ဆောင်းပါးရှင် – စစ်ဝေးသော်
အောက်တိုဘာ ၂၃ ရက်

ယခုလကုန်ပိုင်းတွင် ကျင်းပမည့်အာဆီယံထိပ်သီးအစည်းအဝေးသို့ မြန်မာအာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တက်ရောက်ခွင့်ပြုမည် မဟုတ်ကြောင်း အာဆီယံအဖွဲ့ကြီးက အောက်တိုဘာ ၁၅ ရက်နေ့တွင် ဆုံးဖြတ်ခဲ့သည်။
ယင်းဆုံးဖြတ်ချက်မှာ မြန်မာအာဏာသိမ်း စစ်ခေါင်းဆောင်အတွက် နိုင်ငံတကာစင်မြင့်နှင့်  သံတမန်ရေးရာ မျက်နှာစာတွင် အလွန်အထိနာစေသော ဒုတိယမြောက်ကိစ္စ ဖြစ်လာခဲ့သည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၄ ရက်မှ ၂၇ ရက်နေ့အထိ ကျင်းပခဲ့သည့် ၇၆ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံတွင်လည်း NUG အစိုးရ ကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းနှင့် အာဏာသိမ်း စစ်ကောင်စီ ကိုယ်စားလှယ် ဗိုလ်မှူးကြီး အောင်သူရိန်တို့ ယှဥ်ပြိုင်အရွေးခံခဲ့ကြသည်။
ထိုယှဥ်ပြိုင်မှုတွင် NUG ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုသာ ကုလသမဂ္ဂက ဆက်လက်အသိအမှတ်ပြု ခန့်အပ်ခဲ့သဖြင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ စစ်ကောင်စီက “လေလှိုင်းအစိုးရ”ဟု အမြဲလှောင်ပြောင်ခဲ့သော NUG အစိုးရကို ၎င်းတို့ ရှုံးနိမ့်ခဲ့သည်။
ယခုတစ်ကြိမ်တွင်လည်း ပထဝီနိုင်ငံရေးအရ အလွန်အရေးပါပြီး နိုင်ငံတကာ မျက်နှာစာနှင့် သံတမန်ရေးရာတွင် အာဏာသိမ်း စစ်အပ်စု၏ အားကိုးဖွယ်ရာ အနည်းငယ်ထဲမှ တစ်ခုအပါအဝင်ဖြစ်သော အာဆီယံအဖွဲ့က ထိပ်သီးအစည်းအဝေး တက်ခွင့်မပြုဟူသော သမိုင်းဝင် ဆုံးဖြတ်ချက် ချမှတ်ခဲ့သည်။

အာဆီယံအဖွဲ့ကလည်း ယင်းဆုံးဖြတ်ချက်ကို အကြောင်းမဲ့ ချမှတ်ခဲ့ခြင်းတော့ မဟုတ်။ အခြေခံ အကြောင်းတရားတွေ ရှိသည်။
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်သော ပြည်သူများအား စစ်ကောင်စီက ရက်စက်စွာ အကြမ်းဖက်သတ်ဖြတ်ဖြိုခွဲနေသည့်အတွက် အာဆီယံအဖွဲ့က ပြီးခဲ့သည့် ဧပြီလ ၂၄ ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံ၌ မြန်မာ့အရေး အရေးပေါ်အစည်းအဝေး ကျင်းပခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် –

၁။ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ပြီး သက်ဆိုင်သူအားလုံး ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြရန်၊

၂။ ပြည်သူတွေရဲ့အကျိုးစီးပွားအတွက် ငြိမ်းချမ်းတဲ့အဖြေတစ်ခု ရအောင် သက်ဆိုင်သူအားလုံး အပြုသဘော ဆွေးနွေးကြရန်၊

၃။ အာဆီယံအတွင်းရေးမှူးချုပ်ရဲ့ အကူအညီနဲ့ ဆွေးနွေးရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်နိုင်အောင် အာဆီယံဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ်တစ်ယောက်က ကြားဝင်ညှိနှိုင်းပေးရန်၊

၄။ အာဆီယံအသင်းရဲ့ လူသားချင်းစာနာမှု အကူအညီပေးရေးဌာနကတဆင့် မြန်မာနိုင်ငံကို အကူအညီတွေပေးရန်၊

၅။ သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံဖို့ အာဆီယံအထူးကိုယ်စားလှယ်နဲ့အဖွဲ့ မြန်မာနိုင်ငံကို စေလွှတ်ရန် – စသည့် အချက် ၅ ချက်ကို ဘုံသဘောတူညီခဲ့ကြသည်။

အဆိုပါ ဘုံသဘောတူညီမှု ၅ ချက်ကို လိုက်နာအကောင်အထည်ဖော်ရန် အာဆီယံအဖွဲ့က အာဏာသိမ်း စစ်ကောင်စီအား တိုက်တွန်းခဲ့သည်။

သို့သော် ရက်စက်ကြမ်းကြူတ်ပြီး ခေါင်းမာသော အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က “ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက်”ထုံးကို နှလုံးမူကာ အာဆီယံနှင့် နိုင်ငံတကာ၏တောင်းဆိုမှုကို ဂရုမစိုက်ဘဲ မြန်မာပြည်သူများအား ယခင်အတိုင်း ဖမ်းဆီး နှိပ်စက်၊ ထောင်ချ သတ်ဖြတ်မှုများ ဆက်လက်လုပ်ဆောင်ခဲ့သည်။

အာဆီယံအထူးကိုယ်စားလှယ် မစ္စတာအီရာဝန် ယူဆွတ်က မြန်မာပြည်လာရောက်မည့်ခရီးစဥ်တွင် ဖမ်းဆီးထိမ်းသိမ်းခံထားရသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပေးရန် တောင်းဆိုခဲ့သော်လည်း စစ်ကောင်စီက ငြင်းဆန်ပယ်ချခဲ့သည်။
ဘုံသဘောတူညီမှု ၅ ချက်ကို လိုက်နာရန် အာဆီယံကသာ တဖွဖွပြောသော်လည်း အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်မင်းအောင်လှိုင်က တချက်ကလေးမှ ဂရုမစိုက် အလျော့အတင်း အပေးအယူမလုပ်၊ လိုက်နာဆောင်ရွက်ခြင်းမရှိခဲ့။

ဒီလိုအနေအထားကို အာဆီယံက လက်ခံပြီး ဗိုလ်မင်းအောင်လှိုင်ကို ဆက်လက်အလျော့ပေး ဆက်ဆံနေပါက အာဆီယံအဖွဲ့၏ဂုဏ်သိက္ခာ အကြီးအကျယ်ကျဆင်းရမည့် အခြေအနေ၊ နိုင်ငံတကာ မျက်နှာစာတွင် အရှက်ရမည့်အခြေအနေ ကြုံတွေ့ရဖွယ် ရှိလာသည်။
ထို့ကြောင့် “ထင်ရာစိုင်းနေသော မင်းအောင်လှိုင် အာဆီယံထိပ်သီးအစည်းအဝေး လာမတက်နဲ့တော့”ဟု အာဆီယံအဖွဲ့က ခပ်ပြတ်ပြတ် လုပ်ပြလိုက်ခြင်း ဖြစ်သည်။

အဆိုပါ ဆုံးဖြတ်ချက်က အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်အတွက်တော့ သံတမန်ရေးရာ ကျဆုံးခြင်း၏ အဆုံးသတ် ခေါင်းလောင်းသံဖြစ်သည်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကတော့ သူ့ကို အာဆီယံထိပ်သီးအစည်းအဝေ မဖိတ်တာ လုံးဝမကျေနပ်။ အာဆီယံ၏ဆုံးဖြတ်ချက်က ဘေးထွက်ဆိုးကျိုး ဖြစ်လာမည်ဟုပင် အာဆီယံကို ခြိမ်းခြောက်လိုက်သေးသည်။

ပြီးတော့ အာဆီယံပဋိညာဥ်အချက်များကို ထောက်ပြပြီး အစည်းအဝေးတက်ခွင့်ရှိကြောင်း စစ်ကောင်စီက ဇွတ်တောင်းဆိုသည်။ အာဆီယံကတော့ တုတ်တုတ်မျှ မလှုပ်။ စစ်ကောင်စီ၏ တောင်းဆိုချက် သတိပေးချက်တွေကို မသိကျိုးကျွံပြုထားသည်။

မင်းအောင်လှိုင်အတွက်တော့ ကုလသမဂ္ဂနှင့် နိုင်ငံတကု အသိုင်းအဝိုင်းမှာ တိုးမရဖြစ်နေသည့်အထဲ အာဆီယံလို ဒေသတွင်းနိုင်ငံများ အဖွဲ့အစည်းမှာပင် လူတောမတိုးသည့်အခြေအြေ ဆိုက်ရောက်နေပြီဖြစ်ပြီး သံတမန်ရေးအရ ကျဆုံးခန်းသို့ ရောက်ရှိနေပြီဖြစ်သည်။