ဆုံးခဲ့သည်ဆိုသောပစ္စည်းများမှာ အဆိုပါ ဒု-ဦးစီးနေအိမ်၌ ပြန်လည်တွေ့ရှိခဲ့သည့်အတွက် မတင်မော်လင်းတို့ လင်မယား ၂ ယောက်စလုံးတွင် အပြစ်မရှိကြောင်း ပေါ်ပေါက်ခဲ့သည်။ သို့သော် မအူပင် မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၏ အပြင်းအထန် ညှဉ်းပန်းနှိပ်စက်မှုကြောင့် မတင်မော်လင်းမှာ ဒဏ်ရာဗလပွဖြင့် သေဆုံးခဲ့ရသလို သူမ၏ ကလေး ၃ ဦးမှာလည်း မိခင်မဲ့ခဲ့ရပြီ ဖြစ်သည်။
“ဒီဖြစ်စဉ် သိရတော့ တကယ်စိတ်မကောင်းဘူးဗျာ။ မဖြစ်သင့် မဖြစ်ထိုက်တဲ့ကိစ္စကြီး။ ခိုးမှုဆိုတာလည်း သာမာန်လောက်စစ်ရင် ရပါပြီ။ ဒီလိုထိုးကြိတ်ရိုက်နှက်ပြီး သေတဲ့အဆင့်ထိအောင်လုပ်တယ်ဆိုတော့ မအူပင်မြို့အနေနဲ့ အင်မတန် စိတ်မကောင်းစရာကောင်းတယ်။ ဒါက မအူပင်မှာဖြစ်တာ ပထမဦးဆုံး အကြိမ်ပဲ။ ဒီကိစ္စနဲ့ပတ်သတ်လို့ ကျနော်တို့ မအူပင်မြို့ခံတွေကတော့ လုံးဝကို မကျေနပ်ဘူး”ဟု မအူပင်မြို့ခံတစ်ဦးက ပြောဆိုသည်။
ရဲတပ်ဖွဲ့၏ ညှဉ်းပန်းနှိပ်စက်ခံရမှုကြောင့် သေဆုံးခဲ့သူ အသက် ၂၈ နှစ်အရွယ် မတင်မော်လင်း၏ ရုပ်အလောင်းကို နိုဝင်ဘာ ၁၂ ရက်နေ့က မအူပင်သုဿာန်တွင် မီးသဂြိုလ်ခဲ့ကြောင်း သိရသည်။
ဒီလိုဖြစ်စဉ်မျိုး ကျူးလွန်တာဟာ လုံးဝမလုပ်သင့်တဲ့ကိစ္စပါ၊ တကယ်ဆို တရားခံလိုယူဆရရင်တောင် ရဲတို့ တက်တဲ့ ပညာနဲ့သာ အမှုကို ပေါ်အောင် စစ်မေးရမှာပါ။ ရဲသင်တန်းကျောင်းမှာလည်း သင်ပေးတဲ့ အထဲမှာ တရားခံကို ရိုက်နှက်စစ်မေးတာမျိုးလုပ်ဖို့ မပါပါဘူး။ အခုဖြစ်တဲ့ ဖြစ်စဉ်က ပုံရိပ်ကျဆင်းနေတဲ့ ရဲတပ်ဖွဲ့ကို အောက်ဆုံးထိရောက်အောက် ကန်ချသလို ဖြစ်နေတာပေါ့”ဟု ရဲတပ်ဖွဲ့ဝင်ဟောင်း တဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
၂၀၁၈ ခုနှစ်၊ မတ်လက ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်ရှိ ပိုးလောင်းရဲကင်းစခန်းတွင် ခိုးမှုသံသယဖြင့် အမျိုးသား ၂ ဦးကို ရဲတပ်သားများက ပလပ်စတစ်ကြိုးများနှင့် ရေသန့်ဘူးများကို မီးရှို့၍ ပေါင် ၂ ဖက်စလုံးနှင့် အမျိုးသား လိင်အင်္ဂါများပေါ်သို့ ကော်ရည်ပူအစက်ချ နှိပ်စက်ညှဉ်းပန်းမှုများ ဖြစ်ပွားခဲ့သည်။
ယင်းအဖြစ် အပျက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် – NLD ပါတီဦးဆောင်သောအစိုးရလက်ထက်တွင် ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။ ထိုသို့ လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်မှုကြောင့် ပိုးလောင်းရဲစခန်းမှ ပြစ်မှု ကျူးလွန်သူ ရတပ်ဖွဲ့ဝင် ၃ ဦးနှင့် တာဝန်ခံအရာရှိတချို့ ထောင်ကျခဲ့သလို ရဲကင်းစခန်း ၁ ခုလုံးနီးပါး အရေးယူခံခဲ့ရသည်။
လက်ရှိ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော အာဏာသိမ်းစစ်ကောင်စီလက်ထက်တွင် မအူပင်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၏ ညှဉ်းပန်းနှိပ်စက်မှုကြောင့် အသက် ၂၈ နှစ်အရွယ် အမျိုးသမီးတစ်ဦး ဒဏ်ရာဗလပွဖြင့် သေဆုံးခဲ့သည့်အဖြစ်အပျက် ပေါ်ပေါက်လာသည်။ ဒီဖြစ်စဉ်အပေါ် စစ်ကောင်စီက မည်ကဲ့သို့ အရေးယူဆောင်ရွက်မည်ဆိုတာကို မအူပင်မြို့ခံများက စိတ်ဝင်တစား စောင့်ကြည့်နေကြသည်။
ဓာတ်ပုံ – CJ