ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၅ ရက်

ထိုင်ဝမ် ရွေးကောက်ခံသမ္မတ လိုင်ချင်တေးကို ချီးကျူးဂုဏ်ပြုတဲ့ ဂျပန် နိုင်ငံခြားရေးဝန်ကြီး ယိုကိုကာမီ ကာဝါရဲ့ ထုတ်ပြန်ချက်ကို ပြတ်ပြတ်သားသား ကန့်ကွက်တယ်လို့ ဂျပန်နိုင်ငံရှိ တရုတ်သံရုံးက တနင်္ဂနွေနေ့မှာ ပြောပါတယ်။

ထိုင်ဝမ် သမ္မတရွေးကောက်ပွဲရလဒ်ကို ကြေညာပြီးနောက် ဇန်နဝါရီလ ၁၃ ရက်က ဂျပန် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ဝဘ်ဆိုဒ်မှာ ဖော်ပြခဲ့တဲ့ ထုတ်ပြန်ချက်မှာ ကာမီကာဝါက လိုင်ချင်တေးရဲ့ ရွေးကောက်ပွဲအနိုင်ရရှိမှု ကို ချီးကျူးဂုဏ်ပြုကာ ထိုင်ဝမ်ဟာ ဂျပန်နိုင်ငံရဲ့ အလွန် အခရာကျသော မိတ်ဖက်နိုင်ငံနဲ့ အရေးပါသော မိတ်ဆွေ နိုင်ငံဖြစ်တယ်လို့ ပြောပါတယ်။

ကာမီကာဝါရဲ့ ပြောကြားချက်တွေက တရုတ်ပြည်တွင်းရေးကို စိုးရိမ်စရာ ဝင်ရောက်စွက်ဖက်မှုတစ်ခုလို့ ဂျပန်နိုင်ငံရှိ တရုတ်သံရုံးက ထုတ်ပြန်ချက်တစ်ခုမှာ ပြောကြားလိုက်ပါတယ်။

“တရုတ်နိုင်ငံက ဒီထုတ်ပြန်ချက်ကို စိတ်ပျက်ရကြောင်း ထုတ်ဖော်ပြောကြားပြီး ဂျပန်နိုင်ငံကို ကန့်ကွက် ထားပါတယ်” လို့ တရုတ်သံရုံးက ဆိုပါတယ်။

ကမ္ဘာ့နိုင်ငံအများစုလို ဂျပန်နိုင်ငံဟာ ထိုင်ဝမ်နဲ့ တရားဝင် သံတမန်ဆက်ဆံရေး မရှိပါဘူး။ ဂျပန်နိုင်ငံရဲ့ အမေရိကန်နိုင်ငံနဲ့ မဟာမိတ်ပြုမှုနဲ့အတူ တရုတ်နိုင်ငံနဲ့ မကြာသေးမီက တင်းမာသောဆက်ဆံရေးက ထိုင်ဝမ်နဲ့ နီးကပ်သောဆက်ဆံရေး ဖြစ်လာစေခဲ့ပါတယ်။

“ဂျပန်အစိုးရက ဂျပန်နဲ့ထိုင်ဝမ်ကြား ပူးပေါင်းဆောင်ရွက်မှုနဲ့ အပြန်အလှန်ဖလှယ်မှု ပိုမို တိုးမြှင့်ဖို့ လက် တွဲဆောင်ရွက်မှာဖြစ်ပါတယ်” လို့ ကာမီကာဝါက ထုတ်ပြန်ချက်အတွင်း ပြောပါတယ်။

ဂျပန်နိုင်ငံအနေနဲ့ ထိုင်ဝမ်လွတ်လပ်ရေးအင်အားစုတွေအတွက် မှားယွင်းသော အချက်ပေးမှုတွေ ပေးပို့ တာ ရှောင်ကြဉ်သင့်တယ်လို့လည်း တရုတ်သံရုံးက ပြောပါတယ်။

ထိုင်ဝမ်ရေလက်ကြားတစ်လျှောက် ဆက်ဆံရေးကို ထိန်းသိမ်းမှာဖြစ်ပေမယ့် တရုတ်နိုင်ငံရဲ့ ခြိမ်းခြောက် မှုတွေ၊ အကျပ်ကိုင်မှုတွေကနေ ထိုင်ဝမ်ကို ကာကွယ်စောင့်ရှောက်ဖို့ စိတ်ပိုင်းဖြတ်ထားတယ်လို့ လိုင်ချင်တေးက ပြောပါတယ်။

ထိုင်ဝမ်ရေလက်ကြားတစ်လျှောက် ငြိမ်းချမ်းရေးနဲ့တည်ငြိမ်မှု ဆက်လက်ရရှိဖို့ တောင်ကိုရီးယားနိုင်ငံက မျှော်လင့်တယ်လို့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဉီးကို ကိုးကားပြီး နိုင်ငံပိုင် ယွန် ဟပ်သတင်းဌာနက ဖော်ပြပါတယ်။

“နယ်ပယ်အသီးသီးမှာ ထိုင်ဝမ်နဲ့ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှု ဆက်လက်တိုးမြှင့်ဖို့ ကျွန် တော်တို့ မျှော်လင့်ပါတယ်” လို့ အမည်မဖော်လိုတဲ့ တောင်ကိုရီးယား တာဝန်ရှိသူကို ကိုးကားပြီး ယွန်ဟပ်သတင်း ဌာနက ဆိုပါတယ်။

ကိုးကား – Reuters
Ref; China opposes Japan’s congratulatory message to Taiwan president-elect

#Ayeyarwaddy_Times