ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၃ ရက်

ဦးလင်းသန့်သည် မြန်မာပြည်သူများ၏မဲပေးရွေးချယ်မှုအရ ပေါ်ပေါက်လာသည့် အမျိုးသားညီညွတ်ရေးအစိုးရ – NUG ၏ ဥရောပနိုင်ငံများတွင် ပထမဦးဆုံးခန့်အပ်သော ချက်သမ္မတနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ် ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိှုင် ဦးဆောင်သည့် တပ်မတော်က ဖေဖော်ဝါရီ ၁ ရက်နေ့တွင် နိုင်ငံ့အာဏာ သိမ်းယူပြီးသည့်နောက်ပိုင်းတွင် ဦးလင်းသန့်သည် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ – CRPH နှင့်
NUG အစိုးရတို့ကို ကိုယ်စားပြု၍ နိုင်ငံတကာအစိုးရများနှင့် တွေ့ဆုံဆွေးနွေးမှုများစွာ ပြုလုပ်ခဲ့ပြီး ပြည်သူ တင်မြှောက်ထားသော CRPH နှင့် NUG အစိုးရတို့ကို နိုင်ငံတကာမှ အသိအမှတ်ပြုလက်ခံရေး၊ အာဏာသိမ်း စစ်ကောင်စီအား နိုင်ငံတကာအစိုးရများမှ အသိအမှတ်မပြုရေးနှင့် စီးပွားရေးအရ ပိတ်ဆို့အရေးယူမှု လုပ်ငန်းစဉ်များ ပေါ်ပေါက်လာအောင ကြိုးပမ်းဆောင်ရွက်ခဲ့သူတစ်ဦး ဖြစ်သည်။

နိုင်ငံရေးလှုပ်ရှားမှုကြောင့် သေဒဏ်ချမှတ်ခံရပြီးမှ ပြန်လည်လွတ်မြောက်ခဲ့သူ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးလင်းသန့်သည် CRPH နှင့် NUG အစိုးရကို ကိုယ်စားပြု၍ နိုင်ငံတကာ ဆက်ဆံရေးဆောင်ရွက်နေသလို စစ်အာဏာရှင် စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်ရေးအတွက် အာဏာသိမ်း စစ်ကောင်စီကို ခုခံတော်လှန် နေကြသော ပြည်တွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များနှင့်လည်း တွေ့ဆုံ ဆွေးနွေးမှုများပြုလုပ်နေသူလည်း ဖြစ်သည်။

ထိုသို့ “မြန်မာ့နွေဦးတော်လှန်ရေး” ပြီးမြောက်အောင်မြင်ရေးအတွက် ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်နေသော NUG အစိုးရ၏ ချက်သမ္မတနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ် ဦးလင်းသန့်ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ဆွေးနွေးမှုအခြေအနေ၊ NUG အစိုးရကို နိုင်ငံတကာ လက်ခံမှုအခြေအနေ၊ မြန်မာ့အရေးကို တွေ့ဆုံဆွေးနွေး အဖြေရှာဖို့ ရှိမရှိ၊ မြန်မာ့နွေဦးတော်လှန်ရေး၏လက်ရှိအခြေအနေများကို ဧရာဝတီတိုင်းမ်သတင်းဌာနက ဆက်သွယ် မေးမြန်းာထးပါသည်။

မေး – NUG အစိုးရအနေနဲ့ နိုင်ငံတကာမှာ ဘယ်လောက်အထိ အာဏာသိမ်းစစ်ကောင်စီအပေါ် သံတမန်ရေးအရ အသာစီးရယူထားနိုင်ပြီလဲ။

ဖြေ – လက်ရှိ NUG အစိုးရရဲ့လုပ်ငန်းစဉ်တွေ၊ ဆောင်ရွက်မှုတွေဟာ နိုင်ငံတကာမျက်နှာစာမှာ ထင်ထင်ရှားရှား အောင်မြင်နေပါတယ်။ အထင်ရှားဆုံး သာဓကအနေနဲ့ပြရရင် လက်ရှိ ကုလသမဂ္ဂမှာ ဦးကျော်မိုးထွန်းရဲ့ အခန်းကဏ္ဍလို့ ပြောနိုင်ပါတယ်။ သူဟာ မြန်မာနိုင်ငံကိုယ်စားပြုကိုယ်စားလှယ်အဖြစ်၊ NUG အစိုးရဲ့ ကိုယ်စားလှယ် အဖြစ်နဲ့ ၁ နှစ် ဆက်ပြီးတော့ တာဝန်ထမ်းဆောင်ခွင့် ရရှိထားပါတယ်။ ဒါဟာ အထင်ရှားဆုုံး မြင်နိုင်တဲ့ ပြယုဂ်ဖြစ်တယ်လို့ ပြောနိုင်ပါတယ်။

မေး – NUG အစိုးရအနေနဲ့ မြန်မာပြည်သူတွေရဲ့မျှော်လင့်ချက်ကို အကောင်အည်ဖော် ဆောင်ရွက်ရာမှာ၊ မြန်မာ့ နွေဦးတော်လှန်ရေး အောင်မြင်ဖို့ ကြိုးပမ်းရာမှာ ဘာအခက်အခဲတွေရှိနေလဲ။

ဖြေ – သေချာတာတခုက ကျနော်တို့ NUG က ပြည်သူ့အသံကို လေးလေးစားစား နားထောင်တယ်။ ပြည်သူ့ဆန္ဒတွေကို အလေးအနက် အကောင်အထည်ဖော်နေတယ်။ ဒီလိုအကောင်အထည်ဖော်တဲ့နေရာမှာ ကျနော်တို့ NUG ဝန်ကြီးဌာနအသီးသီးအနေနဲ့ ဘက်ပေါင်းစုံကနေ အကောင်အထည်ဖော်နေကြတာ ဖြစ်တယ်။

ဒီကာလက တော်လှန်ရေးကာလ ဖြစ်တဲ့အတွက် NUG အစိုးရက တော်လှန်ရေး အစိုးရဖြစ်တယ်။ တချို့ကိစ္စတွေမှာ
ပွင့်ပွင့်လင်းလင်းပြောရရင် သတင်းထုတ်ပြန်လို့ မရတာတွေ အများကြီးရှိပါတယ်။ ပြည်သူ့အတွက် ကျနော်တို့ အကောင်းဆုံး ကြိုးစားတယ်။ အနာဂတ်မှာ အာမခံချက်ရှိတဲ့ ဖယ်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် အာမခံချက် ရှိတဲ့နည်းလမ်းပေါင်းစုံကို ဘက်ပေါင်းစုံက အကောင်းဆုံး ကြိုးစားနေတယ်လို့ ပြောနိုင်ပါတယ်။

မေး – စစ်တပ်က အာဏာသိမ်းတဲ့နောက်ပိုင်းမှာ စစ်ကောင်စီကလည်း သူတို့ကိုယ်သူတို့ အိမ်စောင့်အစိုးရ ဆိုပြီး ကြေညာတယ်။ NUG ကလည်း ပြည်သူ့အစိုးရအဖြစ်နဲ့ ကြေညာဆောင်ရွက်နေတယ်။ နိုင်ငံတကာက ဘယ်သူ့ကို အစိုးရအဖြစ် လက်ခံပါတယ်ဆိုတဲ့ကြေညာမှုတွေကလည်း အများကြီးမတွေ့ရသေးတဲ့အခါမှာ ပြည်သူတချို့ အားမလို အားမရ ဖြစ်ကြတာ ရှိပါတယ်။ ဒါနဲ့ပတ်သတ်လို့ ဘာပြောချင်ပါသလဲ။

ဖြေ – ကျနော့်ကို ချက်သမ္မတနိုင်ငံအစိုးရက NUG အစိုးရ ကိုယ်စားလှယ်အဖြစ်နဲ့ နိုင်ငံရေးအရ တရားဝင် လက်ခံလိုက်တယ်ဗျာ။ ဒါက ထင်ရှားတဲ့ပြယုဂ်ပါ။ အလားတူပဲ ကျနော်တို့မြန်မာကိုယ်စားလှယ်တွေကို ဆက်တိုက်
ခန့်အပ်ထားနိုင်ပြီ။ ထပ်ပြီးတော့လည်း ခန့်အပ်မယ့်နိုင်ငံတွေရှိနေတယ်။ ဒါတွေက အစိုးရအဖွဲ့ပုံစံအတိုင်း သွားနေတာပါ။

ပြည်သူလူထု အားမလိုအားမရဖြစ်တာက စစ်ကောင်စီဘက်ကနေပြီးတော့ ကျနော်တို့ကို ဆိုက်ဝါး (စိတ်ဓာတ် စစ်ဆင်ရေး) နည်းနဲ့ ကျနော်တို့ရဲ့ ညီညွတ်ရေးတွေ၊ စည်းလုံးမှုတွေကို ဖြိုကွဲအောင်လုပ်တဲ့အယူအဆတမျိုးပါ။
ကျနော်တို့နဲ့ ပြည်သူကြားမှာ တသားတည်းရှိနေတယ်။ ကျနော်တို့က ပြည်သူကို ယုံကြည်တယ်။ ပြည်သူကလည်း NUG ကို ယုံကြည်တယ်။ ကျနော်တို့ NUG အစိုးကလည်း ပြည်သူရဲ့အားနဲ့ တကမ္ဘာလုံးမှာရှိတဲ့ နိုင်ငံတကာနဲ့ ချိတ်ဆက်ဆောင်ရွက်ပြီးတော့ မောင်းနှင်နေတာ ဖြစ်ပါတယ်။ ကျနော်တို့ဟာ တဖြည်းဖြည်းနဲ့ အောင်ပွဲက တလှမ်းခြင်းနဲ့ ဆက်တိုက်ရနေတယ်။

ကျနော်တို့မှာ သံတမန်ရေးမျက်နှာစာရှိတယ်။ လူထုလှုပ်ရှားမှုမျက်နှာစာရှိတယ်။ စစ်ရေးမျက်နှာစာတွေ ရှိတယ်။ မျက်နှာစာတွေအားလုံးမှာ တလှမ်းခြင်းနဲ့ စနစ်တကျနဲ့ ဆောင်ရွက်နေတာပါ။ အောင်မြင်မှုက ဆက်တိုက်ရရှိ နေပါတယ်။

မေး – တချို့သော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ၊ တိုင်းရင်းသားလက်နက်အဖွဲ့တွေက ပြောတယ်။ စစ်ကောင်စီကို သူတို့ပြုတ်ကျတဲ့အထိ တိုက်မယ်။ အောင်မြင်သွားတဲ့အခါ NUG က ကြေညာထားတဲ့လမ်းပြမြေပုံအတိုင်းသွားဖို့ တောင်းဆိုတယ်။ NUG ကတိ မဖျက်ပါနဲ့လို့ ပြောတယ်။ ဒါနဲ့ပတ်သတ်ပြီးတော့ ဘာများမှတ်ချက် ပြုချင်ပါသလဲ။

ဖြေ – ကျနော်တို့ NUG အနေနဲ့ သေချာပေါက်ပြောနိုင်တာက အခုသွားနေတဲ့ တော်လှန်ရေးက လူထုဦးဆောင်တဲ့ တော်လှန်ရေး ဖြစ်ပါတယ်။ ပံ့ပိုးတဲ့အနေနဲ့ တော်လှန်ရေးအစိုးရတရပ်အနေနဲ့ ကျနော်တို့ လုပ်ဆောင်တဲ့အခါမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ကျနော်တို့နဲ့ မိတ်ဖက်ဆက်ဆံရေးတည်ဆောက်ပြီး တသားတည်း ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

လမ်းပြမြေပုံကလည်း အဲ့ဒီကတိအတိုင်း ဆောင်ရွက်နေတာပါ။ ပဋိညာဉ်ဆိုတာ အာမခံချက်ပေးတာပါ။ ပဋိညာဉ်ဆိုတာ ကတိသစ္စာပါ။ ဒီပဋိညာဉ်ကြီးဟာ အလကားနေရင်းပေါ်လာတာ မဟုတ်ပါဘူး။ ဒီပဋိညာဉ်ဟာ အာမခံချက်ရှိတဲ့ ပဋိညာဉ်ဖြစ်တယ်။ ဒါဟာ ရှင်းလင်းပြတ်သားပါတယ်။ တချို့က စိုးရိမ်မှုတွေသော်လည်းကောင်း၊ တချို့က ပြီးခဲ့တဲ့ ၅ နှစ်တာကာလအတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ အတိတ်က အကြောင်းတွေကြောင့် သံသယတွေ ရှိနေတယ်။ အဲဒီသံသယတွေ ဒီအချိန်မှာ ရှင်းသင့်ပြီ၊ နားလည်သင့်ပြီလို့ ကျနော် နားလည်တယ်။

ဒီအခြေအနေမှာ အသိတွေ၊ အတွေးအခေါ်တွေ၊ အမြင်တွေဟာ ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ရှိသင့်ပြီ။ အဲဒါမှ ရပ်တည်ချက်က ပြတ်သားပါမယ်။ ကျနော်တို့ NUG ရဲ့ရပ်တည်ချက်က ရှင်းလင်းတယ်။ အသိလည်း ရှင်းတယ်။ အတွေးအခေါ်လည်း ရှင်းတယ်။ ဒါကြောင့် ပြီးခဲ့တဲ့အချိန်ကာလတွေနဲ့ မတူဘဲနဲ့ စုပေါင်းဦးဆောင်မှုနဲ့ အခုသွားနေတယ်။ NUG ဟာ ဗမာတွေ၊ ကရင်တွေ၊ ကချင်တွေ၊ ချင်းတွေချည်းပဲ ကိုယ်စားပြုတာ မဟုတ်ဘူး။ လူထုအားလုံးကို ကိုယ်စားပြုပြီး ဖြစ်ပေါ်လာတာဖြစ်လို့ ကျနော်တို့ဖွဲ့စည်းထားတဲ့ ဖွဲ့စည်းမှုမှာတင် ထင်ရှားတယ်လို့ ပြောနိုင်ပါတယ်။

ကျနော်တို့ရဲ့ အာမခံချက်၊ ကျနော်တို့ရဲ့ ပဋိညာဉ်ဟာ တိုင်းရင်းသားတွေနဲ့ပတ်သတ်လာရင် တသားတည်း ရှိတယ်၊ အနာဂါတ်အတွက်ပါ ကျနော်တို့ ပြင်ဆင်ထားတာ ဖြစ်ပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးလုပ်ငန်း တွေကို ရေတိုရေရှည် စီမံကိန်းပေါင်းများစွာနဲ့ စီစဉ်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

မေး – အားလုံးနဲ့သက်ဆိုင်နေတဲ့ မြန်မာနိုင်ငံအတွက် အရမ်းအရေးကြီးတဲ့ကာလဖြစ်တဲ့ “မြန်မာ့နွေဦးတော်လှန်ရေး” မှာ တချို့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ ဝင်မပါဘဲ ရပ်ကြည့်နေတယ်လို့ ပြည်သူတချို့တွေ ယူဆနေကြပါတယ်။ ဒါနဲ့ပတ်သတ်ပြီး ဘယ်လိုများ ရှင်းပြနိုင်ပါသလဲ။

ဖြေ – အဲဒီမေးခွန်းအတွက် ကျေးဇူးတင်ပါတယ်။ ကျနော်က တိုင်းရင်းသားလက်နက်ကိုင် တော်တော်များများနဲ့
ထိတွေ့ဆောင်ရွက်ပါတယ်။ ဘယ်အဖွဲ့ကို ရည်ညွန်းတယ်ဆိုတာ ကျနော်တို့ ရိပ်မိပါတယ်။ နားလည်ပါတယ်။

ကျနော်တို့ မြန်မာနိုင်ငံရဲ့နိုင်ငံရေးက သိမ်မွေ့တယ်။ တိုင်းရင်းသားအရေးက ပိုပြီးသိမ်မွေ့ပါတယ်။ ပိုပြီးတော့လည်း ရှုပ်ထွေးပါတယ်။ ကျနော်တို့ လုပ်ကိုင်ဆောင်ရွက်တဲ့နေရာမှာ အသေအချာပြောနိုင်တာကတော့ ဒီတော်လှန်ရေးမှာ တိုင်းရင်းသားလက်နက်ကိုင်အားလုံး ပါဝင်တယ်ဆိုတာ ကျနော်အတိအလင်း ပြောချင်ပါတယ်။ ပေါ်ပေါ်တင်တင် ပါဝင်တာ ရှိတယ်။ အမည်မခံဘဲနဲ့ပါဝင်တာရှိတယ်။ လူပါဝင်တာ ရှိတယ်။ ဒီလိုမျိုးရှိပါတယ်။ အဲဒါတွေကို ဒီတချိန်မှာ ပြောဖို့စောနေသေးတယ်။

ကျနော်တို့နိုင်ငံရဲ့ နိုင်ငံရေးရှုပ်ထွေးမှုတွေ၊ အခင်းအကျင်းတွေကြောင့် ကျနော်တို့က အခုချိန်မှာ ဒီကိစ္စတွေ ပြောလို့ မရသေးပါဘူး။ ကျနော်အလေးအနက် ထပ်ပြောပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အားလုံး ဒီတော်လှန်ရေးမှာ ပါဝင်နေတယ်ဆိုတာ ကျနော်ပြောနိုင်ပါတယ်။

မေး – လက်ရှိမှာ စစ်ကောင်စီအနေနဲ့ တဖြည်းဖြည်း အင်အားချည့်နဲ့လာတယ်။ သံတမန်ရေးမှာလည်း မအောင်မြင်သလို ဘက်ပေါင်းစုံမှာ အရေးနိမ့်နေတယ်။ အာဏာသိမ်းမှုကလည်း အခုထိ မအောင်မြင်သေးဘူးလို့ ပြောကြတယ်။ ဒီအခြေအနေမှာ စစ်အုပ်စုက NUG နဲ့ ဆွေးနွေးလိုတဲ့အသံတွေ ထွက်လာတယ်။ စစ်အုပ်စုကို ထောက်ခံတဲ့အင်အားစုတွေကနေတဆင့် တွေ့ဆုံဆွေးနွေးလိုတဲ့အသံတွေ လွှင့်လာတယ်။ နိုင်ငံကြီးတချို့ကလည်း ကြားဝင်ဆောင်ရွက်ပေးမယ်ဆိုတဲ့အသံလည်း ကြားရတယ်။ အဲတော့ စစ်အုပ်စုက NUG ကို တွေ့ဆုံဆွေးနွေးဖို့
ကမ်းလှမ်းလာခဲ့မယ်ဆိုရင် ဘယ်လိုသဘောထားမျိုး ရှိပါသလဲ။

ဖြေ – ကျနော်တို့ဘက်က လောလောဆယ်အခြေအနေ၊ လက်ရှိအခြေအနေမှာ တွေ့ဆုံဆွေးနွေးဖို့ မရှိပါဘူး။
သို့သော် နိုင်ငံတကာ မျက်နှာစာမှာ ကျနော်တို့ ပြောထားတဲ့အတိုင်း ဆွေးနွေးဖို့လမ်းကြောင်း၊ တွေ့ဆုံဆွေးနွေးရေး တံခါးပေါက်ဆိုတာ ဖွင့်ထားပါတယ်။ မြန်မာနိုင်ငံ လွတ်လပ်ရေး ယူတာတောင် ဆွေးနွေးပြီးမှ ယူခဲ့ကြတာပါ။ သို့သော် ဆွေးနွေးတယ်ဆိုတဲ့နေရာမှာ မဆွေးနွေးခင် အခြေအနေတွေကို Pre Conditions (အကြိုသဘောတူညီမှု) ရှိဖို့ လိုအပ်တယ်။

ဥပမာ သေဆုံးသွားခဲ့တဲ့သူတွေနဲ့ ပက်သက်ပြီး တာဝန်ခံမှု၊ တာဝန်ယူမှု ရှိရမယ်။ အရေးယူ ဆောင်ရွက်မှု ရှိဖို့လိုတယ်။ သူတို့ကျူးလွန်ခဲ့တဲ့အမှုတွေ အများကြီးအတွက် သူတို့တာဝန်ယူရမယ်။ အပြစ်မရှိဘဲ ဖမ်းဆီးထိန်းသိမ်းထားတဲ့ သူတွေကို ပြန်လွှတ်ပေးဖို့လိုမယ်။ နစ်နာသွားတဲ့ မိသားစုတွေ၊ နစ်နာသွားတဲ့ နိုင်ငံသားတွေအတွက် သူတို့ တရားရင်ဆိုင်ရမယ်။ ဒီလိုအခြေအနေမျိုးတွေမရှိဘဲ ကျနော်တို့ ဘယ်လိုတွေ့ဆုံဆွေးနွေးမလဲ။

ကျနော်တို့ ပြည်သူလူထုက အခုအချိန်မှာ လုံးဝဆုံးဖြတ်ချက်ချထားပြီးပါပြီ။ လောလောဆယ်မှာ ဆွေးနွေးစရာ မရှိဘူးဆိုတဲ့ ပြည်သူလူထုရဲ့ဆုံးဖြတ်ချက်နဲ့ ကျနော်တို့က နိုင်ငံရေးအရ ဆွေးနွေးပွဲဆိုတဲ့တံခါးကို ဖွင့်ထားတယ်ဆိုပေမယ့် လက်ရှိအချိန်မှာ လမ်းစမရှိသေးပါဘူး။

ဆွေးနွေးတယ်ဆိုတာ အကြောင်းမဲ့ဆွေးနွေးလို့ မရပါဘူး။ အကြောင်းတရားတွေများကြီးစုစည်းပြီးမှ ဆွေးနွေးလို့ ရပါတယ်။ လက်ရှိအခြေအနေအရ ကျနော်တို့ဟာ နိုင်ပွဲတွေဆက်နေတယ်။ သူတို့သည် မြန်မာနိုင်ငံမှာ တာဝန် ပျက်ကွက်နေတဲ့စစ်တပ်ကြီးတစ်ခုလုံးကို ပြင်ဆင်ဖို့၊ စစ်ကောင်စီနဲ့ စစ်အာဏာရှင်စနစ် ကျဆုံးဖို့အတွက် ကျနော်တို့ သွားနေကြတယ်။ သူတို့ဘက်က ဆုံးရှုံးမှုတွေ၊ နစ်နာမှုတွေ အခြေမဟန်တော့မှ ဒီအသံပစ်လာတာဖြစ်တယ်။ ကျနော်တို့ ယုံကြည်မှုမရှိဘူး။

စစ်တပ်ဟာ တလျှောက်လုံးမှာ ပေးထားတဲ့ကတိတွေကို ချိုးဖောက်ခဲ့တယ်။ ၉၀ ရွေးကောက်ပွဲမှာ ချိုးဖောက်တယ်။ အခု ၂၀၂၀ ရွေးကောက်ပွဲကို ထပ်ပြီးချိုးဖောက်တယ်။ သူတို့ဟာ နိုင်ငံတော်နဲ့ နိုင်ငံတကာအဆင့်မှာတောင်မှ ပေးထားတဲ့ကတိတွေကို ချိုးဖောက်ပြီး အခုလိုလုပ်တာတွေဟာ ကျနော်တို့ ပြည်သူလူထုအပါအဝင် နိုင်ငံတကာ ကလည်း ယုံကြည်မှုမရှိတော့ဘူး။ ဒီလောက်လိမ်ညာကောက်ကျစ်ပြီး ကတိသစ္စာဖောက်ဖျက်တဲ့အဖွဲ့အစည်းမျိုးဟာ မြန်မာနိုင်ငံမှာ ဘယ်လိုမှမရှိသင့်တော့ဘူး။

သူတို့သည် အကြမ်းဖက်အဖွဲ့အစည်းဖြစ်တယ်။ သူတို့လုပ်ကိုင်ဆောင်ရွက် နေတာသည် တပ်မတော်တစ်ရပ် မဟုတ်တော့ဘူး။ ဒါကြောင့် ကျနော်တို့မှာ Security sector reform ဆိုတဲ့ အစီအစဉ်ရှိတယ်။ ဒါကြောင့် PDF တွေ ဖွဲ့တယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ စုစည်းပြီးတော့ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် ပေါ်ပေါက်ရေးအတွက် တည်ဆောက်ကြိုးပမ်းနေတာဖြစ်တယ်။ ဒီလိုအခြေအနေကျမှ ကျနော်တို့ဆွေးနွေးပါမယ်ဆိုပြီး ကမ်းလှမ်းတာဟာ ပြည်သူလူထုကလည်း မလိုလားသလို ကျနော်တို့အနေနဲ့ အဆင့်သင့်မဖြစ်သေးဘူးလို့ ပြောချင်ပါတယ်။