
ဧရာ၀တီတိုင်းမ်
ဇန်နဝါရီ ၁၅ ရက်
ရှမ်းမြောက်၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာရှိ စစ်ကောင်စီ၏ ခလရ (၁၂၃) တပ်ရင်းကို ယမန်နေ့ ဇန်နဝါရီ ၁၄ ရက်နေ့တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က တိုက်ခိုက် သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။
KIA သည် ယမန်နေ့တွင် စစ်ကောင်စီ၏ ခလရ ၁၂၃ တပ်တွင်းသို့ အပြင်းအထန် ထိုးစစ် ဆင်၀င်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ အဆိုပါတပ်တွင်းသို့ လေကြောင်းဖြင့် ပြန်လည်၍ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်ကောင်စီတပ်သားများ ခေတ္တရှောင်ပုန်း နေစဉ် KIA ဘက်မှ ၀င်ရောက်သိမ်းဆည်း နိုင်ခဲ့ခြင်းဖြစ်ကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်ထံက သိရသည်။
“လေယာဉ်နဲ့ဗုံးကြဲဖို့ တပ်ရင်းထဲကလူတွေက ခေတ္တဆုတ်သွားတယ်။ အဲဒီတော့မှ ကျွန်တော်တို့ လေကြောင်းကာကွယ်ရေးတပ်တွေက ပြန်ပစ်တော့ လေယာဉ်လည်း အနားမကပ်နိုင်ဘဲ အဝေးကနေပဲ မှန်းပစ်နေရတာ။ အဲဒီအချိန်မှာ အလုံးအရင်းနဲ့တပ် ရင်းထဲ၀င်သိမ်းတာ။ သူတို့ဗျူဟာမှားသွားတာပေါ့”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။
အဆိုပါ ခလရ-၁၂၃ ကို ပြီးခဲ့သည့် ဒီဇင်ဘာ ၂၉ ရက် နေ့ကတည်းက ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်ပြီး ယခုလ၀က်အကြာတွင် အလုံးစုံ သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ခလရ-၁၂၃ တပ်စခန်းသည် သိန္နီ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၆) လက်အောက်ခံဖြစ်ပြီး မြေပြင်ထောက်ပို့ လမ်းကြောင်းများ ဖြတ်တောက် ခံရသည့် အတွက် စစ်ကောင်စီက စစ်ကူနှင့်ရိက္ခာများကို လေကြောင်းမှ ပေးပို့နေရသည့် တပ် လည်း ဖြစ်သည်။
ကွတ်ခိုင်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများ အားလုံးတိုက်ခိုက်သိမ်းပိုက် ခံရသော်လည်း နမ့်ဖတ်ကာရှိ ခလရ-၁၂၃ သည် လေကြောင်းပစ်ကူနှင့် စစ်ကူများယူကာ ပြန်လည်ခုခံတိုက်ခိုက်နေခြင်းဖြစ်သည်။
“ခလရ ၁၂၃ ရဲ့တပ်မဌာနချုပ်ဖြစ်တဲ့ သန္နီ စကခ-၁၆ တောင်လက်နက်ချသွားတာ။ သူကပေပြီး တိုက်ကျန် နေတာ။ စစ်ဗျူဟာအဓိကကျတဲ့လမ်းလည်းပေါက်တာမဟုတ်ဘဲ ဘာရည်ရွယ်ချက်ကြောင့် တောင့်ခံနေတာလဲဆိုတာ မသဲကွဲဘူး။ မြေပြင်ထောက်ပို့ လည်းမရှိတော့ တပ်ရင်းမှူးကတစ်ချိန်လုံး လေကြောင်းစစ်ကူ ခေါ်နေတာ။ ထူးတော့ ထူးဆန်းတယ်”ဟု CDM ဗိုလ် ကြီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ယင်းသို့တင်းခံပြီး ခုခံတိုက်ခိုက်နေသည့် ခလရ ၁၂၃ တပ်ရင်းမှူး ဗိုလ်မှူးရဲကျော်သည် စိတ်ကျန်းမာရေးအခြေ အနေအားနည်းနေပြီး နှစ်လလုံးလုံး ကတုတ်ကျင်းထဲမှမထွက်ဘဲ နမ့်ဖတ်ကာရွာထဲသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခိုင်းကာ နေအိမ်အချို့ကိုလည်း မီးရှို့ ဖျက်ဆီးမှုများ ပြုလုပ်ခိုင်းခဲ့ကြောင်း သိရသည်။
ပုံစာ- စစ်ကောင်စီ၏ လေကြောင်းပစ်ကူနှင့် လက်နက်ကြီးများကြောင့် ပျက်စီးနေသော နမ့်ဖက်ကာရွာ
#ရှမ်းမြောက် #ကွတ်ခိုင် #နမ့်ဖတ်ကာ #စစ်ကောင်စီ #ခလရ၁၂၃ #KIAသိမ်းပိုက် #Ayeyarwaddy_Times